Thursday, March 17, 2016

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းသည့်အပေါ် အမြင်များ

သမ္မတ ဦးထင်ကျော် ခေါင်းဆောင်မယ့် အစိုးရအဖွဲ့သစ်မှာ ပြည်ထောင်စု ဝန်ကြီးဌာန ၂၁ခု နဲ့ ဝန်ကြီးဦးရေ ၁၈ ဦးတို့ကိုသာထားရှိမှာဖြစ်တယ်လို့ ဒီကနေ့ ပြည်တောင်စုလွှတ်တော်မှာ တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဲဒီဝန်ကြီးဌာန ၂၁ ခုထဲမှာ အရင်အစိုးရအဆက်ဆက်ကမရှိဖူးသေးတဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကိုလည်း တင်ပြထားပါတယ်။ ခုလို တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို အန်အယ်လ်ဒီ အစိုးရအနေနဲ့ ဖွဲ့စည်းဆောင်ရွက်မယ့်အပေါ် တိုင်းရင်းသားခေါင်းဆောင် တချို့ရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ပြထားပါတယ်။
ဒေါက်တာတူးဂျာ (ကချင်ပြည်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ)

“ဟိုးအရင်က ပင်လုံညီလာခံပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားရေးရာကို ဗဟိုမှာ ထားရှိတာ ရှိတယ်။ အခု တိုင်းရင်းရာဝန်ကြီးဌာနထားတာ အင်မတန် ကောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီဌာနထားခြင်းအားဖြင့် ဒီဝန်ကြီးဌာန ကနေပြီးတော့မှ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို အများကြီးလုပ်ဆောင်လို့ရတယ်။ တိုင်းရင်းသားတွေထဲမှာ ကွဲပြားနေတဲ့ အမြင်သဘော ထားတွေလည်း စုစည်းလို့ရတယ်။ အမြင်တူအောင်လုပ်လို့ရတယ်။ နောက် စည်းလုံးညီညွတ်ရေးလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လို့ရတယ်။ ဒါကြောင့်မို့လို့ ကျနော်ကတော့ ဒါတကယ် ဒီဝန်ကြီးဌာန ထားမယ်ဆိုရင်တော့ အရမ်းကိုကြိုဆိုတယ်ဗျာ။ ဒီဝန်ကြီးဌာနမှာလည်း တကယ်တာဝန်ခံဝန်ကြီး ကို ခန့်အပ်တဲ့နေရာမှာလည်း တိုင်းရင်းသားထဲက ဖြစ်စေချင်တယ်။ နောက်ပြီး တိုင်းရင်းသား အရေးကို တော်တော်နှံ့စပ်တဲ့ပုဂ္ဂိုလ် ဖြစ်စေချင်တယ်။ စိတ်ကောင်း စေတနာရှိတဲ့သူ၊ စေတနာမှန်တဲ့လူဖြစ်စေချင်တယ်။ အဲလို လူမှန်နေရာမှန်ချထားနိုင်လို့ ရှိရင်တော့ အကောင်းဆုံး ဖြစ်မယ်ဗျာ။ ဒါကြောင့် ဒီဝန်ကြီးဌာနကို ထားဖြစ်အောင်ထားဖို့တော့ အန်ကယ်တို့ ဆုတောင်း တယ်။ တကယ်အတည်ဖြစ်မယ်ဆိုရင်တော့ အရမ်းကြိုက်တယ်ဗျာ။ ”

