Thursday, August 01, 2013

နိုင်ငံတော်မှဘတ်ဂျက်ချပေးမှသာ ဘောလုံးကွင်းများ ပြင်နိုင်မည်

Thursday, August 1, 2013
မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်းရှိ အဓိက ဘောလုံးကွင်းတချို့ ပျက်စီးခဲ့သော်လည်းဘောလုံးအဖွဲ့ချုပ်၏ဘဏ္ဍာရေးအခြေအနေကြောင့်ပြင်ဆင်နိုင်မည်မဟုတ်ဘဲ နိုင်ငံတော် အစိုးရအနေဖြင့်ဘတ်ဂျက်ချပေးမှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဈေးကွက် ဒါရိုက်တာ ဦးဆူးအောင်က မဇ်္ဈိမသို့ပြောသည်။ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်းများတွင် ပြိုင်ပွဲများကျင်းပလျက်ရှိပြီး သုဝဏ္ဏကွင်းမှလွဲ၍ကျန်ကွင်းများ၏မြက်ခင်းပြင် အနေ အထားမှာ ဆိုးဆိုးရွားရွား ပျက်စီးမှုများ ဖြစ်ပေါ်နေသည်။
“ကွင်းတွေပျက်နေတယ်ဆိုတာ မိုးတွင်းဆိုတော့ မိုးများတာကြောင့်လည်း ပါတယ်။ အရမ်းဆိုးရွားတဲ့ အနေအထားတော့ မဟုတ်ပါဘူး။အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီ နှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲတွေ ရှိနေတဲ့ အတွက် ငွေကြေးကုန်ကျမှု အရမ်းများနေပါတယ်။ ဒါကြောင့် ကွင်းပြင်ဖို့ ပိုက်ဆံမရှိပါဘူး။ ဘောလုံးကွင်း တစ်ကွင်းပြင်ဖို့ ဆိုတာ သိန်းသုံးထောင်လောက် ကုန်ပါတယ်။ နိုင်ငံတော်က ဘတ်ဂျက်ချပေးမှပဲ ရမယ်။ မဟုတ်ရင်တော့ ဒီနှစ်ထဲမှာ ကွင်းပြင်ဖို့ မရှိပါဘူး” ဟုဦးဆူးအောင်က ဆိုသည်။မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံးဘောလုံးကွင်းဖြစ်သည့် အောင်ဆန်းကွင်းမှာ ဆီးဂိမ်းပြိုင်ပွဲ အပါအ၀င် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ လက်ခံကျင်းပခဲ့ဖူးသော်လည်း ယခုအခါ ကွင်းမြက်ခင်းပြင် အနေအထား မှာ အသစ်လဲလှယ်ရန် လိုအပ်နေကြောင်း ဦးဆူးအောင်က ဆက်လက် ပြောကြားသည်။
“အောင်ဆန်းကွင်းက အသေးစားပြင်ဆင်မှုတွေလုပ်တာပဲရှိတယ်။ ကွင်းမျက်နှာပြင်ကို သဲတွေနဲ့ဖို့ ထားတော့ မိုးများတဲ့ အချိန်မှာ နုန်းပုံစံမျိုး ဖြစ်နေတယ်။ ကွင်းမြက်ခင်းက အသစ်လဲဖို့ လိုနေပါပြီ” ဟု ၎င်း က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List