Monday, March 14, 2016

သမ္မတသည် ငါတို့အတွက်ဖြစ်သည်


(၁) ‘‘ငါတို့အတွက် သမ္မတနှစ် ယောက်ရတာပေါ့။ ငါပြောတဲ့ ငါတို့ဆိုတာက တိုင်းရင်းသားတွေ အားလုံးကို ပြောတာပါ’’တဲ့။ ဆက်ပြီးပြောသေးတယ်။ ‘‘တစ်ယောက်က မွန်ဗမာ၊ တစ်ယောက်က ချင်းဆိုတော့ ငါတို့ရဲ့အနာ ဂတ်တွေ ပိုပြီးအားရှိသွားတာ ပေါ့။ သမ္မတဆိုတာ ငါတို့အတွက် ဖြစ်သွား တာပေါ့’’တဲ့။
တက္ကသိုလ်တတိယနှစ်မှာ တက်နေတဲ့ ချင်းတိုင်းရင်းသား လူငယ်က စာရေးသူကို ပြောနေ တာပါ။ ၂၀၀၀ ပြည့်နှစ် စာရေးသူ မုံရွာကို စပြီးရောက်ကတည်းက ချင်းပြည်နယ်မှ တက္ကသိုလ်လာ တက်ကြတဲ့ ချင်းတိုင်းရင်းသားများနဲ့ သူငယ်ချင်းအပေါင်းအသင်းအဖြစ် ဆုံတွေ့ရ ပါတယ်။ ၂၀၀၅ ခုနှစ် တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ပြန်တော့ တပည့်တွေထဲမှာ ချင်းလူမျိုးကျောင်းသား၊ ကျောင်းသူလေးတွေ အများကြီး ရှိလာပြန်ပါတယ်။

သူတို့ရဲ့ ရိုးသားမှု၊ အပြော အဆို ပွင့်လင်းမှု၊ စိတ်ဝင်စားဖွယ် ဓလေ့ထုံးစံများ ပိုင်ဆိုင်ထားမှုတွေကြောင့် ပိုပြီး ရင်းရင်းနှီးနှီး ရှိခဲ့ရပါတယ်။ စကားပြောတဲ့အခါ ပင်ကိုအားဖြင့် သူတို့က ကျွန်တော်၊ ကျွန်မလို့ မသုံးကြပါ ဘူး။ ‘ငါ’လို့ပဲ အားရပါးရ သုံးနှုန်း ပါတယ်။ သူငယ်ချင်းအချင်းချင်း လည်း ‘ငါ’ပဲ။ ဆရာတပည့်ပြော တဲ့အခါလည်း ‘ငါ’ပဲ။ သူတို့ ‘ငါ’ ဆိုပြီးပြောတာဟာ ရိုင်းတာမဟုတ်ပါဘူး။ စာရေးသူရဲ့ အမြင်မှာတော့ သူတို့ အဲဒီလိုပြောတာက သူတို့ရဲ့ ရိုးသားမှုကို ပိုပြီး ပေါ်လွင်စေတယ်လို့ ယူဆပါတယ်။ အခုလည်း သူပြောနေကျ အတိုင်း သူပြောတတ်သလို သူ့ရဲ့ပင်ကိုဟန် အမှန်အတိုင်း တပည့်လေးကစာရေးသူကို ပြောပြနေတာပါ။

(၂)

အိမ်ရောက်တော့ ပြန်စဉ်း စားနေမိပါတယ်။ ဟုတ်တယ်။ ဒီတစ်ခါဖြစ်လာတဲ့ သမ္မတသည် ငါတို့အတွက်ပါလားလို့။ ငါတို့ တိုင်းရင်းသားတွေအတွက်။ ငါတို့ ပြည်သူတွေအတွက်။ ငါတို့အခြေ ခံ လူတန်းစားတွေအတွက်။ ငါတို့ နိုင်ငံသူ နိုင်ငံသားတွေအတွက်။ တခြားဘယ်သူ့အတွက်မှမဟုတ်ဘူး။ သူတို့ကိုယ်တိုင် အတွက် သမ္မတဖြစ်လာတာ မဟုတ်ဘူး။ သူတို့ အသိုင်းအဝိုင်းအုပ်စုအတွက် သမ္မတဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်ကျိုးရှာ စီးပွားရေးလုပ်ငန်းရှင်များ အတွက် သမ္မတဖြစ်လာတာ မဟုတ်ဘူး။ အာဏာ၊ရာထူး၊ အခွင့်အလမ်း တည်မြဲလိုသူတွေအတွက် သမ္မတဖြစ်လာတာ မဟုတ်ဘူး။

