Tuesday, February 25, 2014

ဝန်ကြီးဌာနနှင့် ကုမ္ပဏီများ သစ်အစားထိုးစိုက်ပျိုးမှု နည်းပါးခြင်းကို ကြပ်မတ်ရန် လွှတ်တော်တင်




အရှေ့တောင်အာရှတွင် သစ်တော ပြုန်းတီးမှု တတိယမြောက်အများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အပါအဝင် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများသည် သစ်တောများ တိုးခုတ်နေသော်လည်း အစားထိုးပြန်လည်စိုက်ပျိုးမှု နည်းပါးနေခြင်းကိုကြပ်ကြပ်မတ်မတ် ထိန်းကွပ်ရန် အစိုးရကို တိုက်တွန်းကြောင်း အမျိုးသား လွှတ်တော် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးရာကော်မတီက လွှတ်တော်သို့ အစီရင် ခံစာတင်သွင်းခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီ၏ ၂၀၁၃-၂၀၁၄ ခုနှစ် တတိယသုံးလပတ်ကုန် အထိ လုပ်ငန်းများဆောင်ရွက်မှုကို အစီရင်ခံ တင်ပြရာတွင် အဆိုပါ သစ်တောရေးရာ ကိစ္စများကိုပါ ထည့်သွင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

သစ်ထုတ်လုပ်မှု ကဏ္ဍ၌ ပြန်လည် အစားထိုးစိုက်ပျိုးမှု များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် သစ်ကုမ္ပဏီများက ပါဝင်ဆောင်ရွက်မှု နည်းပါးခြင်းကြောင့် အောင်မြင်မှု နည်းနေကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးရာ ကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က ပြောကြားသည်။

သစ်တောစိုက်ခင်းများ ထူထောင်ပေးရာတွင် အမည်ခံသက်သက်ဖြင့် လုပ်ဆောင်ခြင်းမပြုဘဲ လက်တွေ့ထိရောက်မှုရှိ မရှိသုံးသပ်ရန် လိုအပ်နေကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် ဆည်မြောင်းနှင့် ရေအားလျှပ်စစ်လုပ်ငန်း တို့၏ ရေလှောင်တမံ စီမံကိန်းများတွင် ရေဝပ်ဧရိယာအတွင်း အပြောင်ရှင်းခြင်း စီမံချက်ဖြင့် မလိုအပ်ဘဲ သစ်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်ခဲ့ သောကြောင့် သစ်တောဖုံးလွှမ်းဧရိယာများ အလွန်အကျွံ လျော့နည်းကျဆင်း ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီ အစီရင်ခံစာ အရသိရသည်။

မြန်မာနိုင်ငံ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ ရပ်ဆိုင်းမည်ဟုကြေညာထားသော်လည်း သစ်အချောထည် ထုတ်လုပ်မှုများကို တိုးမြှင့် တင်ပို့မည်ဖြစ်သောကြောင့် သစ်ထုတ်လုပ်ရေးကို ရပ်ဆိုင်းမည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်ပြောကြားထားသည်။

ထို့အပြင် သစ်ထုတ်လုပ်ရေး ကဏ္ဍတွင်၂၀၀၆ ခုနှစ်မှ အစိုးရသစ် လက်ထက် ၂၀၁၃ ခုနှစ်အထိ သစ်မာတန်ပေါင်း ၇၀၂,၈၉၁ တန်ကို ထုတ်လုပ်ခဲ့ကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List