Wednesday, March 16, 2016

တပ်မတော်နှင့် ထိပ်တိုက်မတွေ့အောင် အစိုးရသစ် ဘယ်လိုကိုင်တွယ်မလဲ





နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် အရပ်သားစစ်စစ် အစိုးရတစ်ရပ်ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့သစ်မှာ နှစ်ပတ်အကြာတွင် မြန်မာနိုင်ငံကို စတင်တာဝန်ယူ တော့မည်ဖြစ်သည်။ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ် လုံး၏ ထောက်ခံမှုဖြင့် တောင်ပြိုကမ်းပြို အောင်ပွဲခံခဲ့သည့် အင်န်အယ်လ်ဒီ သည် ပြည်သူ့မျှော်လင့်ချက်များကို ဖြည့်ဆည်းကာ တိုင်းပြည်ကို ဆင်းရဲ တွင်းမှ ကယ်ထုတ်ရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ မဲ ဆွယ်စည်းရုံးရေး ခရီးစဉ်များအတွင်း ဒေါ်အောင် ဆန်းစုကြည် ပေးခဲ့သည့် ကတိများအနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ ပြည်သူအများစု၏ မျှော်လင့်ချက်များလည်း ဖြစ်နေသည်။ ထို့ပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲ မတိုင်မီကတည်းက ဒီချုပ်၏ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း ၂၀၁၅ ရွေးကောက်ပွဲပြီး ကတည်းက ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မျှော်လင့်ချက်နှင့် ယှဉ်တွဲနေသော လူထု လိုလားချက်တစ်ခု ဖြစ်သည်။

သို့သော် ဒီချုပ်အစိုးရအဖွဲ့ သစ်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တပ်မတော်မှ ပိုင်ဆိုင် လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ ကို မဟာဗျူဟာကျကျ မကိုင် တွယ်ဘဲ အလျင်စလို အကောင်အထည်ဖော် ပါက တပ်မတော်နှင့် ထိပ်တိုက်တွေ့နိုင်ပြီး ပဋိပက္ခသို့ ဦးတည်စေနိုင် ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် သတင်းစာဆရာများက သုံးသပ် ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးကိစ္စရပ်အဖြစ် (၁) အာဏာလွှဲ ပြောင်းမှု ချောမွေ့ရေး၊ (၂) တိုင်းရင်းသားအရေး၊ (၃) ပြည်သူ များ၏ စားဝတ်နေရေး၊ (၄) တရား ဥပဒေ စိုးမိုးရေးနှင့် နောက်ဆုံး အချက်မှသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို စဉ်းစားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး တွင် ပြောကြားထားသည်။ ယင်း အချက်များကို အစီအစဉ်အတိုင်း သွားပါက တပ်မတော်နှင့် ထိပ် တိုက်တွေ့နိုင်ခြေ နည်းပါးပြီး အခြေအနေကောင်းနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုတွင် မြန်မာ့နိုင်ငံရေး ကျမ်းပြုလေ့လာ နေပြီး နိုင်ငံတကာ သတင်းစာများ တွင် မြန်မာ့အရေး လေ့လာသုံး သပ်ဆောင်းပါးများ ရေးသားနေ သည့် ဦးမင်းဇင်က ပြောသည်။

ထို့ပြင် မကြာသေးမီက ၎င်း ၏ ဒီချုပ်ရွေးကောက်ခံအမတ်များ နှင့် တွေ့ဆုံစဉ် လွှတ်တော်အတွင်း ၎င်း၏ ကိုယ်စားလှယ်များအနေ ဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားအရေး၊ တပ်မတော် နှင့် ထိပ်တိုက်မတွေ့ရေး စသည့် အချက်များ ဦးစားပေးရန် ပြော ကြားခဲ့ပြီး အင်န်အယ်လ်ဒီ၏ အခြေခံမူများက ကောင်းမွန်သဖြင့် တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုသည်။

