Wednesday, February 26, 2014

နိုင်ငံရေးပဋိပက္ခ ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ ပြည်တွင်းစစ်သို့ ဆင်းသက်မည့်အန္တရာယ် ကြုံရနိုင်ခြေရှိဟု လုံခြုံရေးနှင့် စစ်တပ် ထိပ်တန်း တာဝန်ရှိသူများ သတိပေး




ကလေးအများအပြား အပါအ၀င် လူ ၂၁ ဦး သေဆုံးခဲ့ရသော နိုင်ငံရေးပဋိပက္ခလှိုင်းလုံး ရိုက်ခတ်ခံခဲ့ ရပြီးနောက် ထိုင်းနိုင်ငံသည် ပြည်တွင်းစစ်သို့ သက်ဆင်းမည့်အန္တရာယ် ကြုံရနိုင်ခြေရှိသည်ဟု လုံခြုံရေးနှင့် စစ်တပ်ထိပ်တန်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေးခဲ့သည်။

ဆန္ဒပြမှု ပျံ့နှံ့ဖြစ်ပွားခဲ့သည့် မြို့တော်ဘန်ကောက်တွင် သေနတ်ဖြင့် ပစ်ခတ်မှုများနှင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်မှုများ နေ့စဉ်နီးပါး ကြုံတွေ့နေရမှုက လေးလနီးပါး ကြာမြင့်လာပြီဖြစ်သည့် နိုင်ငံရေးပဋိပက္ခတွင် နှစ်ဖက်စလုံးက အလျှော့ပေးရန် ငြင်းဆန်နေခြင်းကြောင့် အန္တရာယ်ကြီးမားသော အဆင့်သို့ ရောက်ရှိနေသည်ဟု စိုးရိမ်မှု မြင့်တက်စေခဲ့သည်။ ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ် အစိုးရကို ဖြုတ်ချရန်နှင့် ဘီလျံနှင့်ချီ ချမ်းသာသော ၎င်းတို့မိသားစု၏ ထိုင်းနိုင်ငံရေးတွင် သြဇာလွှမ်းမိုးနေမှုကို ဖယ်ရှားရန် ရည်ရွယ်သော လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဋိပက္ခများအတွင်း လူ ၇၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

အခြေအနေသည် ‘ပြည်တွင်းစစ်သို့ အသွင်ပြောင်းသွား’ နိုင်ကြောင်း အမေရိကန် FBI နှင့် အဆင့်တူသော ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) အကြီးအကဲ တာရစ်ပန်ဒစ်က သတိပေးခဲ့သည်။ နိုင်ငံရေးသဘောထား ကွဲလွဲနေသော အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးသည် ‘ချုပ်တည်းမှုနှင့် စိတ်ရှည်မှု’ ထားရှိကြရန် တိုက်တွန်းခဲ့သည်။

သက်ဆိုင်သူအားလုံးက စည်းမျဉ်းများကို မလေးစားပါက ပြည်တွင်းစစ်ဖြစ်ပွားနိုင်မှုမှာ လုံးဝသေချာကြောင်း ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာကလည်း AFP သို့ SMS ပို့ပြီး ဖြေကြားခဲ့သည်။ “စစ်တပ်သည် နိုင်ငံနှင့် လူထုအတွက် အရာအားလုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး . . . တစ်ဖက်တည်းအတွက် လုပ်ဆောင်မည် မဟုတ်ကြောင်း” ၎င်းကပြောကြားခဲ့သည်။ အစိုးရနှင့် ဆန္ဒပြခေါင်းဆောင်များသည် ‘ထိခိုက်ဆုံးရှုံးမှုများအတွက် တာဝန်ရှိသည်’ ဟုလည်း ၎င်းကရှားပါးသော မိန့်ခွန်းပြောကြားမှုတွင် ပြောကြားခဲ့သည်။

အတိုက်အခံ ဆန္ဒပြသူများသည် စစ်တပ်ကို အာဏာသိမ်းလာစေရန် လှုံ့ဆော်ခဲ့ကြောင်း အစိုးရထောက်ခံသူများက စွပ်စွဲခဲ့သည်။ ထိုင်းစစ်တပ်သည် ယခုအချိန်အထိ နိုင်ငံရေးပဋိပက္ခကို ၀င်ရောက်စွက်ဖက်ခြင်း မပြုသေးပေ။

Ref:AFP
Eleven Media Group

No comments:

Post a Comment

My Blog List