Monday, March 14, 2016

ဒုတိယသမ္မတများရွေးချယ်ခြင်းနှင့် ပြည်သူ့အသံ



လွှတ်တော်နှစ်ရပ်နှင့် တပ်မတော်တို့က ရွေးကောက်တင်မြှောက် သည့် ဒုသမ္မတသုံးဦးထွက်ပေါ်လာပြီဖြစ်သည်။ အဆိုပါဒုသမ္မတသုံးဦး အနက် အင်န်အယ်လ်ဒီက အဆိုတင်သွင်းခဲ့သည့် ဦးထင်ကျော်နှင့်ဦးဟင်နရီ ဗန်ထီးယူတို့နှင့်ပတ်သက်၍ ပြည်သူများကြားဝေဖန်ပြောဆိုမှု မရှိသော် လည်း တပ်မတော်က ရွေးချယ်တင်မြှောက်လိုက်သည့် ဒုသမ္မတဦးမြင့်ဆွေ သည် ယခင်စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်အထိ ရန်ကုန်တိုင်း၏ အုပ်ချုပ်ရေးကို တာဝန်ယူထားစဉ်အတွင်း ဆောင်ရွက်ခဲ့မှု များနှင့် အမေရိကန်အစိုးရ၏ ပိတ်ဆို့ခံထားရသူ စာရင်းတွင်ပါဝင်နေခြင်း၊ ၎င်း၏သားမက်သည် ပြည်ပနိုင်ငံသားခံ ယူထားခြင်း စသည့်အချက်များ ကြောင့် ကန့်ကွက်ဝေဖန်မှုများနှင့်ကြုံ တွေ့နေရသည်။
လက်ရှိရွေးချယ်တင်မြှောက်ခံထားရသော ဒုသမ္မတ သုံးဦးနှင့်ပတ် သက်၍ ပြည်သူများ၏ မျှော်လင့်ချက်၊ ဆန္ဒနှင့် အစိုးရသစ်လက်ထက် ၎င်းတို့အပေါ် အကြံပြုချက်များကို ပြည်သူ့အသံအဖြစ် စုစည်းတင် ဆက်လိုက်ပါသည်။

ဦးလင်းအောင်
(စင်ကာပူရောက်မြန်မာများအရေး ကူညီဆောင်ရွက်သူ)

ဘယ်သူ့ကို နိုင်ငံတော် သမ္မတအဖြစ် မြင်ချင်သလဲဆိုတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြောရရင် အင်န်အယ်လ်ဒီပါတီက ရွေးချယ်ထားတဲ့ ဒုတိယသမ္မတနှစ်ဦးထဲက တစ်ဦးကို ဖြစ်စေ ချင်တာပေါ့။ အဲဒီနှစ်ဦးထဲက ဘယ်သူ့ကို သမ္မတဖြစ်စေချင်တာလဲဆိုရင် တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံလို့လည်း ပြောလို့ရ၊ ကိုယ်ရေး အရာရှိလို့ ပြောလို့ရတဲ့ ရိုးဂုဏ်ရှိတဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ဟန် ကိုယ့်ဖို့ဆိုတဲ့ အနေအထားအပြည့်ရှိတဲ့ ပညာတတ် ဦးထင်ကျော်ကိုပဲ သမ္မတဖြစ်စေချင် ပါတယ်။ ပြည်ပရောက် မြန်မာတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံနဲ့ ပတ်သက် ရင် ဘယ်တော့မှ နောက်ကျတာမဖြစ်စေချင်ဘူး။ ဒါပေမဲ့ ကိုယ်ရောက်ဖူးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာထက် ဖွံ့ဖြိုးမှုညံ့တာ တစ်နိုင်ငံမှမရှိ ပါဘူး။ အဲဒါတွေကြောင့်လည်း ပြည်တွင်းနေ လူထုရော ပြည်ပရောက် မြန်မာများပါ Time To Change ကို မျှော်လင့်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီကိုစုပြုံပေးခဲ့ကြတာပေါ့။

