Tuesday, September 17, 2013

လုပ်သက်ရင့် ပြည်သူ့ဝန်ထမ်းများကို မြေကွက်ပေးရန် မေးခွန်းထုတ်မှု ၀န်ကြီး အဖြေမပေး

Tuesday, September 17, 2013
အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက် ၂၅ နှစ်နှင့်အထက် ၀န်ထမ်းများသို့ အစိုးရက မြေကွက်များပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် မေးမြန်းရာ တိုင်းဆောက်လုပ်ရေးဝန်ကြီးက ယခင် အစိုးရက ပေးခဲ့သည်များကိုသာ ဖြေကြားခဲ့ပြီး လက်ရှိတွင် လုပ်ဆောင်ပေးမည်၊ မပေးမည်ကိုဖြေဆိုသွားခြင်း မရှိပေ။ မေးခွန်းထုတ်သည့် ကမာရွတ်မြို့နယ်မှ တိုင်းအမတ် ဦးမြငွေက “လုပ်သက်ရင့်ဝန်ထမ်းတွေ အငြိမ်းစားသွားတဲ့အခါ ဘ၀နေ၀င်ချိန်လေးမှာ ရင်အေးစေဖို့အတွက် ပေ ၄၀ x ပေ ၆၀ မြေကွက်တွေ ဖော်ထုတ်ပေးရန်” ဟု စက်တင်ဘာ ၁၆ ရက်က တိုင်းလွှတ်တော်တွင် ဆိုသွားခဲ့သည်။အိမ်စောင့်အစိုးရလက်ထက်မှစစ်အစိုးရလက်ထက်အထိ ပြည်သူ့ဝန်ထမ်းများ ကို မြေကွက် များပေးသည့် အစဉ်အလာများရှိခဲ့သဖြင့် လက်ရှိအစိုးရလက်ထက်တွင်လည်း ပြန်လုပ်ပေးရန် ဦးမြငွေက လွှတ်တော်တွင် မေးခွန်းထုတ်ကာ အရေးဆိုရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ဦးမြငွေ၏ မေးခွန်းကို တိုင်းဆောက်လုပ်ရေးဝန်ကြီး ဦးကျော်စိုးက ယခင်အစိုးရလက်ထက် တွင် မြေကွက်ပေါင်း ၉၈,၀၀၀ ကျော်ကို ချထားပေးခဲ့သည်ဟုသာ ဖြေကြားခဲ့ပြီး ယခု အစိုးရ လက်ထက်တွင် မြေကွက်များ ထပ်မံချပေးမည်၊ မပေးမည်ကိုမူ ဖြေကြားသွားခြင်း မရှိပေ။
ဝန်ကြီးဖြေကြားမှုကို ဦးမြငွေက ထပ်ဆင့်မေးခွန်းထုတ်ရာ “ကျွန်တော်မေးတဲ့ မေးခွန်းမှာ ယခင်အစိုးရတွေ ချပေးတဲ့ မြေကွက်တွေ ဘယ်လောက်များလဲလို့ မပါပါဘူး။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရလက်ထက်မှာ ဘယ်လို လုပ်ပေးမလဲ။ ပြည်သူတွေက လိုလားတောင့်တနေတယ်” ဟု ထပ်မံဆို ခဲ့သော်လည်း ပြန်လည် မဖြေကြားခင် နေ့လည် ထမင်းစာချိန်ရောက်သဖြင့် မေးခွန်းမှာ အဆုံးသတ် သွားခဲ့သည်။ဦးမြငွေဆိုခဲ့သကဲ့သို့ လုပ်သက်ရင့် ၀န်ထမ်းများကလည်း အစိုးရ၏ မြေကွက်ချထားပေးမှု ကို မျှော်လင့်လျက်ရှိသည် ဟု ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့တွင် နှစ် ၃၀ ကျော်ကြာ တာဝန် ထမ်းဆောင်နေသည့် မီးသတ်ဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
“ဒီလိုသာ မြေကွက်လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ၀န်ထမ်းလုပ်စားရတာ မြေကွက်လည်း ၀ယ်ဖို့မ လွယ်ဘူးလေ” ဟု အဆိုပါဝန်ထမ်းက ပြောသည်။
ရန်ကုန်မြို့၏ မြေဈေးနှုန်းမှာ အမေရိကန်နိုင်ငံမှ အကွက်အကွင်းကျသည့် မက်ဟက်တန်မြို့မှ မြေဈေး ထက်ပင် ဈေးကြီးနေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် ဘလွန်ဘာ့ဂ်ျသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။
အလားတူပင် အေအက်ဖ်ပီသတင်းဌာနကလည်း စက်တင်ဘာ ဒုတိယပတ်က ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုံတိုးလာပြီးနောက် မြေဈေးများ အဆမတန် တက်လာသဖြင့် နွမ်းပါးသူများ အိုးမဲ့အိမ် မဲ့ဖြစ်လာကြကြောင်း ဖော်ပြခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List