Friday, September 20, 2013

၂၀၁၄ အကုန်တွင် ကုမ္ပဏီဥပေဒေသစ်အား ပြဋ္ဌာန်းနိုင်ရန် စီစဉ်

Friday, September 20, 2013
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်အကုန်တွင် ကုမ္ပဏီဥပဒေသစ်အား ပြဋ္ဌာန်းနိုင်ရန်အတွက် စီစဉ်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုအပိုင်းတွင်း တိုးတက်လာရန်နှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများအား အုပ်ချုပ်သည့် နည်းဥပဒေများအားပြင်ဆင်ရန် တို့အား ရည်ရွယ်ကာ ယခုကဲ့သို့ ဥပဒေသစ်ပြဋ္ဌာန်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု Channel News Asia သတင်းတစ်ရပ်က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဥပဒေမှာ ၁၉၁၄ ခုနှစ်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၉၉ နှစ်ကြာသည် အထိ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခြင်းမရှိခဲ့ပေ။ ယင်းအား နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တွင်သိရှိခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအား အားပေးနေသည့်အချိန်တွင် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အပေါ်တွင်လည်း မျက်ကွယ်မပြုရန်လိုအပ်လျက်ရှိသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် ပူးပေါင်းကာကုမ္ပဏီ ဥပဒေအား ပြန်လည်ရေးဆွဲနေခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ဒီဥပဒေကို စောနိုင်သမျှ စောစောပြန်လည် သုံးသပ်ချင်နေတာပါ။ ဒါမှသာ ပိုကောင်းတဲ့ စီးပွားရေး ရပ်ဝန်းတစ်ခု မြန်မာနိုင်ငံမှာ ရှိလာမှာပါ” ဟု မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောကြားလိုက်သည်။
“ကျွန်တော်တို့က အခုအချိန်မှာ မြန်မာနိုင်ငံအတွင်းက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း (SME) တွေကို အားပေးမှုတွေ ပြုလုပ်နေပါတယ်။ ဥပဒေသစ်ကလည်း SME တွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီ အထောက် အပံ့ တစ်ခု ဖြစ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းက SME တွေဟာပုဂ္ဂလိ က ကဏ္ဍအဖြစ်နဲ့သာ လည်ပတ်နေတာပါ။ ဒါကြောင့် ဥပဒေသစ်က SME ကဏ္ဍကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟုလည်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
မြန်မာပြည်တွင်းရှိ ကော်ပိုရေးရှင်းများမှလည်း ဥပဒေသစ်အား ကြိုဆိုလိုက်ကြသည်။ ထို့အပြင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ နောက်ပင်ကျနေသေးသည်ဟုလည်း ပြောကြားလိုက်သည်။
ပြန်လည်သုံးသပ်နေသည့် တရားဥပဒေအနေဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာမည်လည်းဖြစ်သည်။
“ဒီလိုဆောင်ရွက်မှုမျိုး အမှန်တကယ်လိုနေတာပါ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်းမှာ မြန်မာနိုင်ငံ အတွင်းကို ရောက်လာမယ့် ပြည်ပကုမ္ပဏီတွေရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအပေါ်ကိုပဲ အဓိက အာရုံစိုက်နေခဲ့လို့ပါ” ဟု Serge Pun & Associates မှ ဥက္ကဋ္ဌ ဖြစ်သူ Serge Pun က ပြောကြားခဲ့သည်။
“တာဝန်ရှိသူတွေအနေနဲ့ ကုမ္ပဏီဥပဒေကို ပြန်လည်သုံးသပ်ခြင်းနဲ့ မြန်မာကုမ္ပဏီတွေက အမှန်တကယ် ဘယ်လို ကူညီနိုင်မလဲဆိုတာကို ကြည့်ရမယ့် အချိန်ကောင်းလို့ ကျွန်တော်ထင်ပါတယ်။ ကုမ္ပဏီတွေရဲ့ စွမ်းဆောင်ရည်ကို အရင်ထက် ပိုပြီးတော့ မြှင့်တင်နိုင်ချေလည်း ရှိပါတယ်” ဟုလည်း ၎င်းကဆိုသည်။
အစိုးရမှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အာရုံစိုက်နေသည့် အတွက် ဥပဒေသစ်မှာ သေချာပေါက်ပေါ်ထွက်လာမည်ဖြစ်သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး ဦးဝင်းရှိန်ကလည်း “မြန်မာနိုင်ငံရဲ့ တံခါးဖွင့် မူဝါဒက ပုဂ္ဂလိကကဏ္ဍဆိုင်ရာ စီးပွားရေးရပ်ဝန်းကို အများကြီး ပြောင်းလဲသွားစေပါ တယ်။ ဒါ့အပြင် အစိုးရသစ်ကဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအမျိုးမျိုး မှာလည်း ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေ ပိုရသွားပါတယ်” ဟု ပြောကြားလိုက်သည်။
“ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုရပ်ဝန်းနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ စဉ်ဆက်မပြတ် ပါဝင်မှုက မြန်မာနိုင်ငံအတွက် အရေးကြီး ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသားများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၎င်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အကျုံးဝင်သွားမည်ကို ကြောက်ရွံ့သည့်အတွက် ရှောင်ရှားလျက်ရှိသည်။ သို့သော် ထွက်ရှိလာမည့် ဥပဒေသစ်အနေဖြင့် မြန်မာကုမ္ပဏီများအား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် အားပေးနိုင်ခြေရှိသည်။
ဤကဲ့သို့သော အခြေအနေအား ဖန်တီးပေးနိုင်ပါက ပြည်တွင်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အရည်အသွေးများ တိုးတက်လာစေရန် ရင်ဆိုင်နိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ သူများနှင့်လည်း မျှတစွာ ဆက်ဆံနိုင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List