Saturday, September 15, 2012

ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့



ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့သမ္မတ ဦးသိန်းစိန် စက်တင်ဘာ လကုန်တွင် အမေရိကသို့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်သည် မြန်မာ-အမေရိက ဆက်ဆံရေးတွင် အရေးကြီးသော အချိုးအကွေ့ ဖြစ်သောေ ကြာင့် ထိုခရီးစဉ်ကို နှစ်ဘက်စလုံးက ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်သည်။တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငြံ ဖစ်ပြီး နိုင်ငံတကာ တွင် သြဇာကြီးမား လှသည့်
အမေရိကန်၏ မီးစိမ်းသည် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ နိုင်ငံတကာ စံနှုန်း ဖြစ်နေသောကြောင့် မြန်မာ့ ပြုပြင် ပြောင်းလဲရေး နိုင်ငံတကာ ယုံကြည် စိတ်ချမှု ရရန်၊ ရင်းနှီးမြုပ်နှံမှုနှင့် အကူအညီများ ဝင်လာရန် အမေရိကန်၏ အသိအမှတ်ပြုမှု လိုအပ်သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ဦးသိန်းစိန် သွားရောက်ခြင်း ဖြစ်သော်လည်း ကုလသမဂ္ဂ တည်ရှိရာ နယူးယောက်မြို့တွင် သာမက အခြား နေရာများ သို့ပါ လွတ်လွတ် လပ်လပ် သွားရောက် နိုင်ရန် ဗီဇာ ကန့်သတ်ချက်များကို ဖယ်ရှား ပေးခဲ့ခြင်းက ဝါရှင်တန်ကို သွားရောက်ရန် လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ပြုပြင် ပြောင်းလဲရေး အဆင့်သစ် တစ်ခု ရောက်ရှိလာ ကြောင်း မှတ်ကျောက် ဖြစ်သည်။
ထိုခရီးစဉ် အတွင်း မြန်မာ - အမေရိကန် နှစ်နိုင်ငံ အကြား စီးပွား ရေး၊ နိုင်ငံရေး၊ ပညာရေးစသည့် စသည့် ကဏ္ဍများစွာ ဆွေးနွေး ဆောင်ရွက်စရာ ရှိသော်လည်း စာရေးသူ အနေနှင့် ကဏ္ဍသုံးခုကို မီးမောင်း ထိုးပြ လိုပါသည်။

နှစ်နိုင်ငံ တပ်မတော် ဆက်ဆံရေး

လက်တွေ့ သဘောတရား အရ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မရမီ အချိန်မှ စကာ ယနေ့အထိ အရေးပါနေဆဲ Institution မှာ တပ်မတော်ပင်ဖြစ်သည်။ အမေရိကန်၏မြန်မာနှင့် ထိတွေ့ဆက်ဆံရေး Engagement အရှိန် တဖြည်းဖြည်း တက်လာခဲ့သော်လည်း တပ်မတော် နှင့် ထိတွေ့ ဆက်ဆံမှု အားနည်းနေဆဲ ဖြစ်သည်။ မြန်မာ့ခေတ်သစ် တပ်မတော် ဘီအိုင်အေ၏ ပထမဆုံး တပ်ဖွဲ့ဝင် ဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင်များမှာ နိုင်ငံရေး သမားများ ဖြစ်သည့် အချက်က နိုင်ငံရေးတွင် တပ်မတော်ပါဝင် ပတ်သက် နေခဲ့ခြင်း အကြောင်းရင်း တစ်ရပ်ဟု ဆိုနိုင်သည်။ တပ်မတော်သည် အစဉ်အလာအရ နိုင်ငံရေးတွင် ပါဝင် ပတ်သက်ခြင်းမှ နောက်ဆုတ်ရန် ခြေလှမ်းပြင်ကာ တပ်မတော် စစ်စစ် (Professional Armed Forces) အဖြစ် ပြုပြင် ပြောင်းလဲရန် ကြိုးစား နေချိန် လက်ရှိ ကာလတွင် အမေရိကန် တပ်မတော်နှင့် မြန်မာ့ တပ်မတော် အကြား ဆက်ဆံရေး တိုးချဲ့ လာနိုင်ပါက မြန်မာ့ တပ်မတော် အသွင် ပြောင်းရေး အကူအညီ ပေးနိုင်မည်။ လက်ရှိ ကမ္ဘာတွင် အတောင့်တင်းဆုံး တပ်မတော်သည် အမေရိကန် တပ်မတော်ပင် ဖြစ်သောကြောင့် West Point ကဲ့သို့ အမေရိကန် စစ်တက္ကသိုလ်များတွင် မြန်မာ အရာရှိများ ကာလတို၊ ကာလရှည် ပညာ သင်ကြားခွင့် ရလျှင် မြန်မာ့ တပ်မတော် စွမ်းရည် တိုးတက်စေရေး အထောက်အကူ ပြုမည်။

