Wednesday, February 26, 2014

ပြည်ထောင်စုအစိုးရအဖွဲ့တွင် အမျိုးသမီးကိုးဦးနှင့် အစိုးရဌာနများအတွင်း ၃၆ ရာခိုင်နှုန်းကျော်မှာ ဒုတိယညွှန်ကြားရေးမှူးအထက် အမျိုးသမီး အရာရှိများဖြစ်



ပြည်ထောင်စုအစိုးရအဖွဲ့တွင် အမျိုးသမီး ပြည်ထောင်စုဝန်ကြီး နှစ်ဦး၊အမျိုးသမီး ဒုတိယ၀န်ကြီးအဆင့် ခုနစ်ဦး၊ ပြည်သူ့လွှတ်တော် တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးနှင့် အမျိုးသားလွှတ်တော်တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၏ ပြောကြားချက်အရ သိရသည်။
အစိုးရဌာန၊ အဖွဲ့အစည်း တစ်ရပ်လုံးတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းမှာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ၅၁ ဒသမ ၄၂ ရာခိုင်နှုန်း၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ၅၁ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ၅၂ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

ထို့အပြင် အစိုးရဌာန၊ အဖွဲ့အစည်းများအတွင်း ဒုတိယညွှန်ကြားရေးမှူးအထက် အရာရှိကြီးများ အဆင့်တွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းမှာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ၃၂ ဒသမ ၅၂ ရာခိုင်နှုန်း၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍနှစ်တွင် ၃၆ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ၃၆ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ပြီး ပါဝင်မှု ရာခိုင်နှုန်းများအရ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်နိုင်မှုမှာ တိုးတက်လာကြောင်းလည်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ် အစိုးရဌာန အသီးသီးတွင် အမျိုးသမီးများ လက်ရှိတာဝန်ထမ်းဆောင်မှု အခြေအနေမှာ ပြန်ကြားရေးဝန်ကြီးဌာနတွင် ၅၀ ဒသမ ၄ ရာခိုင်နှုန်း၊ စက်မှုဝန်ကြီးဌာနတွင် ၅၉ ဒသမ ၇ ရာခိုင်နှုန်း၊ အလုပ်သမားဝန်ကြီးဌာနတွင် ၆၇ ဒသမ ၄ ရာခိုင်နှုန်း၊ ကျန်းမာရေးဝန်ကြီးဌာနတွင် ဘွဲ့၊ ဒီပလိုမာ ရထားသူ အမျိုးသမီးဝန်ထမ်း ၈၂ ဒသမ ၇ ရာခိုင်နှုန်း၊ ပညာရေးဝန်ကြီးဌာနတွင် ဆရာမ ၈၃ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် နယ်တရားစီရင်ရေး ဌာနများတွင် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီး ၄၅ ဒသမ ၇ ရာခိုင်နှုန်း၊ ရှေ့နေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီး ၄၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ၀န်ကြီးက ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံရှိ စုစုပေါင်းလူဦးရေ၏ ရာခိုင်နှုန်း ၅၁ ၀န်းကျင်သည် အမျိုးသမီးများဖြစ်ကြောင်း၊ စုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံသည် မျိုးဆက်ပွားနိုင်သည့် အသက်အရွယ် အပိုင်းအခြားတွင်ရှိသော အမျိုးသမီးများဖြစ်ကြောင်းလည်း သမ္မတရုံးဝန်ကြီး၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင် အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေတစ်ရပ်ကို လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Gender Equality Network နှင့်ပူးပေါင်း၍ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်းလည်း ၀န်ကြီး၏ ပြောကြားချက်များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List