Friday, September 14, 2012

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းသို့ ဆက်သွယ် မေးမြန်းချက်

Friday, September 14, 2012

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ (ဦး)ဖိုးသံချောင်း
ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ ကျန်းမာရေး သတင်းနှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် သတင်းများကို ဗီအိုအေ၊ အာ(ရ)အက်(ဖ)အေ အသံလွှင့်ဌာနများမှ ကြားသိရသည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဖိုးသံချောင်းကို မြန်မာ အင်ဒီပဲန်ဒင့် ဂျာနယ် မှ အီးမေး(လ)ဖြင့် မေးမြန်းခဲ့ပါသည်။ ဖိုးသံချောင်း၏ ဖြေကြားချက်များမှ အချို့ကို စာဖတ် ပရိသတ်များ ဖတ်ရှု အကဲခတ်နိုင်ရန် ကောက်နုတ် ဖော်ပြ လိုက်ပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ (ဦး)ဖိုးသံချောင်းမေး- မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်အနေနဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်ပူ ပန်မိပါတယ်။ ကျန်းမာရေး အခြေအနေ အလားအလာကို ဆေးပညာအရ ဘယ်လို ခန့်မှန်းမိသလဲ ဆိုတာ သိလိုပါတယ်။ဖြေ- သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အသံလွှင့်ဌာနတွေရဲ့ အင်တာဗျူးတွေမှာ ရဲဘော်လှကျော်ဇော ပြောထား တာတွေက အပြည့်စုံဆုံးပါ။ ကျွန်တော်က ဆေးပညာ ဗဟုသုတ နည်းပါတယ်။ အသက်ကြီးလို့ အသီးမှည့်တဲ့ အချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဓမ္မတာအတိုင်း ရောဂါစုံ ဝင်ပါတယ်။ အထူးသဖြင့် အဆုတ် ပြဿနာ လို့ပဲ နားလည်မိပါတယ်။

မေး- မြန်မာအစိုးရအနေနဲ့ ဗိုလ်ချုပ် ကျော်ဇောကို ရဲဘောသုံးကျိပ်ဝင် တစ်ဦးအနေနဲ့ တိုင်းပြည်ကို ပြန်လာဖို့ ဒေါက်တာ လှကျော်ဇောဆီကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သမ္မတ ကိုယ်စား ဖုန်းဆက် ပြောကြားတယ် လို့ ကြားရပါတယ်။ ဖိတ်ကြားမှုဟာ ပုဂ္ဂိုလ်ရေးအရ သက်သက်လား၊ နိုင်ငံရေးအရ ပါ ပါသလားဆိုတာ သိလိုပါတယ်။ဖြေ- ကျွန်တော့်အမြင်အရတော့ အစိုးရဟာ နိုင်ငံရေးအရ လက်ဦးကွက် တစ်ကွက် ယူလိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရ အဆက်ဆက်ဟာ ဗိုလ်ချုပ် ကျော်ဇောကို တစ်လျှောက်လုံး ဖုတ်လေတဲ့ ငါးပိ ရှိလေတယ် မထင်ဟန် လုပ်ခဲ့ရုံမက သူနဲ့ပတ်သက်တဲ့ သမိုင်းတွေကိုပါ ပြင်တာ။ ပိတ်ပင်တာတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ မမေ့ပါ ဘူး။ သူတို့ဟာ ပြည်သူ လူထုထဲမှာ ဩဇာကြီးလှတဲ့ ဗိုလ်ချုပ်ကျော်ဇော ပါးစပ်က ထွက်မယ့်စကားကို ကြောက်ကြပါတယ်။ ဒါကြောင့် သူလုပ်နိုင်၊ ကိုင်နိုင်၊ ပြောနိုင်၊ ဆိုနိုင်နေတုန်းက သူ့ကို ပေယျာလကန် လုပ်ထားခဲ့ကြပြီး အခုကျမှ သူတို့ နာမည်ကောင်း ရအောင် ပြည်တွင်းကို ပြန်လာဖို့ ဖိတ်ခေါ်တယ်လို့ လုပ်ကြတာပါ။ ပြည်ပမှာ သူ့သားသမီး သုံးယောက် ရှိတာကို ၂ ယောက်ထဲပဲ ပြန်လာခွင့်ပြုတာကို ကြည့်ရင်လည်း ဒါဟာနိုင်ငံရေး အဓိပ္ပာယ် အပြည့်ရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်။

