Thursday, September 19, 2013

တရုတ်၏ ဖျက်အားပြင်းသော နျူကလီးယားလက်နက်များကို ခုခံကာကွယ် ရန် ဒုံးကျည်များ အိနိ္ဒယက ပိုင်ဆိုင်ရန် ဆန္ဒရှိနေ

Thursday, September 19, 2013
အိနိ္ဒယက တရုတ်၏ ဖျက်အား ပိုပြင်းသော နျူကလီးယားလက်နက်များအား ခုခံကာကွယ်ရန် ဒုံးကျည်များ ပိုင်ဆိုင်ရန်လည်း ဆန္ဒရှိနေကြောင်း စက်တင်ဘာ ၁၈ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
အိနိ္ဒယနိုင်ငံမှာ တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်တိုးတက်လာမှုအား အမီလိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
စက်တင်ဘာ ၁၆ ရက်ကလည်း ဘေကျင်းနှင့် ဥရောပတိုက်ရှိ နေရာတော်တော်များအထိ ပစ်ခတ်နိုင်သည့် နျူကလီးယား ဒုံးကျည်တစ်စင်းအား အိန္ဒိယမှ ဒုတိယအကြိမ်မြောက် စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ရည်ရွယ်သည့် လက်နက်ထုတ်လုပ်ရေးမှာ အောင်မြင်ရန် နီးစပ်နေပြီဖြစ်သည်။ကီလိုမီတာ ၅၀၀၀ အကွာအဝေးထိ ပစ်လွှတ်နိုင်သော Agni-V ဒုံးကျည်မှာ ဘေဂျင်းနှင့် ဥရောပတိုက် နေရာတော်တော်များများသို့ ရောက်ရှိနိုင်သည်။

“စမ်းသပ်မှုကအောင်မြင်ပါတယ်” ဟု ကာကွယ်ရေးဆိုင်ရာ သုတေသနပြုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ ပြောရေးဆိုခွင့်ရှိသူ Ravi Kumar Gupta က ပြောကြားလိုက်သည်။

“ကြိုတင်သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိခဲ့ပါတယ်။ စမ်းသပ်ရေး ရည်ရွယ်ချက်တွေလည်း ပြည့်မီခဲ့ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
အိနိ္ဒယနိုင်ငံအရှေ့ပိုင်းကမ်းခြေ Odisha ရှိ ကျွန်းတစ်ကျွန်းမှ Agni-V ဒုံးကျည်အား ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

The Agni-V မှ အိနိ္ဒယနိုင်ငံအတွင်း စမ်းသပ်ခဲ့သည့် ဒုံးကျည်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည်။ အိန္ဒိယ သည် ယင်းသို့ နျူကလီးယားလက်နက်များ စမ်းသပ်ထုတ်လုပ်ခြင်းအား ၁၉၆၀ နှစ်များတွင် စတင်ခဲ့သည်။

အစောပိုင်းတွင် စမ်းသပ်ထုတ်လုပ်ခဲ့သည့် ဒုံးကျည်များမှာမူ ပါကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသများအထိသာ ရောက်ရှိနိုင်ခဲ့သည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ ပုံမှန်အားဖြင့် နွေးထွေးသည့် ဆက်ဆံမှုရှိသော်လည်း ၎င်းနှစ်နိုင်ငံမှာ ၁၉၆၂ ခုနှစ်တွင် ဟိမ၀န္တာဒေသတွင် စစ်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် နယ်စပ်ပိုင်ဆိုင်မှုအတွက် အငြင်းပွားနသည့် ထိုနေရာတွင် အမြဲတမ်းတပ်ဖွဲ့များ ချထားခဲ့ပြီး ယင်းမှာ တင်းမာမှုများကို ဖြစ်ပွားစေသော အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။

နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသည့် ပါကစ္စတန်နိုင်ငံမှလည်း ၎င်း၏နျူကလီးယားဒုံးကျည်ပိုင်ဆိုင်မှုအား တိုးမြှင့်လျက်ရှိသည်။ ထို့အတူ တာတိုပစ် နျူလက်နက်များကိုလည်း တိုးတက်ထုတ်လုပ်လျက် ရှိသောကြောင့် တောင်အာရှတွင် လက်နက်ပိုင်ဆိုင်မှု ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းအပေါ် စိုးရိမ်မှုများ မြင့်တာလာလျက်ရှိသည်ဟု မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့မှ ပြောကြားလိုက်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List