Tuesday, July 10, 2012

ပဲပြုတ်


ကိုယ့်ဇာတိမြေနဲ့အဝေးတစ်နေရာကို ရောက်သွားတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ဇာတိမြေက အရာရာကို တမ်းတလာတတ်တယ်။ အထူးသဖြင့် မိသားစုရဲ့နွေးထွေးမှု၊ မိသားစုထမင်းဝိုင်းနဲ့ အစားအစာတွေဖြစ်တယ်။ အဲဒီလိုသတိရလာတဲ့အခါ ကိုယ့်ဇာတိမြေမှာ စားခဲ့၊ ချက်ခဲ့တဲ့အတိုင်း၊ မိသားစုလက်ရာအတိုင်း ရှာကြံပြီး ချက်ကြစားကြတယ်။ မေမေ့လက်ရာကို သတိရလို့၊ အစ်မလက်ရာကို သတိရလို့ဆိုပြီး ရှိတာနဲ့ ရတာနဲ့ ရှာကြံချက်ပြုတ်ပြီး ဇာတိမြေကမိသားစုကို တမ်းတကြတယ်။ ဇာတိမြေရဲ့အရသာကို အောက်မေ့ကြတယ်။ ဇာတိမြေကို လွမ်းဆွတ်ကြတယ်။
တလောက ညီမဝမ်းကွဲလင်မယား ဒီနိုင်ငံကို ရက်(၂ဝ)အလည်လာခဲ့ကြတယ်။ Tourနဲ့ လာကြတဲ့အတွက် သူတို့အဖွဲ့မှာ အယောက်(၆ဝ)ပါတယ်။ ရက်(၂ဝ)ထဲဆိုပေမယ့် တချို့က မြန်မာပြည်က လက်ဖက်၊ မုန့်ဟင်းခါး၊ ဘလာချောင်ကြော်၊ ငပိကြော်တွေ သယ်လာကြတယ်။ ညီမလေးတို့က ဘာမှမယူခဲ့ပါဘူး။ သူတို့တည်းတဲ့ တည်းခိုခန်းမှာ ကျွန်မတို့သွားတွေ့တော့ သူ့အမျိုးသားက သနားစရာညည်းပြပါတယ်။ နေ့တိုင်း ဟိုတယ်မှာ၊ စားသောက်ဆိုင်မှာ စားရတဲ့ အနောက်တိုင်းစာ၊ ထိုင်းစာ၊ တရုတ်စာတွေကိုစားရတော့ မြန်မာစာကို သူတမ်းတမိပါသတဲ့။ ဒါနဲ့ မြန်မာစာတွေ သယ်လာတဲ့ တခြားခရီးသွားဖော်တွေဆီ သူသွားတောင်းစားပါသတဲ့။ ရှက်လဲ ရှက်မနေတော့ပါဘူးတဲ့။ ဒါက ရက်(၂ဝ)ထဲပါ။ ဆယ်စုနှစ်ချီပြီး မြန်မာပြည်ကို ခွဲခဲ့သူတွေဆို ဘယ်လိုလုပ်မလဲ?

ဒါကြောင့် မြန်မာအစားအစာ၊ ကိုယ့်ရိုးရာအစားအစာ၊ ကိုယ့်မိသားစုအစားအစာကို တမ်းတလွမ်းဆွတ်တဲ့အခါ ရှိတာနဲ့ ရအောင်လုပ်ပြီး လွမ်းဆွတ်တမ်းတကြပါတယ်။ တကယ်တော့ အစာကိုလွမ်းတယ်ဆိုတာထက် ကိုယ့်ဇာတိမြေ၊ ကိုယ့်ရိုးရာ၊ ကိုယ့်မိသားစုကို လွမ်းတာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ကျွန်မလည်း ရှိတာနဲ့ ရတာနဲ့ ရှာကြံချက်ပြုတ်ပြီး ကိုယ့်မြေ၊ ကိုယ့်ရိုးရာ၊ ကိုယ့်မိသားစုကို လွမ်းပါတယ်။

ပဲပြုတ်ဆိုရင် မြန်မာပြည်က လူမျိုးဘာသာမရွေး စားသုံးကြတယ်။ "ဟောဒီက... ပဲပြုတ်"ဆိုတဲ့အသံက မြန်မာပြည်ရဲ့ မနက်ခင်းနိုးထသံလို့ ပြောရင်တောင် မှားမယ်မထင်ပါဘူး။ ကျွန်မလည်း ပဲပြုတ်ကြိုက်သူတစ်ဦးပါ။ ကျွန်မတို့က ပဲပြုတ်ကို သုပ်စား၊ ကြော်စားလုပ်ပါတယ်။ တာချီလိတ်အစ်မအိမ်မှာ ကျွန်မတစ်နှစ်လောက်နေခဲ့တုန်းက မနက်တိုင်း ပဲပြုတ်ထမင်းကြော်စားခဲ့ရပြီး၊ မကြာခဏဆိုသလို ပဲပြုတ်သုပ်စားခဲ့ရပါတယ်။ အစ်မကိုလည်း လွမ်းပါတယ်။ ပဲပြုတ်ကိုလည်း လွမ်းပါတယ်။ ဒါကြောင့် ပဲပြုတ်လုပ်နည်းကို အသိအစ်ကိုတစ်ယောက်ဆီက သင်ယူပြီး ကျွန်မလုပ်စားဖြစ်ခဲ့ပါတယ်။

