Thursday, August 01, 2013

ဦးဘရန်ရှောင်အမှု (၁၁) ကြိမ်မြောက် ရုံးချိန်းတွင် ဗိုလ်ကြီးတစ်ဦးအား တရားလိုပြစစ်ဆေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးတွင် သမီးသေဆုံးသည်ကို နိုင်ငံတော်သမ္မတနှင့် လူအခွင့် အရေးကော်မရှင်ထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့သူ ဦးဘရန်ရှောင်အမှု (၁၁) ကြိမ်မြောက် ရုံးချိန်းခဲ့ပြီး မဂျာဆိုင်းအိန်သေဆုံးမှုဖြစ်စဉ်တွင် ပစ်ခတ်မှုများဖြစ်ပွားသော တပ်ရင်းနှင့် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇော်မင်းအား တရားလိုပြ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ကြီးဇော်မင်း၏ စစ်ဆေးခံချက်အရ မိမိတို့တပ်ရင်းမှာ ၎င်းရွာသို့ နံနက် ၄ နာရီတွင် ရောက်ရှိလာပြီး စခန်းချနေကြောင်း၊ ညနေ ၃ နာရီကျော်တွင် ၎င်းရွာမှ ထွက်ခွာလာကြောင်း၊ စစ်ကြောင်းရုံးဖွင့် သည့်နေရာနှင့် ကိုက် ၅၀ အကွာတွင် ပေါက်ကွဲမှုဖြစ်ကြောင်း၊ တပ်ကြပ်တစ်ဦး ကျဆုံးပြီး အရာရှိ အပါအ၀င်သုံးဦးဒဏ်ရာရကြောင်း၊ မိုင်းပေါက်ကွဲမှုအနီးတွင်မရှိဘဲမီးခိုးသာမြင်ရကြောင်း၊ အပစ်အခတ်ဖြစ် ပွားပြီး အခင်းဖြစ်ပွားချိန်တွင် လမ်းမပေါ်တွင် ကျောင်းသား/သူများ၊ အရပ်သားများရှိကြောင်း၊ ဒဏ်ရာရသူ စစ်သားများပြန်ကောက်ချိန်တွင် ဆရာမဆိုသူ တစ်ဦးက မိမိကလေး ဒဏ်ရာရသည်ဆိုပြီး ပွေ့လာကြောင်း၊ ၎င်းကလေးငယ်မည်ကဲ့သို့ဒဏ်ရာရသည်ကိုမသိကြောင်း၊ ဆေးဗိုလ်ကြီးကဆေးထိုး၊ ဆလိုင်းချိတ် လုပ်ကြောင်း၊ မိမိမှာ တာဝန်အရထွက်ခွာလာကြောင်း ထွက်ဆိုခဲ့သည်။ ဦးဘရန်ရှောင်၏ ရှေ့နေဖြစ်သူက ဦးဘရန်ရှောင်၏လူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြားစာကိုဖတ်ပြီးပြီလားဟုမေးရာ မဖတ်ရသေးကြောင်း၊ မိမိတို့ဘက်မှလည်း တပ်ကြပ်တစ်ဦး ကျဆုံးသွားသဖြင့် နစ်နာမှုရှိကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ဦးဘရန်ရှောင်အား ဗိုလ်မှူးဇာနည်မင်းပိုက်က တရားစွဲရခြင်းမှာ တိုက်ပွဲဖြစ်စဉ်တွင် သမီးဖြစ်သူ မဂျာဆိုင်းအိန်အားအကြောင်းမဲ့ပစ်ခတ်သဖြင့်သေဆုံးရခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မ ရှင်သို့မဟုတ်မမှန်တိုင်ကြားခဲ့သည့်အတွက် အရေးယူအမှုဖွင့်ရခြင်းဖြစ်ကြောင်း၊ KIA နှင့် တပ်မတော် တို့ဖြစ်သည့် တိုက်ပွဲကြားရောက်၍ သေဆုံးရခြင်းဖြစ်ကြောင်း အဆိုပါဗိုလ်ကြီးက ပြောကြားသည်။
ဦးဘရန်ရှောင်၏ ရှေ့နေဖြစ်သူက "ဒီနေ့က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးကို စစ်ပါတယ်။ ယခုချိန် ထိတော့ တရားစွဲဆိုရတဲ့ အကြောင်းကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိသေးဘူး။ တရားလိုပြ သက်သေ အနေနှင့် ဆရာဝန်ကို စစ်ရဦးမှာပါ" ဟုဆိုသည်။ ဦးဘရန်ရှောင်သည် ၎င်း၏သမီး သေဆုံးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ စစ်ဌာနချုပ်များ၊ နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ၊ နိုဝင်ဘာလများတွင် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ၎င်းနောက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖားကန့်ဗျူဟာမှူးတစ်ဦးက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားမှုကို အကြောင်းပြုပြီး မမှန်မကန် လိမ်လည်တိုင်ကြားမှု ပုဒ်မ-၂၁၁ဖြင့် တရားစွဲဆိုခဲ့ရာ ယခုအချိန် တွင်  တရားရင်ဆိုင်ခဲ့သည်မှာ နှစ်ဝက်ကျော်ခဲ့ပြီ ဖြစ်သည်။

No comments:

Post a Comment

My Blog List