ဦးဇော်အေးမောင် (ရခိုင်အမျိုးသားပါတီ)
“ကျနော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံလို့ ခေါ်တွင်တဲ့ဒီနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက တိုင်းရင်းသား ၁၃၅ မျိုးအတူတကွ အေးအတူပူအမျှ မှီတင်း နေထိုင်လာတဲ့ မြေကြီးဖြစ်ပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားအရေးဟာ အရမ်းအရေးကြီး ပါတယ်။ တိုင်းရင်းသားများနဲ့ သင့်မြတ်ပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်သွားမှ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ လွှတ်တော်အခင်းအကျင်း တုန်းက တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေကို ပြဌာန်းပြီးတော့ ကနေ့အထိ အဲဒီဥပဒေ။ နည်းဥပေဒလည်း မဆွဲရသေးဘူး။ ဥပဒေ အသက်လည်းမ၀င်သေးဘူး။ ဘာမှလည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ အခုလက်ရှိ အန်အယ်ဒီအစိုးရ ဒီမိုကရက်တစ်အစိုးရ လက်ထဲမှာ အခုလို တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတခု ဖော်ဆောင်မယ်၊ တိုင်းရင်းသားအရေး များကို ဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အင်မတန်ခိုင်မာလာပြီးတော့ ကျနော်တို့နိုင်ငံဟာ မကြာခင်ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာလာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်က ကြိုလည်းကြိုဆိုတယ်။ ထောက်လည်း ထောက်ခံပါတယ်။ ”

စောစေးဝါး (ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး)
“ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန တခုရမှသာလျှင် ကျနော်တို့ အဲဒီ သူ့ရဲ့အုပ်ချုပ်မှုယန္တရားပေါ့ဗျာ၊ ဘတ်ဂျက်တို့ ရန်ပုံငွေတို့၊ ဌာနဆိုင်ရာတို့၊ ၀န်ထမ်းတို့ အပြည့်အစုံရှိမှသာလျှင် ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ လိုလားတဲ့ စာပေယဉ်ကျေးမှုတို့၊ ဓလေ့ထုံးစံတို့ ဖော်ထုတ်တဲ့ကိစ္စမှာ ပီပီပြင်ပြင်ဖြစ်မယ်လေ။ အဲဒါကြောင့် အဲဒီဝန်ကြီးဌာနတခုကို ရှိစေချင်တယ်။ အဲဒါ ကျနော်တို့ရဲ့ ကြိုးပမ်းချက်ပါ။ အဲဒါ ကျနော်တို့ပါတီက တော်တော်လေးကို အဓိကထားလုပ်နေတယ်။ အဲဒါက ၁ ပေါ့၊ ၂ ကတော့ အဲဒီဝန်ကြီးဌာနမှာရှိတဲ့ ၀န်ကြီးကတော့ အလွန်အရည်အချင်းမီတဲ့ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ သာမန်ပေါ့ဗျာ အိမ်ဖြည့်ဝင်လာတဲ့ ၀င်ပြိုင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေဆိုရင်တော့ ဒါ သိပ်အဆင်မပြေဘူး။ အခုက အန်အယ်လ်ဒီက ကိုယ်စားလှယ်တွေက များသောအားဖြင့် အိမ်ဖြည့်တွေဖြစ်တယ်ဗျာ။ ဘာဖြစ်လို့ အိမ်ဖြည့်တွေ ဖြစ်သလဲဆိုတော့ ကျနော်တို့တိုင်းရင်းသားတွေ ရွေးချယ်တဲ့အထဲက ကျန်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းရင်းသားအရေးကို ပီပီပြင်ပြင် ပြည့်ပြည့်စုံစုံ လုပ်နိုင်တဲ့ အနေအထားမရှိဘူးလေ သူတို့ရဲ့အရည်အချင်းက။ တိုင်းရင်းသားအရေးကို အထူးစိတ်ဝင်စား ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်းမဟုတ်တဲ့အတွက် လုပ်တဲ့ကိုင်တဲ့အခါမှာ အခက်အခဲရှိမယ်လေ။ အဲဒါကြောင့် ကျနော်တို့ကတော့ တိုင်းရင်းသားထဲမှာ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်၊ အရည်အချင်းမီတဲ့ ပုဂ္ဂိုလ်၊ တိုင်းရင်းသားအရေးကို စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်၊ နောက်ပြီး အမှန်တကယ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ကိုတော့ ကျနော်တို့ လိုချင်တယ်ဗျာ။ အဲဒါကတော့ ကျနော်တို့ရဲ့ သဘောထားပါပဲ။”

DVB

No comments:

Post a Comment

My Blog List