ပြည်တွင်းငြိမ်းချမ်းရေး

အစိုးရသစ်နှင့် တပ်မတော် တို့အကြား ထိပ်တိုက်တွေ့နိုင်ပြီး အထူးသတိ ထား ဆောင်ရွက်ရန်လိုသော ကိစ္စများတွင် ငြိမ်းချမ်းရေးမှာ ထိပ်ဆုံးမှဖြစ် သည်။

အင်န်အယ်လ်ဒီအစိုးရသစ် နှင့် တပ်မတော်တို့အကြား ပြဿနာတက်နိုင် ခြေကိစ္စရပ်အတော် များများ ရှိနေသော်လည်း ယေဘု ယျအားဖြင့် ငြိမ်းချမ်းရေးကိစ္စတွင် နှစ်ဖက် တူညီသည့်အချက်များကို တွဲလုပ်ရင်းဖြင့် ယုံကြည်မှုတည် ဆောက်သင့်ကြောင်းနှင့် ယုံကြည် မှုတည်ဆောက်ပြီးပါက မတူညီ သည့် အချက်များကို အချိန်ယူညှိနှိုင်းသင့်ကြောင်း စာရေးဆရာ ကျော်ဝင်းကပြောသည်။

‘‘လက်မှတ်မရေးထိုးခဲ့တဲ့ ၁၃ ဖွဲ့က ဘာကြောင့် လက်မှတ်မထိုး တာလဲဆိုရင် အကြောင်းရင်းနှစ်ခု ရှိတယ်။ ဦးသိန်းစိန်အစိုးရကို Credit မပေးချင်လို့ နောက်အစိုးရ ကျမှ တက်မယ်ဆိုတာမျိုး။ အဲဒါ ဆို ပြဿနာမရှိဘူး။ အင်န်အယ် လ်ဒီအစိုးရတက်လာလို့ Call ခေါ် လိုက်ရင်ရောက်လာမှာပဲ။ ရောက် လာလို့ရှိရင် Political Dialogue က ပြန်စလို့ရတယ်။ ဒုတိယကိစ္စ ကတော့ တရုတ်ပြည်ရဲ့ ပယောဂ ပါကောင်းပါနိုင်တယ်။ အဲဒီလိုဆို ရင် အင်န်အယ်လ်ဒီ အနေနဲ့ လုပ် ကိုင်ရခက်သွားပြီ။ ဒါပေမဲ့ တပ်နဲ့ အကျိုးစီးပွားသွားတူတဲ့အတွက် တပ်နဲ့ အင်န်အယ်လ်ဒီ ပေါင်းပြီး တော့ စဉ်းစားကြရင် အဖြေတစ်ခု ရနိုင်စရာရှိတယ်။ တရုတ်ပြည်ကို ရင်ဆိုင်ဖို့ဆိုရင် သိပ်မလွယ်ဘူး။ အဲဒါက ပြည်တွင်းအင်အားစုတွေ အချင်းချင်း ပူးပေါင်းရမှာ။ ဒါတော့ နှစ်ဖက်စလုံးက နားလည်ကြမှာပါ’’ဟု ဦးကျော်ဝင်းက ပြောသည်။

သို့သော် သတင်းစာဆရာ နှင့် နိုင်ငံရေးသုံးသပ်ဆောင်းပါး ရှင် ဦးစည်သူ အောင်မြင့်ကမူ အင်န်အယ်လ်ဒီသည် တပ်မတော် နှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များအကြား ကြားဝင်စေ့စပ် ညှိနှိုင်းပေးသည့်သဘော ဖြစ်သွား မည်ဖြစ်ကြောင်း ပြောသည်။

‘‘MPC (မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန) လုပ်သွားတာ ဒီသဘောပါပဲ။ တစ်ဖက်မှာ တပ်ရှိတယ်။ တစ် ဖက်မှာ တိုင်းရင်းသားလက် နက်ကိုင်တွေရှိတယ်။ သူက ကြားဝင် စေ့စပ်ပေးတဲ့သဘောပဲဖြစ်သွား မှာပါ။ လက်နက်ကိုင်တွေကို ဘာ မှ သွားပြောလို့မရသလိုပေါ့’’ဟု ပြောသည်။