အင်န်အယ်လ်ဒီက ရွေးထားတဲ့ နောက်ဒုတိယ သမ္မတလောင်းတစ်ဦးအနေနဲ့ ဝေဖန်မှုတချို့ရှိနေတယ်ဆိုပေမယ့် အင်န်အယ်လ်ဒီပါတီစထောင်က တည်းက မူဖြစ်တဲ့ ‘‘အမျိုးသားရင်ကြားစေ့ရေးမူ’’ကို ဦးတည်ပြီး နိုင်ငံရဲ့အရေးပါတဲ့ ထိပ်ပိုင်းရာထူးနေရာကို ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုအနိမ့်ဆုံး၊ အဆင်းရဲဆုံးပြည်နယ် ‘‘ချင်း’’ပြည်နယ်က တိုင်းရင်းသားလူမျိုးတွေအတွက် ရွေးချယ်ထားပေးတယ်လို့ မြင်မိတယ်။တပ်မတော်က တင်မြှောက်ထားတဲ့ ဒုတိယသမ္မတလောင်း ဦးမြင့်ဆွေကတော့ ပြီးခဲ့တဲ့ ၂၀၁၂ လောက်က ဒုသမ္မတ ဦးတင်အောင်မြင့်ဦး အနားယူတော့ သူ့နေရာအစားထိုးဖို့ ဦးမြင့်ဆွေကို တင်မြှောက်ဖို့ရာ သူ့သမီးနဲ့ သမက်ပါ မြန်မာနိုင်ငံသား ခံယူထားတယ်လို့ ကြားသိရပေမယ့် ဘယ်လို ဘယ်ပုံခံယူထားကြသလဲ။ အဲဒီအပေါ် ဘယ်လိုရှင်းလင်းချက် ထုတ်ပြန်မလဲဆိုတာကလည်း စောင့်ကြည့်ရမှာပါ။ နောက်ဆုံး ပြတ်ပြတ်သားသားပြောရမယ်ဆိုရင်တော့ ဦးမြင့်ဆွေအနေနဲ့ မြန်မာနိုင်ငံ ဒုတိယသမ္မတအနေနဲ့ မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။

ဒေါက်တာသန်းထွဋ်
(လင်း-ဆေး (၁) အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန)

ဦးထင်ကျော်က လက်ရှိအနေအထားအရဆိုရင် အသင့်တော်ဆုံး ပဲ။ ဘာကြောင့်လဲဆိုတော့ ဆရာတို့ အင်မတန်ကြည်ညိုတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့သား၊ ပညာတတ်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့က လည်း ရင်းရင်းနှီးနှီးရှိပြီးသား။ ယဉ်ကျေးတယ်။ လူလိမ္မာသားတွေလေ။ ဒီလိုလူမျိုးပဲ ဒီနေရာနဲ့ သင့်တော်တယ်လို့ ယူဆတယ်။ မူလစည်းမျဉ်း စည်းကမ်းအတိုင်းကတော့ ဦးဟင်နရီဗန်ထီးယူပဲ အလားအလာကောင်း မှာပေါ့။ သို့သော်လည်း ဟိုဘက်က ဦးမြင့်ဆွေက ထားလိုက်ပေါ့။ ၅၉(စ)ငြိတယ်၊မငြိဘူး ရှင်းရှင်းလင်းလင်းမသိဘူး။ ဦးဟင်နရီဗန်ထီးယူက မူလတုန်းကတော့ အဆင်ပြေနေတာပဲ။ အခုကျတော့ နည်းနည်းပါးပါး ထောက်တဲ့အကွက်လေးတွေရှိလာတော့ အစွန်းနှစ်ဖက်ကြား ညပ်သွားတာ ပေါ့။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအစွန်းရယ်၊ ဖက်ဒရယ်ပြည်ထောင်စုအစွန်းရယ်ကြားထဲမှာ ဘာသာရေးအရ ဝင်စွက်သွားတဲ့အခါ ကြားညပ်သွားတာပေါ့။ ဆရာတို့အနေနဲ့ကျတော့ ဘာမှကန့်ကွက်စရာ မရှိဘူး။ သို့သော်စိစစ်ရေးကော်မတီက ဒီအချက်တွေကို ထည့်သွင်းစဉ်းစားမလား၊ မစဉ်းစားဘူးလား။ စံနှုန်းတွေနဲ့ ကြည့်မလားပေါ့။ ဆရာ့အနေနဲ့တော့ ပုဂ္ဂိုလ်ရေးအရ ဒီနှစ်ယောက်ဖြစ်သွားရင်ပြီးတာပါပဲ။ အဓိကကတော့ လွှတ်တော်ထဲမှာရှိတဲ့ အင်န်အယ်လ်ဒီအမတ်တွေ က ဒီပရိယာယ်တွေကို ကျေညက်ဖို့လိုတယ်။ မဲပေးတဲ့စနစ်ကို ကျေကျေညက်ညက်နားလည်အောင် တစ်ခါတည်း အနီးကပ်သင်ထားရမယ်။ ဒီလှည့်ကွက် ပရိယာယ်တွေရဲ့ ထောင်ချောက်တွေကိုလည်း မြင်အောင်ပြောပြထားရမယ်။ မူလရည်မှန်းထားတဲ့ လုပ်ငန်းစဉ်ထဲက ချွတ်ချော်တိမ်းပါးသွားရင် ဘယ်လိုအကျိုးဆက်တွေရမယ်ဆိုတာ ပင်နီဝတ်ကိုယ်စားလှယ်တော်ကြီး နားလည်သဘောပေါက်အောင် ရှင်းလင်းပြထားနိုင်ရင်၊ လေ့ကျင့်ပေးထားနိုင်ရင်တော့ ပြောနေကျစကား အတိုင်းပြောရရင် သားရွှေအိုးထမ်းမှာပေါ့။

