Saturday, August 03, 2013

စနိုးဒန်ကို ရုရှား ခိုလှုံခွင့်ပေးမှု အမေရိက ဒေါသတကြီးတုံ့ပြန်

Saturday, Augest 03, 2013
ထောက်လှမ်းရေးသတင်း အချက်အလက်များ ပေါက်ကြားစေခဲ့သော ဝရမ်းပြေး အက်ဒ်ဝပ်စနိုးဒန် သည် မော်စကို လေဆိပ်အတွင်း ငါးပတ်ကြာ သောင်တင်နေခဲ့ရာမှ ရုရှားအစိုးရက ၎င်းကို ခိုလှုံခွင့် တစ်နှစ်ပေးလိုက်သဖြင့် လေဆိပ်အပြင် ထွက်ခွင့်ရသွားပြီ ဖြစ်ကာ ယင်းသတင်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြ ထားသည်။ အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ၏ကန်ထရိုက် ဝန်ထမ်းဟောင်း စနိုးဒန်အား ခိုလှုံခွင့် ပေးလိုက်သည့် ရုရှား၏ လုပ်ရပ်ကို အကြီးအကျယ် စိတ်ပျက်မိကြောင်း၊ စက်တင်ဘာလတွင် ပြုလုပ်မည့် အမေရိကန်-ရုရှာ ထိပ်သီးဆွေးနွေးပွဲအတွက်လည်းပြန်လည်သုံးသပ်ရန် လိုအပ်လာပြီဖြစ်ကြောင်း အိမ်ဖြူတော် က ပြင်းထန် စွာ တုံ့ပြန်ခဲ့သည်။ အမေရိကန်အစိုးရကကမ္ဘာအနှံ့တယ်လီဖုန်းနှင့်အင်တာနက်မှတ်တမ်းများကို စောင့်ကြည့် ထောက်လှမ်းနေ သည်ဆိုသည့် အချက်များ အပါအဝင် အရေးကြီး ထောက်လှမ်းရေး သတင်းများကို ယူဆောင်သွားသည့် အတွက် အသက် ၃၀ အရွယ် စနိုးဒန်ကို ကြီးလေးသော ပြစ်မှုများဖြင့် တရားစွဲဆို အရေးယူရန် အမေရိကန် အာဏာပိုင်များက လုပ်ဆောင်လျက် ရှိသော်လည်း ရုရှားက ၎င်းနိုင်ငံ ပိုင်နက်ထဲ ရောက်လာသော စနိုးဒန် ကို အမေရိကသို့ ဖမ်းဆီးပို့ဆောင်ပေးရန် ငြင်းဆန်ခဲ့သည်။
စနိုးဒန်သည်လေဆိပ်မှထွက်လာပြီးနောက်အငှားယာဉ်တစ်စီးပေါ်သို့ တက်သွားကာ ဖော်ထုတ်ပြောဆိုခြင်း မရှိထားသော နေရာတစ်ခုသို့ ထွက်သွားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရန် ၎င်း၏ ရှေ့နေကို ထားခဲ့လိုက်သည်။
“စနိုးဒန်ဟာ ရှာယီမက်ယီဗို လေဆိပ်ထဲကနေ ထွက်သွားနိုင်ပါပြီ။ ရုရှားမှာ ယာယီခိုလှုံခွင့် တစ်နှစ်ရရှိ သွားပါပြီ” ဟု ၎င်း၏ရှေ့နေ အနာတိုလီကူချီရီနာက AFP ကိုပြောကြားခဲ့သည်။
နောက်ပိုင်းတွင် wikileaks မှတစ်ဆင့် စနိုးဒန်က ကြေညာချက် ထုတ်ခဲ့ပြီး ၎င်းကို ခိုလှုံခွင့်ပေး သည့်အတွက် ရုရှားကို ကျေးဇူးတင်ကြောင်းနှင့် အမေရိကန်သမ္မတ အိုဘားမား အစိုးရသည် နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်း ဥပဒေများကို လေးစားခြင်း မရှိကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
“ဘယ်လိုပဲဖြစ်ပါစေ နောက်ဆုံးမှာ တရားဥပဒေကပဲ အနိုင်ရမှာ ဖြစ်ပါတယ်” ဟု အက်ဒ်ဝပ်စနိုးဒန် က ပြောကြားသည်။ ၎င်း၏ရှေ့နေ ကူချီရီနာသည် စနိုးဒန်နှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သူဖြစ်ပြီး ရုရှားအစိုးရ ထံ ခိုလှုံခွင့် လျှောက်လွှာတင်ရာတွင်လည်း ကူညီပေးခဲ့သူ ဖြစ်သည်။
မစ္စတာစနိုးဒန် နေထိုင်သည့်နေရာကို လုံခြုံရေး အကြောင်းပြချက်ကြောင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိ ပါကြောင်း ကူချီရီနာက ပြောဆိုသည်။ရုရှားတွင် လူကြိုက်များ အသုံးများသော လူမှုကွန်ရက်မီဒီယာ Vkontakte ကိုတည်ထောင်သူ ပေဗယ်ဒူရော့ဗ်က စနိုးဒန်ကို ၎င်း၏ကုမ္ပဏီတွင် ပရိုဂရမ် ရေးသားသူအဖြစ် လာရောက်အလုပ် လုပ်ကိုင်နိုင်ကြောင်း ကမ်းလှမ်းထားသေးသည်။
ရုရှား၏ စနိုးဒန်ကို လက်ခံလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် စက်တင်ဘာလတွင် ရုရှား-အမေရိကန် ထိပ်သီး ဆွေးနွေးပွဲအတွက် မော်စကိုသို့ အိုဘားမား လာရောက်မည့် အစီအစဉ် ပျက်ပြယ်နိုင်ကြောင်း အိမ်ဖြူတော်က သတိပေးလိုက်သည်။

No comments:

Post a Comment

My Blog List