Thursday, February 27, 2014

ရုရှား စစ်ရေးလေ့ကျင့်မှုအပေါ် ဗြိတိန်အစိုးရ စိုးရိမ်မကင်းဖြစ်




ရုရှားနိုင်ငံ ကာကွယ်ရေးတပ်တွေစုပေါင်းပြီး ယူကရိန်းနိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ့်ကိစ္စမှာ ဗြိတိန်နိုင်ငံက စိုးရိမ်မကင်းမှုတွေ ဖြစ်နေပါတယ်။

ယူကရိန်းနိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ ရုရှားသမ္မတ Vladimir Putin က ညွန်ကြားလိုက်တာဖြစ်ပြီး ရုရှားအနေနဲ့ စစ်ဖြစ်လာရင် အသင့်ဖြစ်အောင် လေ့ကျင့်တာလို့ ဆိုပါတယ်။
အဲဒီ စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားကာကွယ်ရေးတပ်သား အယောက်ပေါင်း တစ်သိန်းငါးသောင်း ပါဝင်ကြဖို့ ရှိပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေအပေါ် တုန့်ပြန်တဲ့အနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်တာဖြစ်တယ်လို့ ပြောဆိုကြပေမယ့်လည်း ဒီအဆိုကို ရုရှားက ငြင်းပယ်ထားပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Phillip Hammond က ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စဟာ ယူကရိန်းနိုင်ငံ ပြည်တွင်းရေး သာဖြစ်တဲ့အတွက် ယူကရိန်းပြည်သူတွေကိုသာ ပြဿနာဖြေရှင်းခွင့်ပေးသင့်ပြီး ပြင်ပနိုင်ငံတွေ ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ခုလောလောဆယ် ယူကရိန်းနိုင်ငံမှာ ရုရှားနိုင်ငံကို ထောက်ခံတဲ့ အုပ်စုနဲ့ အနောက်တိုင်းနိုင်ငံကို ထောက်ခံတဲ့ အုပ်စုတွေ ကွဲပြားနေပါတယ်။

ဆန္ဒပြမှုတွေကြောင့် အာဏာကနေ ပြုတ်ကျသွားတဲ့ သမ္မတဟောင်း Viktor Yanukovich ကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီး ယာယီအစိုးရသစ်အဖွဲ့ဝင်တွေကတော့ ဆန္ဒပြသမားတွေ စုဝေးနေတဲ့ သပိတ်စခန်းတွေကို သွားရောက်ပြီး ဆန္ဒပြသူတွေနဲ့ ရင်းနှီးမှု ရယူနေပြီ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တချို့ဟာလည်း အစိုးရသစ်လက်ထက်မှာ ဝန်ကြီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရဖို့ရှိနေပြီး ဒီလို ဆန္ဒပြမှုကြီး ဖြစ်ပေါ်အောင် ပထမဆုံး လှုံဆော်စည်းရုံးခဲ့သူ Arseniy Yatsenyuk ကတော့ မေလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲမတိုင်ခင်အထိ ဝန်ကြီးချုပ်ရာထူး ရရှိထားပြီ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List