ကိုခင်မောင်ထွန်း
(မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း)

ဦးထင်ကျော်ကိုပဲ သမ္မတဖြစ်စေချင်ပါတယ်။ အင်န်အယ်လ်ဒီက တင်တဲ့သူနှစ်ယောက်ကိုတော့ သမ္မတနဲ့ ဒုသမ္မတဖြစ်စေချင်တယ်။ အား လုံးက အပြောင်းအလဲတစ်ခုကို လိုချင်နေကြတာပဲလေ။ ဝေဖန်မှုတွေ၊ အငြင်းပွားစရာတွေ ဒါမျိုးတွေမဖြစ်အောင် အရင်စိစစ်သင့်တယ်လို့ အစ်ကိုထင်တယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုတော့ မဖြစ်စေချင်ဘူး။ သူ့အကြောင်းလည်း အားလုံးသိနေတာပဲလေ။ ဦးဟင် နရီဗန်ထီးယူက သူ့ဘာသာသူ ဘယ်မှာပဲနေခဲ့နေခဲ့ အင်န်အယ်လ်ဒီက တင်တဲ့သူဖြစ်တဲ့အတွက် လက်ခံပြီးသားပဲ။ အမေစုဦးဆောင်မယ့် အစိုး ရသစ်အပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ မျှော်လင့်တာတော့ အများကြီးပေါ့။ ပြည်သူတွေအတွက် အကောင်းဆုံးတွေပဲ လုပ်ပေးမယ်။ လုပ်နေမယ်လို့လည်း ကျွန်တော်ယုံကြည်တယ်။ အမေစုသမ္မတမဖြစ်တဲ့အ တွက် နှမြောမိတာတော့ အမှန်ပဲ။

ကိုမောင်ထွန်း (လုပ်ငန်းရှင်၊ အောင်လံမြို့)

