Wednesday, February 26, 2014

စင်ကာပူ စတော့အိတ်ချိန်းတွင် သွားရောက်စာရင်းဝင်ထားသည့် မြန်မာ လုပ်ငန်းရှင်များနှင့် ဆက်စပ်နေသည့် ကုမ္ပဏီသုံးခုရှိ




မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက်၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းမရှိမီ စင်ကာပူနိုင်ငံ စတော့အိတ်ချိန်းတွင် သွားရောက်စာရင်းဝင်ထားသည့် မြန်မာလုပ်ငန်းရှင်များနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ သုံးခုရှိထားကြောင်း သိရသည်။

“အရင်က မြန်မာတွေက စတော့အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း မရှိခဲ့တော့ စင်ကာပူ စတော့အိတ်ချိန်း SGX မှာ သွားပြီးရင်းနှီး မြှုပ်နှံကြတယ်။ စင်ကာပူစတော့မှာ ပထမဆုံးဝင်ရောက်တဲ့ ကုမ္ပဏီက Yoma Strategic Holdings၊ နောက်တစ်ခုက Aussino၊ နောက်ဆုံးတစ်ခုက စူပါကော်ဖီမစ် ဖြစ်ပါတယ်။ အခု မြန်မာပြည်မှာ စတော့အိတ်ချိန်း ပေါ်ပေါက်ဖို့ လုပ်ဆောင်နေပြီဖြစ်လို့ ကြိုဆိုပါတယ်” ဟု ဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီနီယာအကြံပေးဖြစ်သူ ဒေါက်တာဂျော့ခ်ျစိုးဝင်းက ပြောကြားသည်။

စင်ကာပူတွင် စာရင်းဝင်ထားသည့် Yoma Strategic Holdings ကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အိမ်ခြံ မြေ၊ လယ်ယာစိုက်ပျိုးရေးနှင့် မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော စီးပွားရေးကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။

၎င်းတို့၏ မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် SPA Group နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ် အသီးသီးတွင် လုပ်ကိုင်ရန် လုပ်ငန်းပေါင်းစုံ ကော်ပိုရေးရှင်းအဖြစ် ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာစေရန် လုပ်ဆောင်လျက်ရှိရာ အများပိုင်ကုမ္ပဏီ များမှ စိတ်ဝင်တစား စောင့်ကြည့်မှုများ ရှိလာသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ကို အများပိုင်အဖြစ် ပြောင်းလဲပြီးနောက်တွင် ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင်နိုင်ရေးနှင့် စတော့ရှယ်ယာ ရောင်းချနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများနှင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများအနက် ဈေးကွက်ရင်းနှီးမတည်ငွေ အများဆုံး ကုမ္ပဏီများတွင် စင်ကာပူနိုင်ငံမှ Singtel ကုမ္ပဏီက ထိပ်ဆုံးမှ ဦးဆောင်နေပြီး၊ DBS Group Holdings ကုမ္ပဏီနှင့် Oversea Chinese Banking တို့က နောက်မှလိုက်နေကြောင်း Daiwa Securities ကုမ္ပဏီက ၂ဝ၁၃ ခုနှစ်ကုန်အထိ ပြုစုထားသော စာရင်းအရ သိရသည်။

အရှေ့တောင်အာရှ၏ ဈေးကွက်ရင်းနှီး မ,တည်ငွေ အများဆုံး နိုင်ငံများစာရင်းတွင် အမှတ်စဉ် ၃ဝ အထိ မြန်မာကုမ္ပဏီများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် နောက်ဆုံးထားပြီး ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိပြီး စတော့အိတ်ချိန်း နည်းဥပဒေနှင့် ဆက်စပ်အဖွဲ့အစည်းများ ပေါ်ပေါက်စေရန် လုပ်ဆောင်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List