Wednesday, March 16, 2016

ပါကစ္စတန်နိုင်ငံကဲ့သို့ တရုတ်ဖက်မှ မြန်မာနိုင်ငံ ရပ်တည်မည်ဟု သံအမတ် ဦးသစ်လင်းအုန်း ဆို


တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း က မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံထံမှ ပါကစ္စတန် နိုင်ငံရရှိနေသည့် ဦးစားပေး ဆက်ဆံမှုမျိုး ရလိုသည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပိုင် သတင်းဌာန တစ်ခုနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် သံအမတ်ကြီးက “တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံမှာ ဂွါဒါဆိပ်ကမ်း တည်ဆောက်ပေးထားပါတယ်။ ပါကစ္စတန်နဲ့ မြန်မာနှစ်နိုင်ငံလုံးက တရုတ်နိုင်ငံနဲ့အတူ ရပ်တည်နေပေမယ့် ပါကစ္စတန်က အထက်ရောက်နေပြီး မြန်မာနိုင်ငံက အောက်ရောက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ သမိုင်းဝင် အပြောင်း အလဲ လုပ်ဆောင်ချိန်ဖြစ်သဖြင့် ထိုပြောကြားချက်မှာ အရေးပါသည်။ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲက တရုတ်နှင့် ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ဟု ဆိုသည်။

မြန်မာနိုင်ငံအား စစ်အစိုးရက အုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက်တွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုခံခဲ့ရပြီး တရုတ်နိုင်ငံက အနီးကပ်ဆုံး မဟာမိတ် ဖြစ်ခဲ့သည်။ သံအမတ်ကြီးက တရုတ်အစိုးရပိုင် china.org.cn ၀က်ဘ်ဆိုက်နှင့် သောကြာနေ့တွင် ပြုလုပ်သည့် အင်တာ ဗျူးတွင် “ကျွန်တော်တို့ ပြည်တွင်းအခြေအနေ ဘယ်လိုပဲ ပြောင်းပြောင်း နှစ်နိုင်ငံဆက်ဆံရေးက ပြောင်းလဲမှု ရှိမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုအား ကန်ထရိုက် ပေးထားပြီး ဖြစ်သည်။ ထိုဆိပ်ကမ်းမှာ ကီလိုမီတာ ၂၈၀၀ ရှည် BCIM စီးပွားရေး စင်္ကြန်အတွက် အရေးပါသည့် ဆိပ်ကမ်းဖြစ်သည်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေ မည်သို့ပင် ရှိသည်ဖြစ်စေ ထောက်ခံအားပေးသွားမည်ဟု ပြောကြားထားသည်ဟု သံအမတ်ကြီးက ဆိုသည်။ “ဒါက ကျွန်တော်တို့လိုအပ်တဲ့ အပြန်အလှန် နားလည်မှုပါ” ဟု ယင်းကပြောကြားသည်။

နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးပါပုံကို NLD အစိုးရသစ်ကလည်း နားလည်ထားသဖြင့် တရုတ်နှင့်ဆက်ဆံရေးတွင် ပြောင်းလဲမှု ရှိမည်မဟုတ်ဟု ဆိုသည်။ တရုတ်နိုင်ငံအား မြန်မာအစိုးရသစ်က ပိုမိုနားလည်မှုရှိစေရန် ဆောင်ရွက်ခြင်းမှာ ယင်း၏ အဓိက တာဝန်ဖြစ်သည်ဟု သံအမတ်ကြီးက ဆိုသည်။

ယင်းက “အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ လေ့လာသင်ယူဖို့က မြန်မာနိုင်ငံအတွက် အလွန်အရေးပါ ပါတယ်။ အိမ်နီးချင်းတွေ ဖြစ်သည့် မြန်မာနဲ့ တရုတ်ဟာ မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံထံက အထောက်အပံ့ အများကြီး ရခဲ့ပါတယ်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းမှ အကျိုးအမြတ် ရနိုင်သည်ကို မြန်မာလူထု သိရှိနားလည်စေရန် အချက်အလက် ဗဟုသုတများ မျှဝေသင့်သည်ဟု သံအမတ်ကြီးက တရုတ်နိုင်ငံအား အကြံပြုခဲ့သည်။

KHTun
The Ladies News

No comments:

Post a Comment

My Blog List