စစ်တပ်က ရွေးချယ်စရာလူမရှိတော့လို့လား မသိဘူးနော်။ ဒါက သူတို့အပိုင်းပါ။ ပြည်သူနှစ်သက်မှုရှိ၊ မရှိ အရင်လေ့လာပြီးမှ ရွေးချယ် ပေးရင် ပိုကောင်းမှာပေါ့။ အခုက အရင်ကအတိုင်း လုပ်ချင်တာလုပ်မယ် ဆိုတဲ့ သဘောထားကို ပြတာလို့ထင်တာလေ။ နိုင်ငံတော်သမ္မတကိုတော့ ဦးထင်ကျော်ကိုဖြစ်စေချင်တယ်။ ပညာလည်းတတ်တယ်။ အမေစုရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တော့ အမေ့ရဲ့သဘောထားစိတ်နေစိတ်ထား ကို တိတိပပသိပြီး အမေဖြစ်စေချင်တာကို လုံးဝအကောင်အထည်ဖော် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ချင်းတိုင်းရင်းသားဒုတိယသမ္မတကိုမှ ဝေဖန်တာမဟုတ်ပါဘူး။ ပြောင်းလဲမှုမလိုချင်သူတွေကတော့ အပြစ် သေးသေးလေးတွေ့လည်း အကြီးကြီးလုပ်ပြောကြမှာပဲ။ တိုင်းရင်းသားထဲက ဒုတိယသမ္မတဖြစ်လာတာကြိုဆိုတယ်။ အမေစုရဲ့ခေါင်းဆောင်မှုအောက်မှာ ကောင်းကောင်းလုပ်နိုင်မှာပါ။ အမေသမ္မတမဖြစ်တာတော့ ၀မ်းနည်းမိတယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည်ကို အာဆီယံနိုင်ငံတွေထဲမှာ အချမ်းသာဆုံး၊ အတိုးတက်ဆုံးနိုင်ငံဖြစ်အောင် လုပ်ပေးပါ။ သူများနိုင်ငံသွားတဲ့အခါ မျက်နှာမငယ်ချင်တော့ဘူးဗျ။

မြတ်နိုးဝေ (NGO ၀န်ထမ်း)

ဦးမြင့်ဆွေကလွဲရင် လက်ရှိဒုသမ္မတနှစ်ယောက်ထဲက ဘယ်သူပဲ သမ္မတဖြစ်ဖြစ်ရပါတယ်။ ဦးမြင့်ဆွေကိုတော့ ဒုသမ္မတအဖြစ်မမြင်ချင် ဘူး။ ဦးဟင်နရီဗန်ထီးယူနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် ကျွန်မ တို့ယုံကြည်တဲ့ခေါင်းဆောင်က ယုံကြည်လို့ရွေးချယ်ထားတဲ့သူဖြစ်တဲ့အ တွက် ဒုသမ္မတတစ်ယောက်အဖြစ် လက်ခံလို့ရတယ်။ ဒေါ်စုဦးဆောင် တဲ့ အစိုးရသစ်ဆီကနေ ဘာတွေမျှော်လင့်လဲဆိုရင် ပညာရေးတန်ဖိုးမြင့် လာစေချင်တယ်။ နိုင်ငံခြားသားကုမ္ပဏီတွေမှာ အရေအသွေးရှိတဲ့လူငယ် တွေ ခေါင်းငုံ့ခံနေရတာမျိုးကိုမမြင် ချင်တော့ဘူး။ တက္ကသိုလ်ပညာရေး စနစ်ဆိုရင်လည်း အဆောက်အအုံ တွေဆောက်ပြီး အရေအတွက်တိုး ချဲ့တာမျိုးမဟုတ်ဘဲနဲ့ တကယ့်ကိုအရည်အသွေးပြည့်ဝတဲ့ပညာရေး စနစ်ဖြစ်စေချင်တယ်။ ပြီးတော့ ကျန်းမာရေးဘက်မှာ ဘတ်ဂျက်တိုးပေးစေချင်ပါတယ်။ နယ်ဘက်တွေမှာ ဆေးပေးခန်းတွေ၊ ကျန်းမာရေးမှူးရုံး တွေဆောက်ထားပေမယ့် ကုသဖို့ဆေးမရှိဘူးဆိုရင် ဆရာဝန်တွေ၊ သူနာပြုတွေရှိနေလည်း အလကားပဲ။ အစိုးရသစ်လက်ထက်မှာ ဒါတွေ အကုန်လုံးကို ပြောင်းလဲနိုင်ဖို့မျှော်လင့်တယ်။ ပြီးတော့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေချင်တယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်စေချင်တယ်။