မေး- ဒေါ်လှကျော်ဇောရဲ့ စကားအရ ဗ.က.ပ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် ပါတီနဲ့ တိုင်ပင်ပြီးမှ အကြောင်းပြန်မယ် လို့ သိရပါတယ်။ ပါတီရဲ့ သဘောထားကို သိပါရစေ။ဖြေ- ကျွန်တော်တို့ ပါတီအနေနဲ့ သူတို့မိသားစုကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။ ရဲဘော် လှကျော်ဇောဟာ ပါတီနဲ့အတူ အခက်အခဲများစွာ ဖြတ်သန်းလာခဲ့သူမို့ သူ့ရပ်တည်ချက်ကို ပါတီက ယုံကြည်ပါတယ်။ နာခံခိုင်းတာ လုပ်ဖို့ မလိုပါဘူး။မေး- ပါတီ ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ဖိတ်ခေါ်မှုကို ဘယ်လို သဘောထားပါသလဲ။ ပါတီအနေနဲ့ ဖိတ်ခေါ်မှု ပြုလုပ်သင့်တယ် လို့ ယူဆပါသလား။ ဖိတ်ခေါ်ခဲ့ရင် ဘယ်လိုတုံ့ပြန်ဖို့ သဘောထားရှိပါသလဲ။
ဖြေ- အစိုးရအနေနဲ့ အဖွဲ့အစည်းထဲက တစ်ဦးချင်းကို ဖဲ့ဆွေးနွေးတာတွေ လုပ်ပါတယ်။ ကျွန်တော်တို့ ပါတီက လူကို လုပ်တာလည်း ရှိပါတယ်။ ဒါဟာ ထောက်လှမ်းရေး လုပ်ဟန် ဖြစ်ပါတယ်။ သိက္ခာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်၊ အစိုးရတစ်ရပ်ရဲ့ လုပ်ဟန် မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါမျိုးတွေကို ကျွန်တော်တို့ ရဲဘော်တွေက မတုံ့ပြန်ပါဘူး။

မေး- အမျိုးသား ညီညွတ်ရေးအတွက် လက်ရှိအစိုးရကို ဘာတွေလုပ်ဖို့ တိုက်တွန်းလိုပါသလဲ။ဖြေ- စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်ဘဲနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး မရှိနိုင်ဘူး ဆိုတာ အထူးပြောစရာ မလိုဘူး ထင်ပါတယ်။ အမျိုးသား စည်းလုံး ညီညွတ်ရေး မရှိရင်လည်း အချိန်မရွေး စစ် ဖြစ်နိုင်ပါတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ပြည်တွင်းစစ်ဟာ အုပ်စိုးသူတွေဘက်က အကြမ်းဖက် ဖိနှိပ်ရာက နေစခဲ့တာပါ။ အဲဒီလို လုပ်ဟန်တွေ၊ အာဏာသိမ်းဖို့ အခွင့်အာဏာကို အသိအမှတ်ပြု ထားတာတွေ ရှိနေသ ရွေ့ ပြည်တွင်းစစ် အပြတ်ချုပ်ငြိမ်းဖို့အတွက် အာမခံချက် မရှိနိုင်ပါဘူး။မေး- အမျိုးသား ညီညွတ်ရေးအတွက် ပါတီရဲ့ လုပ်ငန်းစဉ် အကြမ်းကို သိလိုပါတယ်။ဖြေ- အမျိုးသား ညီညွတ်ရေးအတွက် အဓိက လိုအပ်တာဟာ ဒီမိုကရေစီ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား တန်းတူရေး ဖြစ်ပါတယ်။ ဒီသုံးခု အထဲမှာ ဒီမိုကရေစီက အဓိက အကျဆုံးပါ။ ဒီအခြေခံပေါ်မှာ ကျန်တဲ့ နှစ်ခုကို တည်ဆောက်ရတာပါ။ ဒါပေမယ့် ပြည်သူလူထုက အပ်နှင်းတာ မဟုတ်ဘဲ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်မယ်” လို့ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုးဟာ ဒီမိုကရေစီကို အာမ မခံနိုင်ပါဘူး။ ဒါကြောင့် အမျိုးသား ညီညွတ်ရေး အတွက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အဲဒီဥပဒေကို အကာအကွယ် ပေးနေတဲ့ စစ်အာဏာရှင်စနစ် မရှိဖို့အတွက် လုံးပမ်း ကြရပါမယ်။ အဲဒီရည်ရွယ်ချက် အတွက် တက်ြွကတဲ့အင်အားစုမှန် သမျှနဲ့ စည်းလုံးရပါမယ်။ အမျိုး သားညီညွတ်ရေးအတွက် ညီညွတ်တဲ့ အင်အားစုကြီး တစ်ရပ် တည်ဆောက် ရပါမယ်။ ဒါဟာ အဖွဲ့အစည်း သဏ္ဌာန်နဲ့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်သန်ရာသန်ရာ နယ်ပယ်ကနေ လှုပ်ရှားကြ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာက လူထုကြီး ပါဝင်မှ ရမှာပါ။ လူထုကို အခြေခံ၊ လူထုနဲ့ အတူ ချီတက်ကြရပါမယ်။