အစိုးရသစ်သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီချက်ရရှိ အောင် နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် ကြိုးစားသင့်ကြောင်း ပြည်သူ့ လွှတ်တော် အမတ် ဟောင်း ဦးရဲထွန်းက ပြောသည်။

‘‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တဲ့အခါ ပြဿနာဖြစ်မှာက တပ်နဲ့လက်နက် ကိုင်တွေပဲ။ အင်န်အယ်လ်ဒီက ကြားထဲက စေ့စပ်ပြီး နှစ်ဖက်စလုံး လိုက်လျောနိုင်တဲ့ သဘောတူညီချက်ရအောင် နိုင်ငံရေးအရ ဦးဆောင်မှု ပေးနိုင်ရမှာပေါ့။ တပ်ကလည်း နည်းနည်း လျှော့ပါ။ တစ်ဖက်ကလည်း အရမ်းမတောင်းပါနဲ့။ ဒါကလည်း တိုင်းပြည်ကောင်းဖို့ လုပ်တာပါဆို တာမျိုးတော့ ပြနိုင်ရမယ်။ ပြီးမှ လွှတ်တော်ထဲမှာ သူ့ Procedure အတိုင်း သွားသင့်ပါတယ်’’ဟု ၎င်း ကပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဘယ်လိုကိုင်တွယ်မလဲ

နှစ်ဖက် ထိပ်တိုက်တွေ့နိုင် သော အခြားအကြောင်းအရာမှာ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဖြစ်ပြီး လုပ်ကိုလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ကာ ယင်းပြ ဿနာကို မဖြေရှင်းနိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအကူအညီ များ ရရှိနိုင်မည်မဟုတ်ပေ။ အဆို ပါ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ မရရှိပါက တိုင်းပြည်နှင့် လူထုဘဝ တိုးတက်မည်မဟုတ်၍ အဂတိလိုက်စား မှုမှာ သေချာကိုင် တွယ်ရမည့် ပြဿနာတစ်ရပ်ဖြစ် ကြောင်း နိုင်ငံရေးလေ့ လာသူများ ကပြောသည်။

သို့သော် ယင်းပြဿနာကို ကိုင်တွယ်ရာတွင် စစ်တပ်ကို အရှက်ခွဲသကဲ့သို့ လူထုကြားဖွင့် ချလိုက်သည့် ပုံစံမျိုးထက် မဟာ ဗျူဟာမြောက်စွာဖြင့် ကိုင်တွယ်မှု မျိုးကိုသာ ခေါင်းဆောင်ပိုင်းအနေ ဖြင့် စဉ်းစားသင့်ကြောင်း ဦးမင်း ဇင်က ဆိုသည်။

‘‘ဦးပိုင်တို့၊ MEC တို့၊ စစ် ဗိုလ်ချုပ်တွေကို တိုက်ခိုက်တာမျိုး မဟုတ်ဘဲ Corruption တိုက်ဖျက် ရေးကို ဘယ်လို Frame မျိုးချမလဲ ဆိုတာ ခေါင်းဆောင်ပိုင်းက ကိုင် တွယ်ရမှာပေါ့။ ဒီလိုပြောလို့ အရေးယူသင့်တဲ့ ကိစ္စတွေကို မလုပ်ရဘူးပြောတာ မဟုတ်ဘူး။ ထိပ်တိုက်မတွေ့အောင် Positive ပုံစံမျိုးနဲ့ Frame ကို မဟာဗျူဟာ ကျကျ စဉ်းစားဖြေရှင်းသင့်တယ်’’ ဟု ၎င်းကပြောသည်။

အဂတိ လိုက်စားမှု တိုက် ဖျက်ရေးမှာ လုပ်ကိုလုပ်ရမည့် အချက်ဖြစ်သော် လည်း စနစ်တကျနှင့် စီမံခန့်ခွဲလုပ်ဆောင်သင့် ကြောင်း ဦးစည်သူအောင် မြင့်က အကြံပြုသည်။

