Saturday, August 03, 2013

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကန့်သတ်ချုပ်ချယ်သည့် ဥပဒေ ဖြစ်နေ၍ အသစ်ပြန်လည် ရေးဆွဲရန်နှင့် လက်ရှိဥပဒေကြမ်းအား လွှတ်တော်တွင် ဆွေးနွေးမှု ဆိုင်းငံ့ရန် တောင်းဆို

ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းမှာ အရပ်ဘက် လူ့အဖွဲ့အစည်း များကို ကန့်သတ် ချုပ်ချယ်သည့် ဥပဒေ ဖြစ်နေသဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရေးဆွဲသော ဥပဒေသစ်ထပ်မံရေးဆွဲပေးရန်နှင့် လက်ရှိတင်ပြထားသည့် ဥပဒေကြမ်းအား လွှတ်တော်လုပ်ထုံး လုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း လုပ်ငန်းစဉ်များအား ရပ်ဆိုင်းပေးရန် အရပ်ဘက်အဖွဲ့ အစည်း ၅၀ ကျော်မှ တောင်းဆိုလိုက်သည်။
အရပ်ဘက် လူ့အဖွဲ့အစည်း ၅၀ ကျော်၏ ထုတ်ပြန်ချက်တွင် အဆိုပါ ဥပဒေကြမ်းမှာ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်များကို ချိုးဖောက်ထား သည့်အပြင် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် ပါဝင်လုပ်ဆောင်နေသော အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ် ထားသည့်အပြင် အဆိုပါ ဥပဒေ အတည်ပြုချိန် မှစ၍ နိုင်ငံ အတွင်း လှုပ်ရှားနေသည့် အရပ်ဘက် လူ့အဖွဲ့အစည်း အများစုမှာ တရားမ၀င်သော အဖွဲ့အစည်းများ ဖြစ် သွားနိုင်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ ဥပဒေကြမ်းအား အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ သဘောဆန္ဒမပါဝင်ဘဲ အတည်ပြု မည်ဆိုပါက လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အာဆီယံ လူထုညီလာခံ ဦးဆောင် ကျင်းပရေး လုပ်ငန်းစဉ်များအပြင် နိုင်ငံတကာနှင့် ဆက်နွယ်သည့် အစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
''နိုင်ငံတော်တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်း စဉ်တွေမှာဆိုရင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကအရေးအပါဆုံးပါ။ ဒီလို အရေးပါတဲ့ အဖွဲ့တွေက ဥပဒေ အတည်ပြုတာနဲ့ တရားမ၀င်အဖွဲ့အစည်း ဖြစ်သွားမယ်။ ပြည်သူအားလုံးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ဒီဥပဒေကြမ်းက နိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို လုပ်ဆောင်နေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ကာကွယ်ပေးတဲ့ ဥပဒေဖြစ်မှပဲ မြန်မာနိုင်ငံရဲ့ ဒီမို ကရေစီရေးကိုအောင်မြင်အောင် လုပ်ဆောင်နိုင်မှာပါ'' ဟု အဆိုပါ ထုတ်ပြန်ချက်အား ဦးဆောင် ထုတ်ပြန်ခဲ့သည့် ဖွံ့ဖြိုးရေး မဏ္ဍိုင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် နောက်ကြောင်းပြန် အာဏာသိမ်းယူမှု မဖြစ်ပေါ်ရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လုပ်ဆောင်မှု အား မြှင့်တင်ပေး ရန် နိုင်ငံတကာ အဖွဲ့အစည်းများ ပညာရှင်များမှ ထောက်ပြနေသော်လည်း လက်ရှိကာလအထိ အရပ် ဘက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လုပ်ဆောင်မှု အခန်းကဏ္ဍများမှာ ကန့်သတ်မှုများဖြင့် ကြုံနေရ ဆဲဖြစ်သည်။
ပြည်သူများ လေ့လာသိရှိ အကြံပြုရန် ဟုဆိုကာ ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းပါ အချက်များ ဖြစ်သည့် အခန်း (၃) ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၅ ပါ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အခန်း (၄) ပြည်တွင်း အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုခြင်း အခန်းပါ ပုဒ်မများ၊ အခန်း (၇) အသင်း အဖွဲ့များ၏ သက်တမ်းနှင့် သက်တမ်းတိုးမြှင့်ခြင်း အခန်းပါ ပုဒ်မများ၊ အခန်း (၈) ၏ တားမြစ်ချက်များပါ ပုဒ်မများနှင့် အခန်း (၉) ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့်အခန်းများမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် အချက်များသာ ဖြစ်နေကြောင်း သိရသည်။

No comments:

Post a Comment

My Blog List