သင်ပေးတဲ့အစ်ကိုရဲ့နည်းက လွယ်ပါတယ်။ ပထမဦးဆုံး ပဲပုတ်ပဲ(white bean)ကို မုန့်ဖုတ်ဆော်ဒါ (baking powder)နည်းနည်းနဲ့ တစ်ညတာ ရေစိမ်ပါတယ်။ ရေစိမ်လို့ရလာတဲ့ ပဲပုတ်ကို ကျွန်မက ဇကာတစ်ခုရဲ့အောက်မှာ ပိတ်စပါးတစ်ခုခံပြီး သိတ်ထားလိုက်တယ်။ မနက်မနက်ဆိုရင် ရေအေးလေး ဖြန်းဖြန်းပေးပါတယ်။ (၃)ရက်မြောက်တဲ့နေ့ဆိုရင် ပဲညှောင့်တွေ တော်တော်ရှည်ထွက်လာပါတယ်။


ပဲပြုတ်ဖြစ်ခါနီး ဒုတိယရက်


ပဲပြုတ်ဖြစ်ခါနီး တတိယရက်

(၃)ရက်မြောက်နေ့မှာ အညှောင့်တော်တော်ရှည်ပြီဖြစ်တဲ့ပဲကို ပေါင်းလိုက်ရင် ပဲပြုတ်ဖြစ်ပါတယ်။ ပထမတစ်ခေါက် ကျွန်မလုပ်တုန်းက ရိုးရိုးပေါင်းအိုးနဲ့ပေါင်းတာမို့ တော်တော်ကြာကြာလေး ပေါင်းလိုက်ရတယ်။ ဒုတိယတစ်ခေါက်လုပ်တော့ ကြာကြာမပေါင်းချင်တာနဲ့ slow cookerနဲ့ ပေါင်းလိုက်တာ အပေါင်းမြန်ပြီး ပဲနည်းနည်းပြဲချင်ချင် ဖြစ်သွားပါတယ်။ အစ်မကြီးတစ်ယောက်ကပြောတော့ ထမင်းပေါင်းအိုးနဲ့ ထမင်းချက်သလို ရေကို ပဲမြုပ်အောင်ထည့်ပြီး ဆားနည်းနည်းထည့်ပြုတ်လို့ရတယ်လို့ ဆိုပါတယ်။ နောက်တစ်ခါ ထမင်းပေါင်းအိုးနဲ့ ကျွန်မစမ်းကြည့်မှာပါဦးမယ်...း)



ပေါင်းပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ

ပဲပြုတ်ထမင်းဆီဆမ်း၊ ပဲပြုတ် ကြက်သွန်နီသုပ်၊ ပဲပြုတ်ကြော်တွေအပြင် ကျွန်မက ပဲပြုတ်ထမင်းသုပ်လုပ်ပါတယ်။ ပြီးတော့ နမ့်ဖစ်ထောင်းနဲ့ တွဲဖက်စားပါတယ်။

ပဲပြုတ်ထမင်းသုပ် ပါဝင်တဲ့ပစ္စည်း---- ထမင်း၊ ပဲပြုတ်၊ ကြက်သွန်ဆီကျက်၊ နံနံပင်၊ ဆား
နမ့်ဖစ်ထောင်း ပါဝင်တဲ့ပစ္စည်း --- ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ/ဖြူ၊ ရှမ်းပဲပုတ်၊ ဆား

အသားငါးတွေ မပါဘူးဆိုပေမယ့် အဲဒီနေ့က ကျွန်မအတွက် ထမင်းအမြိန်ဆုံးနေ့ဖြစ်ခဲ့ပါတယ်။ ဇာတိမြေကို လွမ်းပါတယ်၊ အစ်မကို လွမ်းတယ်၊ မိသားစုကို လွမ်းတယ်၊ ရွာက မနက်ခင်းတိုင်းကြားရတတ်တဲ့ "ပဲပြုတ်ယူကြဦးမလား...ပဲပြုတ်" ဆိုတဲ့အသံကို ကျွန်မ လွမ်းပါတယ်.........


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List