‘‘တို့တိုင်းပြည်မှာက အဂတိ လိုက်စားမှုက ဟိုထိပ်ဆုံးကနေ အောက်ဆုံး အထိ အကုန်ရှိတယ်။ ဒါကို အကြီးအသေးမခွဲဘဲ ကိုင်တွယ်ရင် ပဋိပက္ခ တွေ့နိုင်တယ်။ သိပ်ပြီး ကြီးကျယ်ဆိုးရွားတာတွေ ကိုတော့ ကိုင်တွယ်ပြီးရင် ဥပဒေနဲ့ သတိပေးတာမျိုး လုပ်ပေါ့’’ဟု ၎င်း က အကြံပြုသည်။

အင်န်အယ်လ်ဒီအစိုးရအနေ ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြွေး ကြော်သံနှင့် ဆောင်ရွက် ပါက တပ်နှင့် ထိပ်တိုက်တွေ့ကုန်မည်ဖြစ်ကြောင်း စာရေးဆရာ ဦးကျော်ဝင်းက ပြောသည်။

‘‘အဂတိလိုက်စားမှု တိုက် ဖျက်ရေးကြွေးကြော်သံနဲ့ ချကုန် ရင်တော့ ထိပ်တိုက်တွေက တွေ့ ကုန်မှာပါ။ အဲဒီကိစ္စတွေက မကောင်းမှန်း သိပေမယ့် လော လောဆယ်တော့ ချိုထားရမှာပဲဗျ။ ဆိုးဆိုးရွားရွားကိစ္စတွေကို ဥပဒေ ကြောင်းအရ တားဆီးတာပဲလုပ် ပြီးတော့ အဂတိလိုက်စားမှုတွေ အကုန်ဆော်မယ်ဆိုရင်တော့ ထိပ် တိုက်က သိပ်တွေ့သွားလိမ့်မယ်။ ချက်ချင်းလက်ငင်း ထိပ်တိုက်တွေ့လို့တော့ သိပ်မဖြစ်ဘူး။ အဲဒါ အရေးကြီးတယ်။ လူတွေရဲ့ ဆန္ဒ ကတော့ ပြဿနာနည်းနည်းရှိတာ ပေါ့ဗျာ။ ထိပ်တိုက်ပဲတွေ့ချင်မှာ ပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်လို့ မရ ဘူးဗျ’’ဟု စာရေးဆရာကျော်ဝင်း က မှတ်ချက်ပြုသည်။

အဂတိလိုက်စားမှုကို ကျိန်း သေ ကိုင်တွယ်မည်ဟု မဲဆွယ် စည်းရုံးကာလ စတင်သည့် ပြီးခဲ့ သည့်နှစ် စက်တင်ဘာလလယ်တွင်ပင် ဒေါ်အောင်ဆန်း စုကြည် က ပြောကြားထားသည်။ အဂတိ လိုက်စားမှုကို ကိုင်တွယ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ ဥပဒေ အကြောင်းအရ အရေးယူမည့် ကာလကို တိုင်းပြည်ကို အချိန် ကာလတစ်ခု သတ်မှတ်ကြေညာ၍ စည်းခြားသင့် ကြောင်း ဦးရဲထွန်းက အကြံပြုသည်။

‘‘အခုအစိုးရအဖွဲ့သစ် ကျမ်း ကျိန်ပြီးနောက်ပိုင်းဖြစ်တဲ့ကိစ္စ တွေကို ဥပဒေအရ ဘယ်သူ့မှ မညှာဘူးလို့ တိုင်းပြည်ကို ကြေညာချင်ကြေညာ၊ ဒါမှမဟုတ်လည်း အတွင်းစည်းမှာ ဒေါ်အောင်ဆန်းစု ကြည်တို့ အနေနဲ့ ပြောထား သင့်ပါတယ်။ အဲဒီလို Timeline တစ်ခုဖြတ်လိုက်တာ ကောင်း တယ်။ ဒါကျွန်တော်တို့က စိတ်ပူလို့ ပြော တာ။ အရင်က ကိစ္စတွေဆိုတာက ဝန်ကြီးဟောင်းတချို့ အပါအဝင် ဘယ်သူမှ မကင်းဘူး။ သူတို့လည်း စိတ်တထင့်ထင့်နဲ့ဖြစ်နေမှာ။ ဝန်ထမ်းတွေထဲလည်း မကင်းကြဘူး။ ဒီတော့ အဂတိလိုက်စားမှုကို တိုက်ဖျက်ရေးအတွက် အချိန် ကာလတစ်ခုသတ် မှတ်ပေး သင့်ပါတယ်’’ဟု ၎င်းကပြောသည်။

