Thursday, February 27, 2014

MSF (AZG) အဖွဲ့အား MoU ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောကြား




ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ကိုင်နေသော MSF(AZG) အဖွဲ့အား MoU ဖျက်သိမ်းလိုက် ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂၊ ၂၃ နှင့် ၂၄၊ ၂၅ ရက်တို့တွင် ဆန္ဒထုတ်ဖော်မှုများကို လေးရက်တိုင် ပြုလုပ်ခဲ့ကြကြောင်းနှင့် မောင်တောမြို့နယ် ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့စာသည် ရခိုင်ပြည်နယ်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပျက်ပြားစေရန် ဖြားယောင်းလှုံ့ဆော်သော အဓိပ္ပာယ်ဖော်ဆောင်လျက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခဖြစ်အောင် သွေးထိုးစမ်း ဖန်တီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်သဖြင့် INGO အဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်းမှ ပယ်ဖျက်ရန် MoU သက်တမ်းတိုးခြင်းအား ခွင့်မပြုတော့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းအား Daily Eleven သတင်းစာမှ မေးမြန်းခဲ့ရာ “MSF(AZG) အဖွဲ့နဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကနေ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ရပ်စဲမယ်လို့ သိရတယ်။ MSF (AZG)အဖွဲ့နဲ့ လက်မှတ်ထိုးထားတာက ကျန်းမာရေးဌာန ဖြစ်တာကြောင့် အဲဒီဌာနကနေ လုပ်ပါလိမ့်မယ်။ ပြည်ထဲရေးက တရားဝင် ဆောင်ရွက်ထားတယ် ဆိုတာကို ပြည်နယ်အစိုးရကို တရားဝင် စာပို့ထားပါတယ်။ အဓိကတော့ MoU ရပ်စဲဖို့ပဲဖြစ်တယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ ထွက်သွားရေး ဆန္ဒထုတ်ဖော်မှုများကိုလည်း လေးရက်တိုင် ပြုလုပ်လာသည့်အပြင် ထွက်မသွားမချင်း ဆန္ဒထုတ်ဖော်သွားရန်ရှိကြောင်း၊ MSF (AZG) အဖွဲ့အနေဖြင့် ဘက်လိုက်ဆက်ဆံမှုများ ရခိုင်ပြည်နယ်အတွင်း ပြဿနာများ ထပ်မံဖြစ်ပွားအောင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဒေသခံများက မကျေမနပ် ဖြစ်လာရခြင်း ဖြစ်ကြောင်းလည်း ဆန္ဒပြသူများက ပြောကြားသည်။

“ရခိုင်ပြည်နယ်အတွင်း MSF (AZG)အဖွဲ့ရှိတာဟာ မလိုလားအပ်တဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်အောင် ဖန်တီးနေတယ်လို့ ယူဆတယ်။ ကျွန်မတို့ အခုဆန္ဒထုတ်ဖော်တာဟာလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက်ဖြစ်တယ်။ မထွက်မချင်း ဆန္ဒထုတ်ဖော်သွားမှာပါ။ သူတို့အဖွဲ့ကို ပြည်သူတစ်ရပ်လုံးက လက်မခံဘူး” ဟု ဆန္ဒထုတ်ဖော်သူ ဒေါ်ညိုအေးကဆိုသည်။


Eleven Media Group

No comments:

Post a Comment

My Blog List