အရေးယူ ပိတ်ဆို့မှု

မြန်မာ့စီးပွား နာလန်ထရေးတွင် အဓိက ကျသော အဟန့်အတား တစ်ရပ်ဖြစ်သည့် အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားရေးကို ဦးသိန်းစိန် ခရီးစဉ်တွင် အဓိက ပြောဆိုလိမ့်မည်ဟု ယူဆရသည်။ အမေရိကန် စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင်းတွင် စိတ်တိုင်းကျ စီးပွားရေး လုပ်ကိုင်ခွင့် ပေးလိုက်ပြီး မြန်မာ့ပို့ကုန်များကို အမေရိကန် နိုင်ငံတွင်းသို့ တင်ပို့မှု ပိတ်ပင်ထားခြင်းမှာ နိုင်ငံရေးအရ စီးပွားရေး ပိတ်ဆို့မှုထက် ကိုယ်ကျိုး စီးပွား ကာကွယ်ရေး မူဝါဒ ( Protectionism) နှင့် ပိုတူနေ သောကြောင့် ထိုပို့ကုန် ပိတ်ပင်မှု ဖယ်ရှားနိုင်လျှင် မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေးကို အားသစ်လောင်း ပေးနိုင်မည်။ အထူးသဖြင့် သာမန် ပြည်သူများ အလုပ်အကိုင် ရရှိစေမည့် “လုပ်အားစိုက်ထုတ်သုံးစွဲရသည့် လုပ်ငန်းများ (Labor-intensive industries)” ကို ပိတ်ပင် ထားခြင်းအား ရုပ်သိမ်း ပေးသင့်သည်။ ပို့ကုန်များ ပိတ်ပင်ထားမှု လုံးဝ မဖယ်ရှား နိုင်လျှင် သော်မှ “လူမရွေး နယ်ပယ် မရွေး သိမ်းကျုံး ပိတ်ပင်ထားခြင်း (indiscriminate ban) ထက် “ရွေးချယ် ပိတ်ပင်ခြင်း (smart and targeted ban) ကို ပြောင်းလဲ ကျင့်သုံးနိုင်ရန် မြန်မာ-အမေရိကန် နှစ်ဖက်လုံးက ကြိုးစား သင့်သည်။

ပြည်ပရောက် မြန်မာများ

နိုင်ငံ တည်ဆောက်ရေးတွင် ပြည်ပရောက် ထူးချွန် ပုဂ္ဂိုလ်များ အားကို ထိထိရောက်ရောက် ရယူနိုင်သည့် နိုင်ငံတို့မှ ခေါင်းဆောင် များသည် အမေရိကသို့ ရောက်လျှင် သူတို့နွယ်ဖွား ထူးချွန် အောင်မြင် ပုဂ္ဂိုလ်များနှင့် တရင်းတနှီး တွေ့ဆုံကြပြီး နိုင်ငံ တည်ဆောက်ရေးတွင် ပူးပေါင်း ပါဝင်အောင် စည်းရုံးလေ့ ရှိသည်။ သမ္မတ ဦးသိန်းစိန်သည် လည်း အမေရိက ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံ ခေါင်းဆောင်များ နှင့်သာမက ပြည်ပတွင် အလုပ် လုပ်ကိုင် အောင်မြင်နေသည့် ထူးချွန် မြန်မာများနှင့် တွေ့ဆုံသင့်သည်။ ထိုနည်းဖြင့် ပြည်ပရောက် မြန်မာ များ တစ်နည်း ပြည်ပတွင် သိမ်းဆည်း ထားသည့် မြန်မာဦးနှောက်များ (Brainpower stored overseas) ကို ပြန်လာ စေလိုသည့် စိတ်ဆန္ဒကို ပြင်းပြင်းပြပြ ပြသရာရောက်မည်။ ပြန်လည် အခြေချလျှင် ဖြစ်ဖြစ်၊ သွားချည် ပြန်ချည် လုပ်ငန်း ဆောင်ရွက်လိုလျှင် ဖြစ်ဖြစ် အဆင်ပြေ လွယ်ကူအောင် ဆောင်ရွက်နိုင်မှသာ ပြည်ပတွင် အခြေကျသူ ထူးချွန် မြန်မာတို့ ပြန်လာနိုင်ချေ မြင့်မည်ကိုမူ သတိထား သင့်သည်။
မြန်မာနိုင်ငံနှင့် အမေရိကတို့ နှစ်ဦးနှစ်ဖက် မဟာဗျူဟာ အကျိုးစီးပွားများ ရှိနေသလို ဒီမိုကရေစီနိုင်ငံကြီး တစ်နိုင်ငံဖြစ်သည့် အမေရိကန်က ကူညီ ပံ့ပိုး ပေးခြင်းဖြင့် တည်ဆောက်စ မြန်မာ့ ဒီမိုကရေစီ ခရီးလမ်း ပိုမို ချောမွေ့စေမည်။ နှစ်ဦးနှစ်ဖက် ချင့်ချင့်ချိန်ချိန် အမြော်အမြင် ရှိရှိ ဆောင်ရွက်နိုင်လျှင် ယခု ခရီးစဉ်သည် နှစ်ဖက်လုံး အကျိုးရှိ၊ win-win ဖြစ်စေကာ မြန်မာ-အမေရိကန် ဆက်ဆံရေးကို အဆင့်သစ်သို့ ရောက်အောင် ပို့နိုင်လိမ့်မည်။

From-TheVoiceWeekly

No comments:

Post a Comment

My Blog List