ကိုသိန်းထိန် (အလွတ်တန်း ဓာတ်ပုံဆရာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတ ဦးထင် ကျော်ဖြစ်စေချင်ပါတယ်။ ဖြစ်မယ်လို့လည်း ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည်ပါတယ်။ ဒုသမ္မတ(၁)ကိုတော့ ဦးဟင်နရီဗန်ထီးယူ ဖြစ်စေချင် တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဦးမြင့်ဆွေကိုတော့ သမ္မတမပြောနဲ့၊ ဒုသမ္မတလည်း မဖြစ်စေချင်ပါဘူး။ ဦးမြင့်ဆွေနဲ့ပတ်သက်ပြီး ဝေဖန်သံ တွေ မျိုးစုံထွက်နေပါလိမ့်မယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဦးမြင့်ဆွေ ကို မမြင်လိုပါ။ သမိုင်းမကောင်း၊ လုပ်ရပ်မကောင်းတဲ့ သူတစ်ယောက် ကို မမြင်လိုပါ။ အင်န်အယ်လ်ဒီကတင်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ပတ် သက်ပြီး ဝေဖန်မှုတွေ ထွက်နေပေမယ့် ချင်းလူမျိုး ခရစ်ယာန်တစ်ယောက် ဆိုတာ မှန်ပေမယ့် တိုင်းပြည်နဲ့ လူမျိုးကို အမှန်အကန်လုပ်ပေးမယ့် ပုံပေါ်နေတယ်။ မျက်နှာကလိမ်လို့မရပါဘူး။ ဒုသမ္မတတစ်ယောက် အနေနဲ့ မြင်လိုပါတယ်။ ပြည်သူအားလုံးမျှော်လင့်ခဲ့ကြတာကတော့ အမေစုပဲ။ ဒါပေမဲ့ အမေစုရဲ့ လုပ်ဆောင်မှုလုပ်ရပ်တွေ၊ စီစဉ်မှုတွေ မြန်မာပြည်သူလူထုအတွက်ဆိုတာ ပေါ်လွင်နေပါတယ်။ မကြာခင်မှာ ဦးဆောင်တော့မယ့် အစိုးရအသစ်အပေါ်မှာ မျှော်လင့်ချက်ကတော့ အရင်အစိုးရလောက် မဆိုးဘူးလို့ ယုံကြည်ပါတယ်။ အခုတက်လာမယ့် အစိုးရအဖွဲ့က ပညာတတ်အစိုးရဖြစ်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မယ်လို့ ယုံကြည်ပါတယ်။

ဦးခွန်စိုးမြင့်

(ပါတီ ဗဟိုအတွင်းရေးမှူး၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)

ဦးထင်ကျော်ကို သမ္မတအဖြစ် မြင်ချင်တယ်။ အင်န်အယ်လ်ဒီက တောင်ပြို ကမ်းပြို အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင် တဲ့အချိန်မှာ ဦးထင်ကျော်ပဲ သမ္မတဖြစ်ဖို့ အရည်အချင်းရှိတဲ့သူလို့မြင် တယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ပတ်သက်ပြီး ၅၉(စ)ကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဥပဒေကို လေးစားလိုက်နာပြီး စစ်ဆေးသွားဖို့ လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင် ဦးမြင့်ဆွေကို လက်ခံ ပြီး ဒေါ်အောင်ဆန်းစုကြည်ကျတော့ ၅၉(စ)သုံးထားတာ မတရားဘူး၊ မမျှတဘူး မြင်တယ်။ ဦးဟင်နရီဗန်ထီးယူက အရင်ဘယ်သူနဲ့ပတ်သက် ခဲ့သည်ဖြစ်စေ သူက အင်န်အယ်လ်ဒီကတင်တဲ့ ဒုသမ္မတပဲ။ ဒီတော့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေရှိမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောထားတာရှိတယ်။ သူသမ္မတမဖြစ်လည်း သမ္မတအထက်မှာနေမယ် ပြောထား တော့ သူတင်တဲ့ သမ္မတက သူ့သဘောထားပဲဖြစ်မယ်။ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ ကောင်းတဲ့ပြောင်းလဲခြင်းတွေ ဖြစ်လာမယ်လို့ ယူဆတယ်။ နိုင်ငံရေးဆိုတာ တစ်ရက်နဲ့တစ်ရက်မတူဘူး။ တစ်နေ့ တစ်မျိုးဖြစ်နေတော့ သူအာဏာရလာတဲ့အချိန်မှာ တစ်မျိုးပြောင်းလဲလာနိုင်မယ်။ သူ(ဟင်နရီဗန်ထီးယူ)လည်း ပညာတတ်တစ်ယောက်ပါ။