စီမံကိန်းများနှင့် အကျိုးစီးပွားပြဿနာ

အင်န်အယ်လ်ဒီအစိုးရသစ် လက်ထက်တွင် ပြန်လည် အကောင်အထည် ဖော်ရန် စိုင်းပြင်းနေသည့် စီမံကိန်းများကလည်း စောင့်ကြိုနေသည်။ အထူးသဖြင့် ဦးသိန်းစိန် အစိုးရ လက်ထက် ဆိုင်းငံ့ထားခဲ့သည့် မြစ်ဆုံ စီမံကိန်းကိုပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီဖြစ်သည့် State Power Investment Coporation (ယခင် CPI ကုမ္ပဏီ)က ဒေါ်အောင်ဆန်းစုကြည် နှင့် ယခုလာမည့် မေလတွင် တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်းနှင့် အင်န်အယ်လ်ဒီဘက်က အကြောင်းမပြန်သေး ကြောင်း 7Day ဂျာနယ်နှင့်တွေ့ ဆုံစဉ် ပြောကြားထားသည်။ မြစ် ဆုံစီမံကိန်းကဲ့သို့ပင် နိုင်ငံအတွင်း လူထုကန့်ကွက်မှု ကျယ်ကျယ် ပြန့်ပြန့် ရှိထားသော စီမံကိန်းများ စွာရှိနေပြီး အချို့စီမံကိန်းများတွင် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း စုဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေမှုများလည်း ရှိသည်။

‘‘အခုဖြစ်နေတာတွေက နိုင်ငံရေးပြဿနာအပြင် အကျိုးစီးပွားပြဿနာတွေ လို့ မြင်ကြည့်လို့ရ တယ်။ အစိုးရအဖွဲ့ အပြောင်း အလဲဖြစ်လာတဲ့အခါ နှစ် ၅၀ လောက် စစ်တပ်က အာဏာရှင် ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ စစ်တပ် အသိုင်းအဝိုင်း လက်ထဲက အကျိုးစီးပွားတွေ၊ စီမံခန့်ခွဲမှု အားလုံးလိုလိုဟာ အင်န်အယ်လ်ဒီ အစိုးရလက်ထဲ ရောက်လာတော့ မှာကို။ အဲဒီအကျိုးစီးပွား တွေဟာ မမျှော်မှန်းနိုင်အောင်ကို များပြား တယ်။ လည်ပတ်ပြီးသားတွေ၊ လည်ပတ်ဆဲတွေ၊ လည်ပတ်ဖို့ လုပ်ထားတာတွေ အများကြီးရှိနိုင် တယ်။ အင်န်အယ်လ်ဒီအနေနဲ့ အဲဒီအကျိုးစီးပွားတွေကို အင်န် အယ်လ်ဒီ အစိုးရက ကောင်း ကောင်းမွန်မွန်နဲ့ ညင်ညင်သာသာ ကိုင်တွယ်သွားရမယ်’’ဟု ဦးစည် သူအောင်မြင့်က သုံးသပ်ပြော ကြားသည်။

အကျိုးစီးပွားဆိုင်ရာ ပြဿ နာအဖြစ် မကြာသေးမီက လွှတ် တော်အတွင်း ဒီချုပ်အမတ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့် အရေးကြီးအဆိုတွင် ပါဝင် ခဲ့သော လက်ပံတောင်းတောင် ကိစ္စ၌ မြင်သာကြောင်း တကောင်းနိုင်ငံရေး
လေ့လာမှုအဖွဲ့မှ ဒါရိုက်တာဦးရဲမျိုးဟိန်းက ပြောသည်။

