Thursday, March 17, 2016

အစိုးရဝန်ကြီးဌာန ၂ဝ လောက်သာ ထားရှိမည်


အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက်မှာ အသုံးစရိတ်တွေကို လျော့ချနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် ၂၀ လောက်သာ ထားရှိမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ ပြည်ထောင်စု ဝန်ကြီးဌာန အရေအတွက်၊ အမည်နဲ့ ဝန်ကြီးဦးရေ သတ်မှတ်တာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရမှာဖြစ်တဲ့အတွက် အန်အယ်လ်ဒီပါတီရဲ့ အစိုးရမှာ ၀န်ကြီးဌာန ဘယ်နှစ်ခု ရှိမလဲ မေးမြန်းရာမှာ ဒေါက်တာဇော်မြင့်မောင်က ပြောတာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဝန်ကြီးဌာန ၃၆ ခုရှိပြီး ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး ၉၀ ကျော် ခန့်အပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေအတွက် တိုင်းရင်းသားတွေကို ထည့်သွင်းခန့်အပ်သွားဖို့ လျာထားသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ မှာလည်း အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကို ခန့်အပ်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အစိုးရဖက်က နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေး အထောက် အကူပြု ကော်မတီနဲ့ အန်အယ်လ်ဒီပါတီဖက်က အသွင်ကူးပြောင်းရေးအဖွဲ့ တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က ၄ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး သမ္မတ တာဝန်လွှဲပြောင်းရေး အခမ်းအနား ကျင်းပဖို့၊ အစိုးရ၀န်ကြီးဌာန တာဝန် လွှဲပြောင်းဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese


No comments:

Post a Comment

My Blog List