ဦးထိပ်တင်အောင် (မင်းတုန်းမင်း၏ တီတော်စပ်သူ)

လက်ရှိရွေးချယ်ထားတဲ့ ဒုတိယသမ္မတများက လွှတ်တော်နှစ်ရပ်နဲ့ တပ်မတော်က ရွေးချယ်လိုက်တာပါ။ ဒီလိုစနစ်တကျရွေးချယ်လိုက်တဲ့ သူတွေမှာ အငြင်းပွားစရာတွေရှိနေတာကိုလည်း ရွေးချယ်တဲ့အဖွဲ့အ စည်းတွေက သိနေမှာပါ။ သိရှိရဲ့သားနဲ့ ဒီလိုရွေးချယ်ထားတယ်ဆိုတာက ကျွန်တော်တို့ မတွေးမိ၊ မတွေးနိုင်တဲ့နောက်ကွယ်က အကြောင်းတွေရှိ နေပါလိမ့်မယ်။ ကိုယ်ရွေးချယ်လိုက်တဲ့သူကို ရွေးချယ်တဲ့အဖွဲ့အစည်း က တာဝန်ခံရမှာပါ။ ဥပမာဦးမြင့်ဆွေအနေနဲ့ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ သမ္မတရဲ့ဦးဆောင်မှုကို ခံယူရမှာပါ။ သမ္မတရဲ့လမ်းညွှန်မှုအတိုင်းမလုပ်နိုင်ရင် ဒါမှမဟုတ် အဂတိလိုက်စား တာ၊ ဒုသမ္မတရဲ့ ဂုဏ်နဲ့မလျော်ညီတာတွေလုပ်ရင် သမ္မတ၊ လွှတ်တော်တို့က စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချတာခံရမှာပါ။ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ထက် အမျိုးသားခေါင်း ဆောင်နေရာကနေ နိုင်ငံတော်အတွက် အားထားရတဲ့ နိုင်ငံ့ခေါင်းဆောင်နဲ့ ပါတီအတွက် အားထားရတဲ့ ပါတီခေါင်းဆောင်တွေကို မွေးထုတ်လေ့ကျင့်ပေးစေချင်ပါတယ်။ တစ်ဖက်က မျိုးဆက်ခေါင်းဆောင်တွေမွေး ထုတ်ပြီး တစ်ဖက်ကအနာဂတ်မြန်မာနိုင်ငံအတွက် တန်ဖိုးကြီးတဲ့ မဟာဗျူဟာမြောက်စီမံချက်တွေကို ရေးဆွဲပေးစေလိုတာပါ။ ဒါမှနောင်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ရနိုင်မှာဖြစ်ပါတယ်။ အခုသမ္မတရွေးချယ် မှုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးချယ်မှုဖြစ်တာကြောင့် ရွေးချယ်မှုမှန်ကန်လိမ့်မယ်လို့ ယုံကြည် ပါတယ်။

ကိုဇော်သူရိန်ထွန်း

(ကွန်ပျူတာပညာရှင်၊ မုံရွာမြို့)

ဦးထင်ကျော်ကိုပဲ သမ္မတအနေနဲ့မြင်လိုပါတယ်။ သူဟာ အမေစု နဲ့ အနီးကပ်နေနေသူဖြစ်ပြီး အမေစုလို တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ ပါ။ ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတပေးလိုက်တာ ကြိုဆိုပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ချင်းတွေဟာ တိုင်းပြည်အပေါ် အတော်လေး သစ္စာစောင့်သိခဲ့ကြပါတယ်။ ပြီးတော့ သူတို့ဟာအလွန်ရိုးသားကြသူတွေ ပါ။ သူ့ဟာသူ ခရစ်ယာန်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ကျွန်တော်တို့က ဘာသာ ရေးခေါင်းဆောင်ရွေးတာမှမဟုတ်ဘဲ။ တိုင်းပြည်အပေါ် စေတနာထား မယ့်သူကို ရွေးတာလေ။ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်မြှောက်တာ ကတော့ တပ်မတော်အနေနဲ့မှားယွင်းတယ်လို့မြင်ပါတယ်။ သူဟာ ၅၉ (စ)လုံးနဲ့ ငြိစွန်းနေခဲ့သူတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘ၀မှာလည်း ပြည်သူကြားမှာ နာမည်ကောင်းမရခဲ့ဘဲ နာမည်ဆိုးနဲ့ ကျော်ကြားနေ လို့ပါပဲ။ သူ့အစားတခြားနာမည်ကောင်းရှိတဲ့ တစ်ယောက်ယောက်ကို တပ်မတော်က ရွေးချယ်သင့်ပါတယ်။

