Thursday, September 13, 2012

နယ်မြေလုံခြုံရေးကြောင့် ဖားကန့်ရှိ ကမ္ဘောဇဘဏ်ခွဲ ငွေလွှဲပမာဏ ကန့်သတ်ချက်ရှိနေ

13/Sep/2012
 
နယ်မြေလုံခြုံရေးကြောင့် ဖားကန့်ရှိ ကမ္ဘောဇဘဏ်ခွဲမှ ငွေသားဖြင့် ငွေပို့ငွေလွှဲမှုကို ပမာဏ ကန့်သတ် ထားကြောင်း ဒေသခံ ငွေလွှဲသူတစ်ဦးထံမှ သိရသည်။ “တစ်သိန်းထက်ပိုတဲ့ ငွေသားကို လက်မခံတာ ငွေစာရင်း ရှိပြီးသား သူတွေက စာအုပ်ကနေ ဘယ်လောက်ပမာဏလွှဲလွှဲ လွှဲလို့ရတယ်လို့ ပြောတယ်” ဟု ရန်ကုန်သို့ ငွေလွှဲသူ ဖားကန့်ဒေသခံ ဦးအောင်ထွန်းဦးက စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောသည်။
၎င်းသည် ရန်ကုန်သို့ ငွေသားကျပ် ၁၇၀၀၀၀ ပေးပို့ရာတွင် ကျပ်တစ်သိန်းအထက် ပမာဏ ငွေသားလက်မခံဟု ဆိုခြင်းကြောင့် ဘဏ်မှတာဝန်ခံနှင့် တွေ့ဆုံကာ ညှိနှိုင်း၍ ပေးပို့ခဲ့ရကြောင်း၊ နိုင်ငံရေး အခြေအနေအရ ယခုကဲ့သို့ ကန့်သတ်ထားခြင်း ဖြစ်သည်ဟု ဘဏ်တာဝန်ခံက ပြောကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်သို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ အနေဖြင့် သုံးစွဲသူများ၏ လိုအပ်သော ဝန်ဆောင်မှုများကို တတ်နိုင်သမျှ ဖြည့်စီးဆောင်ရွက်ပေးလျက်ရှိပြီး ယတိပြတ် ငြင်းဆိုကန့်သတ်ထားခြင်း မရှိကြောင်း၊ အဆိုပါဒေသမှ ငွေလွှဲကိစ္စရပ်တွင် နယ်မြေအခြေအနေပေါ် မူတည်၍ ဆုံးဖြတ်ပေးရခြင်း ဖြစ်ကြောင်း ပြောသည်။ ကမ္ဘောဇဘဏ်မှ ငွေပို့ငွေလွှဲ ဝန်ဆောင်ခအနေဖြင့် ဖားကန့်မှ ရန်ကုန်သို့ ငွေလွှဲပါက ကျပ်တစ်ရာလျှင် ၁၅ ပြားနှုန်း၊ ရန်ကုန်မှ ဖားကန့်သို့ ငွေလွှဲပါက ကျပ်တစ်ရာလျှင် ပြား ၅၀ နှုန်း သတ်မှတ်ထားပြီး ငွေလွှဲခ၏ အနည်းဆုံးဝန်ဆောင်ခကို ကျပ် ၂၀၀ ယူကြောင်း ဖက်စ်ဆိုလျှင် ကျပ် ၅၀၀ ကောက်ခံကြောင်း ကမ္ဘောဇဘဏ်မှ သိရသည်။ “ငွေလွှဲခမှာ ဝန်ဆောင်ခ စုစုပေါင်းကျပ် ၂၀၀ မပြည့်ရင် အနည်းဆုံး ဝန်ဆောင်ခ ကျပ် ၂၀၀ ယူမယ်လို့ ပြောတာပါ။ အဲ့ဒါတွေက ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ နှုန်းတွေပါ” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

My Blog List