Thursday, August 01, 2013

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို စင်ကာပူနိုင်ငံ ဆေးရုံတစ်ခုမှ အခမဲ့ခွဲစိတ် ကုသပေးမည်

ခန္ဓာကိုယ် အစိတ်အပိုင်း အလွန်အမင်း ကြီးထွားသော ရောဂါရှိသည်ဟု ယူဆရသည့် အရပ် ၇ ပေ၊ ၁၀ လက်မရှိသော ကိုဝင်းဇော်ဦး၏ ဆေးစစ်ချက် ရလဒ်များ ထွက်လာပြီ ဖြစ်သဖြင့် စင်ကာပူနိုင်ငံ ဆေးရုံ တစ်ခုမှအခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ကိုဝင်းဇော်ဦး၏ဆေးကုသမှုနှင့် ပတ်သက်၍လိုက်လံဆောင် ရွက်ပေးနေသည့် ဒေါက်တာမြတ်သူမင်းက ဇူလိုင် ၃၁ ရက်က Daily Elevenသတင်းစာ သို့ ပြောကြားသည်။ ကုသပေးမည့် ဆေးရုံနှင့် ကုသမည့် အချိန်ကာလကို လောလောဆယ်တွင် တိုင်ပင်ညှိနှိုင်း နေသောကြောင့် မပြောနိုင်သေးကြောင်း သိရှိရသည်။
"ကျွန်တော်တို့ဆီမှာ အခုကိုဝင်းဇော်ဦးရဲ့ စင်ကာပူကို ပို့ထားတဲ့ ဆေးစစ်ချက်တွေ ရထားပြီပါပြီ။ ရလဒ်အရ ခွဲစိတ်ကုသရမယ်ဆိုတော့  စင်ကာပူနိုင်ငံ ဆေးရုံတစ်ခုက ကိုဝင်းဇော်ဦးရဲ့ ခွဲစိတ်ကုသမှုကို အကုန်အကျ ခံမယ်လို့ သိရတယ်" ဟု ဒေါက်တာမြတ်သူမင်းက ပြောကြားသည်။

W-1-8
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာတွင် နေထိုင်သော ကိုဝင်းဇော်ဦးသည် Acromegaly (ခေါ်) ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားသော ရောဂါတစ်မျိုးဟု ယူဆရကြောင်း ဇူလိုင်လဆန်းပိုင်းက ကိုဝင်းဇော်ဦး၏ ဆေးကုသမှုနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပါမောက္ခ ဦးခင်မောင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
အသက် ၃၅ နှစ်ရှိပြီဖြစ်သော ကိုဝင်းဇော်ဦးသည် ချွေးအလွန်ထွက်ခြင်း၊ ဝေးဝေးမသွားနိုင်ခြင်းတို့ ခံစားရကြောင်း သတင်းရရှိသည်။ "သူ့ကို စင်ကာပူနိုင်ငံမှာ ခွဲစိတ်ကုသ ခံယူစေမယ်ဆိုတာ သေချာ ပါတယ်" ဟု ဒေါက်တာမြတ်သူမင်းက ထပ်မံပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List