ဦးကျင်ဝမ်း (‘၀’ဒီမိုကရက်တစ်ပါတီ)

ဘယ်သူ့ကို သမ္မတဖြစ်စေချင်လဲဆိုရင်တော့ ကျွန်တော်တို့က ပါတီ ငယ်လေးတစ်ခုဆိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အများ စုရဲ့ သဘောဆန္ဒအတိုင်းကိုလက်ခံရမှာပေါ့။ အဲဒီတော့ အားလုံးရဲ့ သဘောနဲ့အညီ နိုင်ငံကို အကောင်းဆုံးအုပ်ချုပ်နိုင်တဲ့သူတစ်ယောက် တော့ သမ္မတဖြစ်လာမှာပေါ့။ ဦးမြင့်ဆွေကတော့ ရန်ကုန်ဝန်ကြီးချုပ် ပေါ့။ ဦးဟင်နရီဗန်ထီးယူကလည်း ကျွန်တော်တို့နဲ့ သိပ်မရင်းနှီးတော့ သူတို့နဲ့ပတ်သက်ပြီး မှတ်ချက်မပေးနိုင်ဘူးပေါ့နော်။ ဒေါ်အောင်ဆန်းစု ကြည်ကတော့ဗျာ။ တိုင်းပြည်ကလည်း သူ့ကိုလိုအပ်တယ်။ ပြည်သူက လည်း သူ့ကိုလိုအပ်တယ်။ အားလုံးလိုလိုလားလားနဲ့ သဘောတူညီတဲ့ အခါ ၅၉(စ)ပြင်ပြီးတဲ့အခါမှာတော့ သူသမ္မတဖြစ်လာနိုင်တာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဦးဆောင်လာတဲ့အခါ တိုင်းပြည်ပိုမိုဖွံ့ ဖြိုးတိုးတက်အောင်၊ ပြည်သူတွေအဆင်ပြေအောင်၊ တိုင်းရင်းသားတွေကိုလည်း စည်းစည်းလုံးလုံးဖြစ်အောင်လုပ်နိုင်ရင် တိုင်းပြည်ကလည်း အေးအေးချမ်းချမ်းဖြစ်ပြီး ပြည်သူက လည်းလက်ခံကြမှာပါ။

ဦးသီဟစော

(သတင်းမီဒီယာကောင်စီအတွင်းရေးမှူး)

