Sunday, July 28, 2013

ဒေါင်းယောင်ဆောင်သော ကျီးများ မဖြစ်စေလိုပါ(ဆောင်းပါး)

 မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ၆၅ နှစ်ကျော်ခဲ့ပါပြီ။ ယနေ့တိုင် စစ်မှန်သော ငြိမ်းချမ်းရေး ပန်းတိုင် ကို အရောက် မလှမ်းနိုင်သေးတာကို တွေ့နေရပါသေးတယ်။ ဘာကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရခဲ့ သလဲဆိုလျှင် ပြည်သူအားလုံး၏ အကျိုးစီးပွားများကို ဦးစားမပေးဘဲ ကိုယ်ကျိုးအတ္တတွေနဲ့ အကျိုး စီးပွားတွေကို ဦးစားပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းတွေကြည့်ပြီး ဘယ်သူ၊ ဘယ်ဝါကြောင့် ရယ်လို့ ယနေ့အချိန်မှာ အပြစ်တင် ပြောဆိုနေမဲ့အစား ရှေ့ဆက်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးပန်းတိုင်ကို ဘယ်လို ချီတက်ကြမလဲဆိုတာကို စားပွဲဝိုင်း မှာ ညှိနှိုင်းအဖြေရှာဖို့ လိုပါတယ်။ ဒီလို အဖြေရှာမယ်ဆိုရင်လဲ တစ်ဖက်နဲ့ တစ်ဖက် မျှမျှတတ အပေးအယူ လုပ်ဖို့လိုပါမယ်။ တစ်ထိုင်တည်း ကိုယ်လိုချင်တာတွေ ချည်း တောင်းလို့မရနိုင်ပါဘူး။ တဖြည်းဖြည်းချင်း တောင်းယူမှ ရပါမယ်။ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းတာ (၂)နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။
ဒီမိုကရေစီထွန်းကားတဲ့ အနောက်နိုင်ငံကြီးတွေလိုတော့ အရာအားလုံး မရနိုင်သေးပါဘူး။ ဒီလိုမရ ရကောင်းလား ဆိုပြီး ထိပ်တိုက်တွေ့နေမယ်ဆိုရင်တော့ နောက်ကြောင်းပြန်လှည့်သွားလျှင် ပြည်သူတွေပဲ ဒုက္ခတွေ ခံစားရ မှာ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ လူ့အဖွဲ့အစည်းအသီးသီးရဲ့ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေအနေနဲ့ ပြည်သူ့အကျိုးကို ရှေ့တန်းတင်ဖို့ ပြီးခဲ့တဲ့အတိတ် သမိုင်းကြောင်းတွေကိုအာဃာတတရားမထားဘဲမေ့ပျောက်ဖို့လိုသလိုကိုယ်ကျိုးအတ္တများကို ရှေ့တန်းမတင် ဘဲ အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နိုင်ဖို့ ပြည်သူတွေအတွက် အပေး အယူညီမျှစွာဖြင့် ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဒီနေ့ခေတ် မြန်မာနိုင်ငံရှိ ပြည်သူအများစုသည် ၈၈ ခုနှစ် တုန်းက ပြည်သူတွေမဟုတ်တော့ပါဘူး။ တိုင်းရင်းသားခေါင်းဆောင်တွေ အဖွဲ့အစည်းအသီးသီး ရဲ့ခေါင်းဆောင်တွေ နိုင်ငံ့ခေါင်းဆောင်တွေ ဦးစီးပြီး လုပ်ကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ တံခါး ပိတ်ဆွေးနွေးပွဲတွေ မီဒီယာတွေမှာ ပြောဆိုတဲ့စကားအပြောအဆို