Monday, March 14, 2016

ဒေသခံလူထုကို ထိခိုက်နစ်နာစေမည့် ရေကာတာစီမံကိန်းများနှင့် အကြီးစားစီမံကိန်းများအရေး ကယာပြည်သူနှင့် လူထုအခြေပြုအဖွဲ့အစည်းတို့က ကြေညာချက် ထုတ်ပြန်တောင်းဆို




ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်ရှိ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်မရှိမချင်းနှင့် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းပေးနိုင် သည့် နိုင်ငံရေးဖြေရှင်းချက် မရှိမချင်း ဒေသခံလူထုကို ထိခိုက်နစ်နာမှု ဖြစ်စေမည့် ရေကာတာစီမံကိန်းများ အပါအ၀င် အကြီးစား စီမံကိန်းများ အားလုံးကို ရပ်စဲထားရန် ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် အရပ်ဖက် လူထုအခြေပြု အဖွဲ့အစည်းများက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယခင်စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလအတွင်းက တရုတ်နိုင်ငံ ဒါတန်းကုမ္ပဏီနှင့် အစိုးရတို့မှ ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ရေကာတာကြီး ၃ ခုကို တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည် ။ ၎င်းတို့မှာ ကရင်နီပြည်နယ် ရွာသစ်ကျေးရွာ၏ အထက် ဘောလခဲမြို့ နှင့် ၁၄ ကီလိုမီတာ အကွာအဝေးတွင် ရှိသော သံလွင်မြစ်ပေါ်တွင် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ (နောက်ပိုင်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်ရန် လျာထား) နှင့် ပွန်ချောင်းတွင် ၁၃၀ မဂ္ဂါဝပ် ၊ သဘက်ချောင်းတွင် ၁၁၀ မဂ္ဂါဝပ် စသည်တို့ဖြစ်သည်။

အဆိုပါ စီမံကိန်းများသည် ဒေသခံပြည်သူလူထု များကို အသိပေး ဆွေးနွေး တိုင်ပင်မှု တစ်စုံတစ်ရာ မရှိသည့်အပြင် ပွင့်လင်းမြင်သာမှု မရှိဘဲ ၄င်းတို့ အစီအစဉ်အတိုင်း လုပ်ငန်းဆိုင်ရာ တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်း စီမံကိန်းများ အကောင်အထည် ဖော်ခြင်းသည် လက်ရှိ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်စေမည် ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အတူ နေပြည်တော် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုမရှိဘဲ အကြီးစားရေအားလျှပ်စစ် စီမံကိန်း ဖော်ဆောင်ခြင်းသည် ကေအဲန်ပီပီ နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အတွင်းတွင် ပါရှိသော ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်အတွင်း အကြီးစားစီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိကာ ဒေသခံ ပြည်သူများ၏ ဆုံးရှုံးနစ်နာမှု မရှိအောင် အာမခံချက်ရှိရမည် ဆိုသည့်အချက် ကို ချိုးဖောက်နေသည်ဟုလည်း ဆိုထားသည်။

ရေကာတာစီမံကိန်း လုပ်ဆောင်မည့် ပွန်ချောင်းရေအားလျှပ်စစ် စီမံကိန်း၏ နေရာသည် ဘောလခဲမြို့နယ်တွင် တည်ရှိပြီး ကယားပြည်နယ်၏ အထင်ကရ သမိုင်းဝင်နေရာဖြစ်သော စော်ဘွားများ၏ ဟော်နန်းစိုက်ရာ နေရာဒေသ လည်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment

My Blog List