Tuesday, September 17, 2013

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် နှစ်မကုန်မီ အပြီးရေးဆွဲမည်

Tuesday, September 17, 2013
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်စီမံချက်ရေးဆွဲခြင်းကို၂၀၁၃ခုနှစ်မကုန်မီအပြီးရေးဆွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ Barefoot ကောလိပ်မှ နေစွမ်းအင်သုံး မီးလင်းရေး ပညာသင်ကြားပြီး ပြန်ရောက်လာသည့် အမျိုးသမီး ခြောက်ဦးနှင့် တွေ့ဆုံသည့် စက်တင်ဘာ ၁၆ ရက်နေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ အဆိုပါမူဘောင် ရေးဆွဲနေသည့် ကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ ပူးတွဲ လုပ်ဆောင်လျက်ရှိရာ ယင်းစီမံချက်ကို လာမည့်နှစ်လအတွင်း အပြီးသတ် ရေးဆွဲမည်ဖြစ်ပြီး ကျေးလက် ဖွံ့ဖြိုးရေးအတွက် လိုအပ်မည့် ဘဏ္ဍာငွေကို လက်ရှိဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှ အဓိကရယူ သုံးစွဲမည်ဟု ၎င်းကဆိုသည်။
“တကယ်ကောင်းတဲ့စီမံကိန်း ဖြစ်ဖို့အတွက်အချိန်ယူနေတဲ့သဘောပါ။ ရေးဆွဲတဲ့နေရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။ ကျေးလက်မှာလျှပ်စစ်မီးရဖို့အတွက်လည်း တစ်ပြိုင်နက် လုပ်နေပါတယ်” ဟု ၎င်းကရှင်းပြသည်။
ကျေးလက်ဒေသ မီးလင်းရေးနှင့် သောက်သုံးရေ ရရှိရေး ကော်မတီကို စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိတွင် အိမ်ထောင်စု ၂၃၀ မီးလင်းရေး အတွက် နေစွမ်းအင်နည်း ပညာဖြင့် စတင်စီစဉ် ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံ မှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု အတွက် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက်ကျေးလက်ဒေ သဖွံ့ဖြိုးရေး အသုံးစရိတ်သည် ကျပ်သန်း ၇၅,၀၁၅ ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ်သန်း ၇,၂၈၆ ၊ မီးလင်းရေးအတွက် ကျပ်သန်း ၃,၂၀၆ အသုံးပြုမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အစိုးရသက်တမ်း လပေါင်း ၃၀ ဝန်းကျင်သာ ကျန်ရှိသည့် အချိန်တွင် ကျေးလက်နေပြည်သူများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားပြီး နောက် တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် သြဂုတ်လ ၆ ရက်နေ့တွင် အမည်ပြောင်းလဲခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List