အသုံးအနှုန်းတွေကို ကြည့်ပြီးတော့ ယနေ့ မြန်မာပြည်ထဲက ပြည်သူတွေ ဘယ်တိုင်းရင်းသား ဘယ်အဖွဲ့အစည်းက တိုင်းပြည်အပေါ်စေတနာ မှန်မမှန်ဆိုတာ မှန်းလို့ရနေပါပြီ။ ပြည်သူက တင်မြှောက်လိုက်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေ အနေ နဲ့ ပြည်သူ့အကျိုးကို အစဉ်အမြဲကြည့်ရှုရမှာဖြစ်ပြီး ပြည်သူ့အကျိုး ထိပါးနှောက်ယှက်လာနိုင်မယ့် အန္တရာယ်တွေကိုလည်း ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား တွန်းလှန်ရမှာပဲဖြစ်ပါတယ်။ တိုင်းရင်း သားခေါင်းဆောင်တွေ အနေနဲ့ ယနေ့ခေတ်မှာ ကျယ်ကျယ်လောင်လောင်အော်နေတာကတော့ ဖက်ဒ ရယ်မူပဲဖြစ်ပါတယ်။ ခုလိုအော်နေတဲ့ ဖက်ဒရယ်မူသမားတွေအနေနဲ့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့် ဖို့လိုပါမယ်။ ကျွန်တော်တွေ့သလောက်ပြောရရင် တိုင်းရင်းသားဒေသတွေမှရှိတဲ့ ပြည်သူတွေအအနေ နဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေဟာ တိုင်းရင်းသားပြည်သူအားလုံး၏ ဘုံပိုင် နယ်မြေလို့ ယူဆသူမတွေ့ရပါဘူး။ ကရင်ဆိုလည်း ကရင်ပြည်သည် သူတို့ပြည်နယ်၊ ရှမ်းလည်း ရှမ်းပြည် နယ်ဆိုတာ သူတို့ပြည်နယ်ဘဲ စသဖြင့် သတ်မှတ်ထားတာပဲ ရှိပါသေးတယ်။ ဒီလိုမျိုးအတွေးအခေါ်နဲ့ စိတ်ဓာတ်ကိုသာမပြောင်းလဲနိုင်ဘူးဆိုရင် ဖယ်ဒရယ်မူဆိုတာကို ဘယ်လို သွားကြမလဲ။ အမိနိုင်ငံတော် အတွက်ရင်လေးမိပါတယ်။ နိုင်ငံတ၀ှန်းမှာရှိတဲ့ပြည်နယ်တိုင်းဒေသကြီးတွေဟာ တိုင်းရင်းသား အားလုံး၏ ဘုံပိုင်နယ်မြေဟု သတ်မှတ်ယူဆလာသည့်တစ်နေ့နှင့် တိုင်းရင်းသားအချင်းချင်းမျှဝေရ မယ်ဆိုတဲ့ စိတ် ဓာတ်တွေ ဖြစ်ထွန်းလာမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိမယ်လို့ ထင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းအသီးသီး ၏ခေါင်းဆောင် တွေအနေနဲ့ အများအကျိုးအတွက်ဆိုလျှင် ရိုးရိုးသားသားပြောဆိုလုပ်ကိုင်သွားနိုင် မှာဖြစ်သလို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ကျွဲခတ်ရာမြေဇာပင်ပြည် သူတွေ မဖြစ်စေလိုပါဘူး။  ခေါင်းဆောင် အသီးသီး အနေဖြင့် ကိုယ်ရိုးသား၏ မရိုးသား၏ဆိုတာ ကိုယ် ကိုယ်တိုင်အသိဆုံးပဲဖြစ်မှာပါ။ အများပြည်သူရဲ့ လေးစားမှုကိုရဖို့ထက် ကိုယ့်ကိုယ်ကိုလေးစားနိုင်ဖို့ကပို အရေးကြီးပါတယ်။အများပြည်သူရဲ့လေးစားမှုကိုရဖို့အတွက် ဒေါင်းယောင်ဆောင်သော ကျီးများ မဖြစ်စေ လိုကြောင်း တိုက်တွန်းပြောကြား လိုက်ရပါတယ်။
ထွန်းဝင်း(မုဒုံ)

No comments:

Post a Comment

My Blog List