Thursday, August 01, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးတွင်းကာလ၌ နေ့ဘက်ခိုးမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပွား

Thursday, August 1, 2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် မိုးတွင်းကာလအတွင်း၌ နေ့ခင်းဘက် ခိုးမှုဖြစ်စဉ်များ ပိုမိုဖြစ် ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇူလိုင် ၃၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်း ခိုးမှုပေါင်း ၁၁၃ မှု၊ အနောက်ပိုင်း ခရိုင်တွင် ၁၁၄ မှု၊ တောင်ပိုင်းခရိုင်တွင် ၂၄ မှု၊ မြောက်ပိုင်းခရိုင်တွင် ၅၄မှု စုစုပေါင်း ၃၀၅ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးတွင်းကာလ၌ ဖြစ်ပွားခဲ့သည့် ခိုးမှုဖြစ်စဉ် ၃၀၅ မှု အနက်မှ နေ့ဘက်တွင် ခိုးမှုဖြစ်စဉ် ၁၇၆ မှု ဖြစ်ပွားခဲ့ပြီး ညဘက်ခိုးမှု ၁၂၉ မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှုအများအပြား ဖြစ်ပွားနေမှုကြောင့် နေအိမ်အတွင်း မိမိ၏ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းရန်နှင့် ပတ်ဝန်းကျင် အိမ်နီးနားချင်း စောင့်ရှောက်မှု အားနည်းနေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။
"အနောက်ပိုင်း ခရိုင်အတွင်းမှာ နေအိမ်အတွင်းမှာရှိတဲ့ ပစ္စည်းတွေ အခိုးခံရမှုနဲ့ ယာဉ်လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေ အများအပြား ဖြစ်နေတယ်။ ဒါကြောင့် မြို့နယ်အလိုက် သီးခြားအဖွဲ့တွေ ခွဲပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ယာဉ်လိုင်းပေါ်မှာ ခရီးသည်တစ်ဦးက ခါးပိုက်နှိုက်ခံ နေရတယ်ဆိုတာကို ဘေးလူတွေက မြင်ပေမယ့် ၀ိုင်းဝန်းကူညီမှုတွေလုပ်တာ အရမ်းအားနည်းတယ်။ ရဲစခန်းကို ခိုးမှုနဲ့ပတ်သက်ပြီး လာရောက်တိုင်တန်းတဲ့ အခါမှာလည်း မိမိသိရှိတဲ့ အကြောင်းအရာတွေကို အကုန်မပြောတဲ့အတွက် ဖော်ထုတ်တဲ့အပိုင်းမှာလည်း အခက်အခဲတွေ ဖြစ်တယ်။ အဓိကကတော့ ပြည်သူတွေ အနေနဲ့ သိတာတွေ၊ မြင်တာတွေ၊ မသင်္ကာတာတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးရတာ ပိုလွယ်သွားမှာပါ" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

လှိုင်မြို့နယ် ရဲစခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က "ခိုးမှုဖြစ်စဉ်တွေ အများစု ဖြစ်ပွားရတာက မိမိအိမ်တံခါးကို ဂျက်ဖွင့်ထားတာတွေရယ်၊ သံပန်းတံခါးတွေကို သော့မခတ်ထားခဲ့ဘဲ အပြင်ထွက်သွားတာတွေကြောင့် ခိုးမယ့်သူက အလစ်ကို စောင့်ကြည့်ပြီး ခိုးမှုတွေ ကျူးလွန်တာပါ။ နောက်ပြီး သတိပြုရမှာက နေ့လယ်ဘက် မိုးရွာနေပြီး လူသွားလူလာ ပြတ်နေတယ်ဆိုရင်လည်း အကာအကွယ်ယူပြီး ခိုးမှုတွေ ကျူးလွန်တတ်လို့ ကိုယ့်အိမ်တံခါးကို သေချာသော့ခတ်ပြီးမှ အပြင်ထွက်သင့်ပါတယ်" ဟု ပြောကြားသည်။

ခိုးမှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုများမှာ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ၂၂ မှု၊ ကမာရွတ် မြို့နယ်တွင် ၂၁ မှု၊ လှိုင်သာယာမြို့နယ်တွင် ၁၉ မှု၊ တာမွေတွင် ၁၈ မှု၊ လှိုင်မြို့နယ်တွင် ၁၅ မှု၊ ဗဟန်းမြို့နယ်တွင် ၁၄ မှု၊ မ/ဥက္ကလာပ မြို့နယ်တွင် ၁၃ မှု၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ၁၁ မှု၊ ဒဂုံတောင်မြို့နယ်တွင် ၁၁ မှု၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၁၀ မှုတို့ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List