သမ္မတဖြစ်ချင်ပါတယ်လို့ ဘယ်တုန်းကမှ သူတို့မပြောဖူးခဲ့ ကြဘူး။ သမ္မတနေရာကို မမျှော် မှန်းခဲ့ကြဖူးဘူး။ သမ္မတပဲဖြစ်ချင် တယ်ဆိုပြီး သူတို့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ ပြီးတော့ အရင်ခေတ်၊အရင်စနစ်တွေအတွင်းမှာ နေရာ ကောင်းကောင်း၊ လုပ်ပိုင်ခွင့် ကောင်းကောင်း၊ ရာထူးကြီးကြီး မားမား ရယူသိမ်းပိုက်ခဲ့တာ သူတို့မှာ မရှိဘူး။

လောလောဆယ် အမေစု သမ္မတဖြစ်မလာနိုင်သေးပေမယ့် အင်န်အယ်လ်ဒီ ပါတီက အခု ရွေးချယ် တင်သွင်းလိုက်တဲ့ သမ္မတလောင်း နှစ်ဦးစလုံးကို တိုင်းရင်းသားပြည်သူ အများစုက လက်ခံကျေနပ် သဘောကျကြ တာ မြန်မာ့နိုင်ငံရေးအတွက် မင်္ဂလာရှိတယ်လို့ ဆိုရမှာပါ။ ပြည်သူ့အသွေးအသား နဲ့ နီးစပ်သူ တွေ၊ ပြည်သူ့ဘဝများနဲ့ နီးကပ်သူ တွေ၊ ပြည်သူ့အကြားက ပေါ် ထွက်လာသူတွေ ဖြစ်တာမို့လည်း သမ္မတလောင်းနှစ်ဦးရဲ့ ပုံရိပ်တွေ ဟာ ပြည်သူတွေကို လွှမ်းမိုးနိုင်ခဲ့ တာဖြစ်ပါတယ်။

(၃)

ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော် နှစ်ရပ်စလုံးက ရွေးချယ်ထားတဲ့ ဒုတိယသမ္မတ များသည် သမ္မတအရည်အချင်း နှင့် ကိုက်ညီခြင်းရှိ၊ မရှိ စိစစ်ရေး အဖွဲ့၏ တွေ့ရှိချက်များကို ဒီနေ့ မတ်လ ၁၄ ရက်တွင် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကြေညာမှာ ဖြစ်ပါတယ်။ တပ်မတော်က ရွေးချယ်ထားတဲ့ ဒုတိယသမ္မတအပါအဝင် ဒုတိယ သမ္မတ သုံးဦးအနက် နိုင်ငံတော် သမ္မတတစ်ဦးကို ရွေးချယ်တင် မြှောက်ပွဲကျင်းပ မယ့် နေ့ရက်နဲ့ အချိန်များကိုလည်း ဒီနေ့ ကြေ ညာမှာလို့ ဆိုပါတယ်။

