Tuesday, September 17, 2013

၂၀၁၃ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ဟိုက်ဒရို ကလိုရို ဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်း သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ပြောကြား

Tuesday, September 17, 2013
၂၀၁၃ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ဟိုက်ဒရို ကလိုရို ဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်း သွားမည်ဟု စက်တင်ဘာ ၁၆ ရက် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က ပြောကြား ခဲ့သည်။၂၀၁၃ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် သုံးစွဲမှုကို ရပ်ဆိုင်းရန်အတွက် သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးလုပ်ငန်း စီမံကိန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်နှင့် ကုလသမဂ္ဂ စက်မှု ဖွံ့ဖြိုးရေး အဖွဲ့၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီ ယာ အသင်းတို့ ပူးပေါင်းပါဝင်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလကစပြီး ရေးဆွဲခဲ့သည်။ စီမံကိန်းကို ၂၀၁၃ ခုနှစ် မတ်လတွင် ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူ ခွင့်ပြုခဲ့ကြောင်း သိရသည်။ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ''ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အဓိက ပြဿနာတွေကို ကြည့်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထုယိုယွင်းမှု၊ မြေဆီ လွှာပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တာရ ဖြစ်ထွန်းမှုနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးပျောက်ကွယ် မှုတွေပဲ ဖြစ်ပါတယ်။ အိုဇုန်းလွှာ အရေးပါပုံကို ပြောရမယ်ဆိုရင်ဖြင့် အင်မတန် စွမ်းအင်မြင့်မား ဘေး အန္တရာယ်ရှိတဲ့ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် လှိုင်းတွေဟာ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက်အောင် အိုဇုန်းလွှာက စုပ်ယူပေးထား နိုင်တဲ့အတွက် သဘာဝ အကာအရံ တစ်ခုအဖြစ် ကမ္ဘာပေါ်ရှိ သက်ရှိတို့ အတွက် မရှိမဖြစ် လိုအပ်ပါတယ်'' ဟု ပြောကြားသည်။
ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် ပံ့ပိုးမှုနှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပါဝင် ၍ မြန်မာနိုင်ငံတွင် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် အကောင်အထည်ဖော်ရန် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခြင်း အမိန့်(မူကြမ်း) တစ်ရပ် ကို ရေးဆွဲထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေများ ထုတ်ပြန်ပြီးစီးသည့် အခါတွင် အဆိုပါ အမိန့် အား ဆက်လက်ထုတ်ပြန် ဆောင်ရွက်သွားမည် ဖြစ်သည်။
''ကမ္ဘာမြေပြင် အပေါ်မှာ အိုဇုန်းလွှာ ပျက်စီးမှုကြောင့် အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံအထွက် ကျဆင်းမှု၊ အဏ္ဏ၀ါဂေဟစနစ် ပျက်စီးမှုနဲ့ ရုပ်ဝတ္ထု ပစ္စည်းများ ယိုယွင်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဆက်လက် ပြောကြား သည်။
မြန်မာနိုင်ငံတွင် ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန်များ သုံးစွဲမှုကို မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်အရ ၂၀၁၃ ခုနှစ်မှ စပြီး ၂၀၀၉-၂၀၁၀ ပျမ်းမျှသုံးစွဲမှု အခြေခံ သတ်မှတ်ချက်ထက် မကျော်လွန်အောင် ကန့်သတ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ အခြေခံ သတ်မှတ်ချက်မှ ၁၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ် တွင် ၆၇ ဒသမ ၅ ရာခိုင်နှုန်းသို့ အဆင့်ဆင့် လျှော့ချပြီး ၂၀၃၀ ပြည့်နှစ်တွင် လုံးဝရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven media group

No comments:

Post a Comment

My Blog List