Thursday, September 19, 2013

နယူးဇီလန်သံရုံး ရန်ကုန်၌ စတင်ဖွင့်လှစ်

Thursday, September 19, 2013
မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ အကူအညီများ ဆက်တိုက်ပေးအပ်နေသည့် နယူးဇီလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်လိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ယခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံရုံးကို မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေနှင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCullyက ပြောကြားသည်။
“လာမယ့်နှစ် မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ ဝန်ကြီးအဆင့် အရာရှိ အစည်းအဝေးတွေ ရန်ကုန်သံရုံးမှာ အများအပြား လုပ်နိုင်လိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။ နယူးဇီလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို နယ်သာလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွင် ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းနှစ်နိုင်ငံ၏ ပထမဆုံးသံရုံး ပူးတွဲဖွင့်လှစ်ခြင်း ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် မတ်လအတွင်း နယူးဇီလန်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်နိုင်ငံ သဘောတူခဲ့သည်။

၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ကုန်ပစ္စည်း တင်ပို့ခဲ့ကြောင်း နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List