‘‘အကျိုးစီးပွားဆိုင်ရာ ပြဿ နာ/ သိပ်မကြာသေးခင်ကတောင် မှ လက်ပံ တောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီလွှတ်တော်အမတ်က ဆွေးနွေး တော့ တပ်မတော်သားကိုယ်စား လှယ်တွေအားလုံး ထကန့်ကွက် တယ်။ အဲဒီလို အကျိုးစီးပွားဆိုင်ရာ ပြဿနာတွေ အများကြီးဖြစ်လာ နိုင် တယ်’’ဟု ၎င်းကပြောသည်။

တပ်မတော်အနေဖြင့် လက်ရှိအကျိုးစီးပွားများနှင့်သွားနေသည့် လမ်းကြောင်း အရ ဒီချုပ်၏ မူဝါဒများကို ချက်ချင်းလက်ခံရန် ခက်ခဲမည်ဖြစ်သော်လည်း ဒီမို ကရေစီကို မျက်နှာမူ၍ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဦးရဲမျိုး ဟိန်းက ပြောသည်။

‘‘စီးပွားရေးကတော့ အထူး ဦးစားပေး လုပ်ရမှာဗျ။ ဒါပေမဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း တွေကို လောလောဆယ် ပိတ်တာ ဆို့တာတွေလုပ်လိုက်ရင် ပြဿနာ ရှိတယ်။ အဲဒါတော့ လုပ်လို့မဖြစ် ဘူး။ တစ်စုံတစ်ရာ သူတို့ကို စား ခွင့်ပေးထားပြီးတော့ တစ်ဖက်က လည်း ပုဂ္ဂလိကကို အားပေးရ မယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် မြန်မာပြည်မှာ ဘယ်တုန်းကမှ မရဖူးတဲ့ Legitimacy (တရားဝင်ဖြစ်မှု)က အရမ်းအား ကောင်းလာမယ်။ ရင်းနှီးမြှုပ်နှံမှု ကလည်း ဝင်လာစရာရှိတယ်။ အဲဒါတွေကို ကျကျနန စီမံခန့်ခွဲရ နိုင်တယ်။ တပ်စီးပွားရေးလုပ်ငန်း တွေကို သိပ်ပြီးတော့ ဆိုးဆိုးရွား ရွား မဖြစ်တာတွေတော့မသိချင် ယောင်ဆောင်ပေးရမယ်’’ ဟု စာရေးဆရာကျော်ဝင်းက ပြော သည်။

အင်န်အယ်လ်ဒီအစိုးရသစ် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ကိုက်ညီ အောင် ပြုမူလုပ်ကိုင် ခြင်း၊ နှစ်ပေါင်း ငါးဆယ်ကျော် ကြာ စစ်တပ်အသိုင်း အဝိုင်းလက်တွင်းမှ အကျိုးစီးပွားပြဿနာများကို ညင်ညင်သာသာကိုင်တွယ်
ဖြေရှင်းခြင်းနှင့် ပြည်တွင်းငြိမ်းချမ်း ရေးတွင် တပ်မတော်နှင့် လက်နက် ကိုင်တပ်ဖွဲ့များအကြား ကြားဝင် စေ့စပ်ညှိနှိုင်းသူအဖြစ် ရပ်တည်ခြင်းတို့ ပြုလုပ်ပါက တပ်မတော်နှင့် ထပ်တိုက်တွေ့နိုင် သည့် ပဋိပက္ခများကို
ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ဦးစည်သူ အောင်မြင့်က အကြံပြုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

