Wednesday, March 16, 2016

မြန်မာ့ သမ္မတသစ် ဦးထင်ကျော်ကို ကမ္ဘာ့နိုင်ငံများ ဂုဏ်ပြုစကားဆို


ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် ဦးထင်ကျော် ကို အတည်ပြု ရွေးချယ် တင်မြှောက်ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးက ဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနများက ပေးပို့ခဲ့၊ ထုတ်ပြန်ခဲ့သည့် ဂုဏ်ပြုမှုများ အနက် အချို့ကို စုစည်း ဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတသစ်အဖြစ် ဦးထင်ကျော် ရွေးကောက် တင်မြှောက် ခံရခြင်းအတွက် အမေရိကန် ပြည်ထောင်စုမှ ဂုဏ်ယူဝမ်း မြောက်ပါသည်။ သမ္မတ ရွေးချယ် တင်မြှောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါသည့် နောက်ထပ် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ အပြီးတွင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် ဆက်လက်၍ အတူတကွ လက်တွဲဆောင်ရွက်လျက် ရှိကြသော မြန်မာပြည်သူများနှင့် အဖွဲ့အစည်းများကိုလည်း ချီးကျူးပါသည်။

မြန်မာပြည်သူများ ဆက်လက်၍ ဖော်ဆောင်သွားမည့် ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့တွင် ထောက်ခံ အားပေးသွားရန်လည်း အမေရိကန် ပြည်ထောင်စုက ဆက်လက်၍ ကတိကဝတ်ပြု ထားရှိပါသည်။ အဆိုပါ အရေးကြီးသည့် ကိစ္စရပ်များကို ပိုမိုတိုးတက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရနှင့် လက်တွဲ ဆောင်ရွက် သွားရန်မျှော်လင့်ထားပါသည်။ နိုင်ငံရေးနှင့် အရပ်ဘက် ခေါင်းဆောင်များ အနေဖြင့်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်တို့ဖြင့် အတူလက်တွဲ ဆောင်ရွက်သွားကြရန် မိမိတို့ ဆက်လက် တိုက်တွန်း အားပေးပါသည်။ ဂျွန်ကယ်ရီ (အမေရိကန် နိုင်ငံခြားရေးဝန်ကြီး)
မြန်မာနိုင်ငံ၏ လွှတ်တော်သစ်က ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်လိုက်သည့်အတွက် တရုတ်နိုင်ငံ အနေဖြင့် အထူးဂုဏ်ယူ ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းများ ဖြစ်ကြပြီး ခိုင်မာသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဖြင့် နှစ်နိုင်ငံလုံးမှ ပြည်သူများအတွက် ရေရှည် အကျိုးရှိစေမည့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အစိုးရ အဖွဲ့သစ်နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရန် မျှော်လင့်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အမျိုးသား ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေး ကြိုးပမ်းလုပ်ဆောင်မှုများကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံက ထောက်ခံအားပေးသွားမည် ဖြစ်ပါသည်။ လူကန် (တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ)
“မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသော ဦးထင်ကျော်ကို ဂုဏ်ပြုပါသည်။ ဆုမွန်ကောင်းလည်း တောင်းပေးပါသည်။ မြန်မာ အစိုးရသစ်နှင့် လက်တွဲကာ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ အားကောင်းအောင် မြှင့်တင်သွား ပါမည်။ နာရန်ဒရာမိုဒီ (အိန္ဒိယ ဝန်ကြီးချုပ်)
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီ နည်းလမ်း ဖြင့် သမ္မတတစ်ဦး ရွေးချယ် တင်မြှောက်နိုင်ခဲ့သည့် မြန်မာပြည်သူများကို ဂုဏ်ပြုပါသည်။ ဦးထင်ကျော်နှင့် လက်တွဲဆောင်ရွက်သွားနိုင်ရန်မျှော်လင့် ပါသည်။ ဒေးဗစ်ကင်မရွန် (ဗြိတိန် ဝန်ကြီးချုပ်)
နိုင်ငံရေး အသွင်ကူးပြောင်းမှု ခြေလှမ်းကို ပီပြင်စေခဲ့သည့်အတွက် မြန်မာပြည်သူများကို ဂုဏ်ပြုလိုပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍနှင့် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးတွင် သူမ၏ ပါဝင် ရုန်းကန်မှုများကို အသိအမှတ်ပြုအပ်ပါသည်။ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ကဏ္ဍတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်စုစည်းမှုသည် အလွန်အရေးပါ လာပါလိမ့်မည်။

မယ်လ်ကွမ်တန်ဘူးလ် (ဩစတြေးလျ ဝန်ကြီးချုပ်)

7Day News Journal

No comments:

Post a Comment

My Blog List