Monday, July 29, 2013

ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းလိုင်းချို့ယွင်းမှု ရက်ပေါင်း ၂၀ အတွင်း ပြန်ကောင်းနိုင်မည်

Monday, July 29, 2013
ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုရက် ၂၀ ကျော် ဝန်းကျင် တွင်လည်း ပြန်လည်ကောင်းမွန်နိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆက်ကြောင်းချို့ယွင်းမှု ပြုပြင်ရန် ခန့်မှန်းကြာမြင့်ချိန် ၁ လခန့်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။ “တစ်လက အများဆုံး ကြာမြင့်ချိန်ကို သတ်မှတ်ထားတာဖြစ်ပါတယ်။ ရက် ၂၀၊ ၂၅ ရက် ဝန်းကျင်နဲ့လည်း ကောင်းသွားနိုင်တယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ချို့ယွင်းမှုမှာ ၂၀၁၁ ခုနှစ်ကလည်း ဖြစ်ဖူးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိ ချို့ယွင်းမှုအား ပြုပြင်ရန်အတွက် စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံက (SEA-ME- WE 3) အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် ချို့ယွင်းမှုဖြစ်ပေါ်လာ ရင် ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ရှိရာကို လှမ်းအကြောင်းကြားရတာဖြစ်ပါတယ်။ ဆက်ကြောင်းချို့ယွင်းတဲ့နေရာ၊ ဆက်ကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက် အစရှိတာတွေကို ပေးပို့ပြီး ဒီက ပေးပို့ချက်ကို ပြုပြင် ထိန်းသိမ်းရေးအဖွဲ့က လက်ခံရရှိပြီး လာရောက်ပြုပြင်ပေးမှာ ဖြစ်ပါ တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆောင်ရွက် သွားမည် ဖြစ်သည်ဟုဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းများနှင့် အဓိက ချိတ်ဆက်ထားသော ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် ၂၀၁၃ ခုနှစ် ၇ လပိုင်း ၂၂ ရက် ညနေ ၅ နာရီခန့်တွင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။
“လိုင်းကမကောင်းတော့ ဒီဇိုင်းတွေဆွဲဖို့အတွက် Resource တွေ ရှာလို့မရဘူး။ Google က Jquery cdn တွေတောင် မတက်ချင်ဘူး။ ဒီဇိုင်းမပြီးတော့ Customer နဲ့ ရှင်းရတာပေါ့ဗျာ။ ပြီးတဲ့ ဒီဇိုင်းကျတော့လည်း Mail ပို့ဖို့ကလည်း Upload လုပ်ဖို့ခက်တယ်။ Customer ရှိတဲ့ဆီ သွားပြတဲ့အတွက် အချိန်လည်း ကြန့်ကြာတယ်။ Customer တွေလည်း Mail နဲ့ပို့လို့ရမယ့် Data တွေကို လိုင်းမကောင်းတဲ့အတွက် လူကိုယ်တိုင်လာပို့ရတဲ့ အတွက် အချိန်ကုန်ပြီးလူပင်ပန်းတယ်” ဟု Web Designer တစ်ဦးဖြစ်သည့် ကိုဟိန်းထက်ဆွေက ပြောကြားသည်။ အဆိုပါဆက်ကြောင်းက ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြားတယ်လီဖုန်း အဝင်/ အထွက်ခေါ်ဆိုမှုများ လုံးဝ ပြတ်တောက်ခြင်း မရှိစေရန် ကုန်းတွင်း နယ်စပ်ဖြတ်ကျော်ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို့ယွင်းမှုသည် ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်တွင် ဖြစ်နိုင်သည်ဟု တိုင်းတာတွေ့ရှိရကြောင်း၊ ၎င်းချို့ယွင်းမှုအား စင်ကာပူနိုင်ငံ အခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင်ရန် ခန့်မှန်းကြာမြင့်ချိန်မှာ တစ်လခန့် ဖြစ်ကြောင်း၊ ပြုပြင် ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အသိပေး ကြေညာခဲ့သည်။

Internet Journal

No comments:

Post a Comment

My Blog List