အင်န်အယ်လ်ဒီအစိုးရသစ် အနေဖြင့် တပ်မတော်နှင့် ထိပ် တိုက်တွေ့လာနိုင်သည့်အချက်မှာ အဓိကအချက်နှစ်ချက်ရှိပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို တိုက်တိုက်တွန်းတွန်း လုပ် ဆောင်ခြင်းနှင့် တပ်မတော်ကို လူထုအမြင်တွင် အရှက်ခွဲသည့် သဘော သက်ရောက်သည့် လုပ် ဆောင်ချက်များ ပြုမူပါက တပ်နှင့်အစိုးရသစ် ထိပ်တိုက်တွေ့လာ နိုင်ကြောင်း ဦးမင်းဇင်က ပြော ကြားသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ရေး ဖိတွန်းလာမယ်ဆို တပ်က လက်မခံဘူး။ ထိပ်တိုက်တွေ့လိမ့် မယ်။ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းထဲ မှာ သွေးနှောတာကို လက်မခံဘူး။ ဒါအခြေခံဥပဒေကို
ပြောချင်တာ။ နောက် သစ္စာဖောက်ဆိုတာ။ ဒါက ဦးရွှေမန်းနဲ့ပတ်သက်ပြီး ပြောပုံရတယ်။ တပ်မတော်မှာ သူ့ကို လူထုနဲ့တိုက်ပေးတယ်၊ အရှက်ခွဲတယ်ဆိုတဲ့အမြင် (မှန်တာမှားတာ အပထား) အဲဒီ Perception ရှိတယ်။ အဲဒီလိုယူဆချက်ရှိရင် ထိပ်တိုက်တွေ့နိုင်တယ်။ အဲဒီ နှစ်ချက်ကို ဂရုစိုက်ရမယ်’’ဟု ၎င်း ကပြောသည်။

ထို့ကြောင့် အင်န်အယ်လ်ဒီ အစိုးရအနေဖြင့် လွှတ်တော်လမ်း ကြောင်းမှ ဖွဲ့စည်းပုံပြင်ရေးထက် တပ်မတော်နှင့် ညှိနှိုင်း၍ နိုင်ငံရေး ဆွေးနွေးပွဲမှ တစ်ဆင့် တဖြည်းဖြည်း လျှော့ချသည့် အနေအထား ဖြင့် ဖွဲ့စည်းပုံပြင်ဆင် ရေး ကြိုးပမ်းသင့်ကြောင်း စာရေးဆရာ ကျော်ဝင်းက ဆိုသည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲကနေ သွားရင် ပြဿနာမရှိဘူး။ တပ်က ပြည်တွင်းစစ် တန်းလန်းနဲ့ လိုက် လျောမှာ မဟုတ်ဘူး။ တကယ့် လက်တွေ့ကျတာက နိုင်ငံရေး ဆွေးနွေးပွဲကနေ သွားပြီးမှ လျှော့ ချသင့်တယ်။ တပ်က နှစ်ချက် ပြောထားတယ်။ ပြည်တွင်းစစ်အခြေ အနေ ကောင်းလာရင် တပ်က လျှော့ မယ်။ ဒီမိုကရေစီရင့်ကျက် လာရင် လျှော့မယ်။ ပြည်တွင်းစစ်က တစ်ဘရိတ် တည်းနဲ့ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်း ရေးရမှာမဟုတ်ဘူး။ တစ်စုံတစ် ရာ ပြေလည်သွားရင် အထိုက်အ လျောက် လျှော့သွားမယ်။ အခု တွေ့ရတာကတော့ အောက်ပိုင်း က လက်နက်ကိုင်အဖွဲ့တွေနဲ့တပ် က ပြေလည်နေတာတွေရှိတယ်။ အဆင်ပြေရင် ပြေသလို လျှော့ သွားတာမျိုးကို အင်န်အယ်လ်ဒီ အစိုးရက ဆွေးနွေးသင့်တယ်။ ဒါ ကတစ်ချက် ဒီမိုကရေစီ ရင့်ကျက်မှ တဖြည်းဖြည်း လျှော့မယ်ဆိုတာတော့ သိပ်အခြေအနေမကောင်း ဘူးဗျ။ ဒီမိုကရေစီရင့်ကျက်၊ မရင့် ကျက်က ဘာနဲ့ တိုင်းတာမလဲ။ တိကျတဲ့ အချက်တွေဖြစ်အောင် ညှိနှိုင်းသင့်တယ်။ ဒါတွေက ညှိ နှိုင်းပြီး PD ကတစ် ဆင့် ခြေဥပြင်ရေးသွားနိုင်ရင် မဖြစ်စရာမရှိဘူး’’ ဟု ဦးကျော်ဝင်းကပြော သည်။