မေး- ပြည်သူလူထုကို ဘာသတင်းစကားများ ပေးလိုပါသလဲ။ အခြား နိုင်ငံရေး အင်အားစုများကိုရော ဘာပြောလို ပါသလဲ။ ပြောလိုတာ ရှိသေးရင် ပြောကြားပေးပါ။
ဖြေ- ဗိုလ်ခင်ညွန့်က ကျွန်တော်တို့ ကို ဒေသတစ်ခုပေးပြီး “ငြိမ်းအဖွဲ့” လုပ်ဖို့ တိုးတိုးတိတ်တိတ် ကမ်းလှမ်း  ခဲ့တုန်းက ကျွန်တော်တို့က (၁) နှစ်ဖက် လျှို့ဝှက်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ (၂) ဗမာပြည်တွင်းမှာပဲ တွေ့ဖို့၊ တွေ့ကြမှ နှစ်ဖက် စိတ်ဝင်စားတဲ့ ပြည်တွင်းရေး ကိစ္စများကို တင်ပြဖို့၊ (၃) တွေ့ဆုံဆွေးနွေးတာကို လျှို့ ဝှက်ထားဖို့၊ နှစ်ဖက် သဘောတူညီချက် ရမှ တိုင်းပြည်ကို ထုတ်ပြန်ဖို့ သဘောတူညီချက် မရရင်လည်း လျှို့ ဝှက်ထားကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ နောင်တော့ ဗိုလ်ခင်ညွန့် အရာကျသွားလို့ ထင်ပါတယ်။ ဘာမှဖြစ်မြောက် မလာခဲ့ပါဘူး။ အဲဒီတုန်းက ဆွေးနွေးဖြစ်ရင် တင်ပြဖို့အချက် ၃ ချက် စဉ်းစားထားပါတယ်။ အဲဒါကတော့ (၁)၁၉၈၈ မတိုင်မီနဲ့ အဲဒီနောက်ပိုင်းမှာ မတရားအသင်း ကြေညာခံထားကြရတဲ့ သမဂ္ဂတွေ၊ အဖွဲ့အစည်း တွေကို တရားဝင် ပါတီများအဖြစ် ပြန်လည်ပေးဖို့၊ (၂) ပိုနေမြဲ ကျားနေမြဲ နည်းနဲ့ (ယာယီ)ဖြေရှင်း ထားတဲ့ စစ်ရပ်စဲရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ (၃)အထက်ပါ ၂ ချက် ပြေလည်ပြီဆိုမှ ကျွန်တော်တို့ ပါတီ တရားဝင် တည်ရှိရေးအတွက် စေ့စပ်ဆွေးနွေးကြဖို့ ဖြစ်တယ်။ (ကျွန်တော်တို့ပါတီကို မတရားအသင်း ကြေညာတာက သူတို့မဟုတ်လို့ သူတို့လုပ်ခဲ့တဲ့ကိစ္စကိုပဲ အရင်ဦးစားပေးတာ ဖြစ်တယ်။) ဒါပေမယ့် ဗိုလ်ခင်ညွန့် အထက်မှာ ပြောခဲ့သလိုပဲ ဘာမှမဖြစ်ခဲ့ပါဘူး။ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါ ပြီ။ “၂၀ဝ၈ အခြေခံဥပဒေ” အသက်ဝင် နေပါပြီ။ အခြေအနေသစ်မှာ အသစ်စဉ်းစားရမှာပါ။ (၁) ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ် တစ်ခုရှိဖို့ လက်ရှိ အာဏာပိုင်တွေနဲ့ စေ့စပ် ဆွေးနွေးချင်ပါတယ်။ (၂) စေ့စပ်ဆွေးနွေးပွဲ ဖြစ်လာ ဖို့အတွက် ဘာတွေကြိုတင် လိုအပ်မလဲဆိုတာကို တိုးတိုးတိတ်တိတ် အပြန်အလှန် တီးခေါက်ကြည့်တာက စရ မယ် ထင်ပါတယ်။ (၃) အထက်ပါ ၂ ချက်ကို လက်ခံရင် ကျွန်တော်တို့က “မစ်ရှင်”တစ်ခု လျှို့ဝှက်ပြီး လွှတ်ချင် ပါတယ်။ ဒါက“ကြံဆချက်”ပါ။ “၂၀ဝ၈ အခြေခံဥပဒေ” ရှိနေသမျှ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အနိမ့်ဆုံး တောင်းဆိုချင်တာက အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂဆိုတဲ့ သမဂ္ဂကြီး ၃ ခု တရားဝင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့် ဖြစ်ပါတယ်။ အခုလက်ရှိပုံစံနဲ့ သမဂ္ဂတွေ တည်ရှိ နေရတာဟာ ဘာအာမခံချက်မှ မရှိပါဘူး။ ဥပဒေမှာကိုက ပြဿနာရှိနေတာ ဖြစ်ပါတယ်။

Independent

No comments:

Post a Comment

My Blog List