Monday, February 24, 2014

'' ၀ '' တပ်ဖွဲ့ နေပြည်တော် သွားမည်




ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အဖွဲ့ဟာ လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်ကို ပထမဆုံးအကြိမ် သွားရောက်ပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်မှာ ပူးပေါင်း ပါဝင်ဖို့ ရှိနေပါတယ်။

လာမယ် မတ် ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး စည်းရုံးလှုံ့ဆော် ပွဲကို တက်ရောက်ဖို့ နေပြည်တော်ကို သွားရောက်မယ်လို့ ၀ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို နေပြည်တော်ကို ဖိတ်ပါတယ်။ ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက် တဲ့ အခမ်းအနားတခုပါ။ ရက် ၃၀ အလို ကြိုပြီးတော့ လှုံ့ဆော်တဲ့ အခမ်းအနားပေါ့။ သန်းခေါင်စာရင်း ကောက်ဖို့ရာ ဒေသမှာ ကျနော်တို့က သဘောတူပြီးသား၊ လက်ခံပြီးသား၊ ပြင်ဆင်ပြီးသားတွေပဲ။ ကျနော် တို့ဘက်က ခေါင်ဆောင်ပိုင်း ၇ ဦး၊ ၈ ဦးလောက် တက်မယ်။ အဖွဲ့ဝင်တွေနဲ့ ဆိုရင်တော့ ၁၇ ဦး၊ ၁၈ ဦး လောက် ပါလိမ့်မယ်။”

ဝတပ်ဖွဲ့အနေနဲ့ ၅ နှစ်တာကာလအတွင်း နေပြည်တော်ကို ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ အစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေအပါအ၀င် တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွနဲ့လည်း သီးခြား တွေ့ဆုံလိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းမြင့်နဲ့ တာဝန်ရှိသူ ၈ ဦး ၀ တပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ) ဌာနချုပ် ပန်ဆန်းကို ရောက်လာပြီး သန်းခေါင်စာရင်းကိစ္စ လာရောက် ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လာမယ့် မတ် ၃၀ ရက်နေ့က ဧပြီ ၁၀ ရက်ထိ ကောက်ယူဖို့ အစိုးရက စီစဉ်ထားတာ ဖြစ်ပါတယ်။

ဝ ဒေသမှာတော့ သန်ခေါင်စာရင်းကောက်ယူရေးကို လာမယ့် မတ် ၁၅ ရက်နေ့ စတင် ကောက်ယူမှာ ဖြစ်ပြီး အစိုးရဘက်က စေလွှတ်သူတွေနဲ့ ပူးပေါင်း ကောက်ယူမှာဖြစ်တဲ့အတွက် ပြဿနာအခက်အခဲ ကြီးကြီးမားမား မရှိနိုင်ဘူးလို့ ၀တပ်ဖွဲ့ ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့် ၀တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ၀ဒေသမှာ တဘက်နိုင်ငံက တရုတ်နိုင်ငံသားတွေ အများအပြား အမြဲ ၀င်ထွက်သွားလာနေထိုင်နေတဲ့အတွက် တိုင်းရင်းသားဦးရေစာရင်း အမှန်ရဖို့ ခက်တယ်လို့ ပြောပါတယ်။

“တရုတ်-မြန်မာနယ်စပ်မှာ တရုတ်တွေ ၀င်ရောက်မှုက အထူးသဖြင့် ၈၉ နောက်ပိုင်းမှာ တအား များတယ်လေ။ မြန်မာအစိုးရနဲ့ ၀တွေရဲ့ ဆက်ဆံရေးကလည်း သူက အင်မတန်မှ ကောင်းအောင် လုပ်နေတယ်။ ၀ ကို အများကြီး အလိုလိုက်ထားရတာ ရှိတယ်။ အလိုလိုက် ထားတော့ သူတို့ဒေသဆိုင်ရာက ပေးတဲ့ စာရင်းဇယားပေါ် မူတည်ပြီးတော့ သူ့တို့က ကောက်ရမယ် ထင်တယ်၊ ၀ ဘက်က ပေးမယ့် စာရင်းဇယားကိုပဲ အစိုးရက လက်ခံဖို့ ဖြစ်နေတယ်။ အဲဒါဆိုရင်တော့ တိကျတဲ့ တိုင်းရင်းသား သန်းခေါင်စာရင်းအမှန်တော့ ရမယ် မထင်ဘူးဗျ။”

ဝ ဒေသထဲမှာ တိုင်းရင်းသားလူမျိုး စုစုပေါင်း ၁၄ မျိုးလောက် နေထိုင်ပြီး လူဦးရေ ၄ သိန်း ခွဲလောက်ရှိ မယ်လို့ ယူဒဗလျူအက်စ်အေက ခန့်မှန်းထားပါတယ်။

ဝတပ်ဖွဲ့(ယူဒဗလျူအက်စ်အေ)ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ထဲက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်းနဲ့ ပန်ဆန်းစတဲ့ မြို့နယ် ၆ ခုကို အထူးဒေသ ၂ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ဟွေအောမှာ တောင်ပိုင်းတပ်စခန်းပါ တိုးချဲ့ပြီး နေထိုင်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List