အထက်ပါပြဿနာများအ ပြင် ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ ဥပဒေများ ဥပမာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေများ လျှော့ပေါ့ပြင်ဆင်ခြင်း၊ မျိုးစောင့် ဥပဒေများ ပြင်ဆင်ရန် ကြိုးပမ်း လာပါက တပ်မတော်နှင့် သာမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ အမတ်များနှင့်ပါ ထိပ် တိုက်တွေ့လာနိုင်ကြောင်း ယခင် ပထမအကြိမ် လွှတ်တော်မှ သီပေါအမတ်ဟောင်း ဦးရဲထွန်းက ပြောသည်။

‘‘လွှတ်တော် တွင်းမှာတော့ အဲဒီ ပြဿနာတွေ ရှိနိုင်တယ်။ အစိုးရအဖွဲ့ အနေနဲ့ဆို တပ်မ တော်ထိန်းချုပ်မှုအောက်မှာမရှိတဲ့ ၀န်ကြီးဌာနတွေ၊ လုပ်ငန်းတွေက တော့ အင်န်အယ်လ်ဒီအနေနဲ့ ဥ ပဒေနဲ့အညီ လုပ်သွားနိုင် မယ်လို့ ထင်ပါတယ်။ အကျိုးစီးပွားက တော့ ဥပဒေနဲ့မညီတာကို သူ့လက် ထက်မှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးရင် ပြဿနာမရှိလောက်ဘူး’’ဟု ၎င်းကပြောသည်။

တပ်မတော်အနေဖြင့်ဖွဲ့စည်း ပုံအခြေခံဥပဒေကို အစဉ်ဆုပ်ကိုင်ထား၍ မရကြောင်း သဘောပေါက် ရန်လိုပြီး အခြေခံဥပဒေကို ချက်ချင်းပြင်ရန် မလွယ်သော်လည်း နှစ်ဖက်ယုံကြည်မှု တည်ဆောက်၍ ဆွေးနွေးညှိ နှိုင်းခြင်းဖြင့်ပြင် ဆင်သင့်ကြောင်း ကိုရဲမျိုးဟိန်းက အကြံပြုသည်။

‘‘ပြည်သူတွေက ၅၉(စ)ပြင် ဆင်ရေး/ဆိုင်းငံ့ရေးကို မျှော်လင့် ပေမယ့် ဖြစ်မလာခဲ့ဘူး။ အင်န် အယ်လ်ဒီအစိုးရအနေနဲ့ အခြေခံ ဥပဒေပြင်ဆင် ရေးကို ကြိုးစားလာ ရင် တပ်နဲ့တင်းမာမှုတွေ ထပ်ဖြစ် လာနိုင်တယ်။ စိုးရိမ်မှုတွေကိုပြောင်းလဲလာတဲ့ အခြေအနေနဲ့ ပြန်လည်ချိန်ထိုးပြီး သုံးသပ်သင့်တယ်။ အင်န်အယ်လ်ဒီဘက်က အရပ်ဘက်နိုင်ငံရေးသမားတွေ ရဲ့ Capacity ကိုပြပြီး နိုင်ငံရေးကို ထိန်းကျောင်းနိုင်စွမ်းကို ပြရင်း ဆွေးနွေး သွားဖို့ လိုတယ်လို့မြင်တယ်’’ဟု ၎င်းကပြောသည်။

ရှေ့ဆက်ကြုံတွေ့ရမည့်၊ ကြုံတွေ့နိုင်ဖွယ်ရှိနေသည့် နိုင်ငံ ရေးခယောင်း လမ်း အကျပ်အ တည်းများအားလုံးကို ဖြေရှင်းရန် နည်းလမ်း (Solution) မှာ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ဖြစ်ကြောင်း စာရေးဆရာကျော် ၀င်းက ယခုကဲ့သို့ပြောသည်။

‘‘ဒီအခက်အခဲတွေ အားလုံး ကျော်ဖို့က ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တည်းပဲ တတ်နိုင်တယ်။ သူလုပ်မှပဲ ရမှာ’’

7Day News Journal

No comments:

Post a Comment

My Blog List