သေချာတာက မွန်ဗမာ တိုင်းရင်းသားဦးထင်ကျော်နဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ(Hnery Van Thio) တို့သည် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၂ မတ်လ ၁၂ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့သော ရှမ်းတိုင်းရင်း သားသမ္မတကြီး စဝ်ရွှေသိုက်၊ ၁၉၅၇ မတ်လ ၁၃ ရက်မှ ၁၉၆၂ မတ်လ ၂ ရက်အထိ တာဝန်ထမ်း ဆောင်ခဲ့သော ကရင်တိုင်းရင်း သားသမ္မတကြီး မန်းဝင်းမောင်တို့ ပြီးရင် တတိယမြောက် တိုင်းရင်း သားသမ္မတဖြစ်ခွင့်ကို မြင်တွေ့ ကြရတော့မှာ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်ထုတ် The Global New Light of Myanmar သတင်းစာမှာ ‘မတ်လ ၁၇ (သို့ မဟုတ်) ၁၈ ရက်တွင် သမ္မတသစ်ကို မဲပေးရွေးချယ်မှာဖြစ် ကြောင်း အစိုးရတာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို မတ်လ ၃၀ ရက်တွင် ကျင်းပလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားတာ ဖတ်ရပါတယ်။ မတ်လ ၁၂ ရက်ထုတ် အဲဒီသတင်းစာမှာပဲ သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ (Hnery VanThio)ရဲ့အမည်ကို ဖော်ပြရာမှာနှစ်နေရာ စာလုံးပေါင်းမှားနေတာကို လည်း တွေ့ရပါတယ်။

(၄)

မြန်မာသတင်းစာ ဆရာ တစ်ဦးက သမ္မတကြီး စဝ်ရွှေ သိုက်အား သမ္မတ အဖြစ်ရသော လခနှင့်ပတ်သက်၍ မေးမြန်းရာ ‘‘သမ္မတအဖြစ် လခခုနစ် ထောင် ကျပ်ရတယ်။ ဒါပေမဲ့ လေးနှစ် ကြာ သမ္မတလုပ်ပြီးလို့ စာရင်းရှင်း လိုက်တော့ တစ်ပြားမှ မစုဆောင်းမိတဲ့အပြင် ရှမ်းပြည်ကယူလာတဲ့ ငါးသောင်းလောက်ပါ ကုန်ခန်း လာတာကို တွေ့ရတယ်။ ဘာ တွေကုန်မှန်းလည်းမသိဘူး။ ဒီလို ပဲ။ တစ်တိ တစ်တိ ဘယ်ရောက် ကုန်မှန်းမသိဘူး’’လို့ ဖြေကြားခဲ့ ကြောင်း သိရပါတယ်။ သမ္မတ သက်တမ်း ကုန်ဆုံးတဲ့အခါမှာ လည်း လူမျိုးစုလွှတ်တော်နာယ ကကြီးအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသေးကြောင်း သိရပါတယ်။

ဒါကိုဖတ်ရတဲ့အခါ သမ္မတ ဆိုတာ တိုင်းပြည်နဲ့ လူထုအပေါ် ကနေ ကိုယ်ကျိုးအမြတ်ရှာပြီး ယူနိုင်သမျှ ယူသွားကြဖို့ လုပ်တာ မဟုတ်ပါလား။ သမ္မတရာထူး သက်တမ်းစေ့သွားတာနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ နှလုံးသားမှတ် တမ်းထဲကနေ မေ့ပျောက်ထွက် ခွာသွားစေရမှာ မဟုတ်ပါလားလို့ စဉ်းစားမိပါတယ်။ သမ္မတချင်း အတူတူ ပြည်သူတွေ အကဲဖြတ် မှတ်တမ်းတင် တန်ဖိုးထားလေး စားတဲ့ စံချိန်စံညွှန်းအဆင့် ကွာခြားတာကိုလည်း သတိပြုမိပါတယ်။

နက်ဖြန်သန်ဘက် ပေါ်ထွက်လာတော့မယ့် တိုင်းရင်းသား သမ္မတများ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ၊ ဒေသဆိုင်ရာ ဝန်ကြီးတွေ အားလုံးသည် မြန်မာလူထုရဲ့ အခက်အခဲများကို နားလည်လက်ခံ စာနာတတ်သူများသာ ဖြစ်စေလိုပါ တယ်။ ဒါမှ သမ္မတဆိုတာ ငါတို့ အတွက် လွှတ်တော်ဆိုတာ ငါတို့ အတွက်၊ ဝန်ကြီးချုပ်ဆိုတာ ငါတို့အတွက်၊ ဝန်ကြီးဆိုတာ ငါတို့ အတွက်ရယ်လို့ အပ်ကျမပ်ကျ စိတ်တုံးတုံးချ ကျေနပ်နိုင်ကြမှာ မဟုတ်ပါလား။

7Day News Journal


No comments:

Post a Comment

My Blog List