ဒီနိုင်ငံမှာက သမ္မတကို ပြည်သူက ရွေးကောက်တဲ့စနစ်မဟုတ်ဘူး။ ပြည်သူတွေက လွှတ်တော်အမတ်တွေကို သူတို့ကိုယ်စားလှယ်အနေနဲ့ ရွေးတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကမှ သမ္မတရွေးချယ်ဖို့ အဆိုတင်တယ်။ မဲခွဲတယ်ဆိုတော့ ပြည်သူတွေက ကိုယ်စားလှယ်တွေရဲ့ တစ်ဆင့်သဘောပဲရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ပါတီတွေကပဲ သမ္မတကိုတင်ကြတာပေါ့။ အခုတင်ထားတဲ့ ဒုသမ္မတလောင်းသုံး ယောက်ကတော့ အင်န်အယ်လ်ဒီရော၊ တပ်မတော်ကရော balance လုပ်ပြီးတင်ကြတာပဲလို့မြင်တယ်။ သူတို့ပေါ်လစီနဲ့ကိုက်တဲ့သူတွေကို တင်ကြတာပေါ့။ ဦးမြင့်ဆွေရဲ့ သမီးနဲ့သမက်ရဲ့ နိုင်ငံသားဖြစ်မှုကိုတော့ တပ်မတော်က မသိဘဲမနေပါဘူး။ ဒါက ၅၉(စ)ဆိုင်ရာကိစ္စပဲ။ သူတို့လည်းမစဉ်းစားဘဲတော့ လုပ်မယ်မထင်ပါဘူး။ တပ်မတော်က သူတို့ ပေါ်လစီ၊ သူတို့လုပ်ငန်းစဉ်နဲ့ သူတို့ဒုသမ္မတလောင်းတင်တာပဲပေါ့။ ၅၉(စ)ကတော့ အရေးကြီးတယ်။ ကျွန် တော်တရုတ်နိုင်ငံသားခံယူပြီး တရုတ်မှာနှစ်အတော်ကြာနေခဲ့မယ်ဗျာ။ ကျွန်တော်ဆိုရင်တော့ အဲဒီလိုလုပ် လို့ရမလား။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တာ၊ မဖြစ်တာကတော့ သိပ်အရေးကြီးတယ်လို့တော့မဟုတ် ပါဘူး။ အဓိကကျတာက Ieadership ပဲ။ လူတွေက အရေးမကြီးဘဲ မူတွေက အရေးကြီးတယ်လို့ ထင်တယ်။ စနစ်တွေပြောင်းသွားဖို့ပဲလိုတာပါ။

ဦးရဲမင်းအောင်
(အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

ဦးထင်ကျော်ကို ဖြစ်စေချင်ပါတယ်။ သူက စီးပွားရေးတက္ကသိုလ် က ဘွဲ့ရထားသူတစ်ယောက်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကရော၊ အင်န်အယ်လ်ဒီပါတီကရော ယုံကြည်အားကိုးလို့ ဒုတိယသမ္မတအနေနဲ့ ရွေးလိုက်တာလို့ ယုံကြည်ပါတယ်။ မိဘမျိုးရိုးကလည်း ပြောစရာမရှိ အောင်ကို ဂုဏ်သိက္ခာမြင့်တယ်။ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်မှာ လည်း ဂုဏ်သိက္ခာရှိတယ်။ နောက်ထပ် ဒုတိယသမ္မတအနေနဲ့ ဦးဟင်န ရီဗန်ထီးယူကို ရွေးချယ်တာ သဘောတူပါတယ်။ ချင်းတိုင်းရင်းသားတစ် ယောက်ဖြစ်တဲ့အတွက် လူနည်းစုတိုင်းရင်းသားတွေကို ဦးစားပေးတယ် လို့ ယူဆလို့ရတယ်။ ချင်းပြည်နယ်က တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ လူဦး ရေအနည်းဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တစ်ခုပဲ။ တိုင်းရင်းသားတွေ ပါဝင်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအ တွက်လည်း ပိုပြီးလုပ်နိုင်တာပေါ့။ အင်န်အယ်လ်ဒီပါတီရဲ့ သမ္မတလောင်းရွေးချယ်မှုသာမက လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေ ရွေးချယ်မှုမှာလည်း တိုင်းရင်းသားတွေကို တာဝန်ပေးလာတော့ အားရစရာ ကောင်း ပါတယ်။ ဒီအချိန်အထိတော့ ကျေနပ်စရာတွေပဲ။ အစိုးရဖွဲ့ပြီးရင်လည်း တိုင်းပြည်ဖွံ့ဖြိုးရေးမှအစ အရာရာ တိုင်းကို အောင်မြင်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အစိုးရဖွဲ့ဖို့ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေကို ရွေးချယ်မှုမှာလည်း အရေးကြီးပါတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေကို နေရာပေးခန့်ထားနိုင် မယ်လို့ မျှော်လင့်ပါတယ်။

ကိုဇော်မင်းထိုက် (တောင်သူလယ်သမားအရေးတက်ကြွလှုပ်ရှားသူ၊
မကွေးတိုင်း-ကြာကန်ကျေးရွာ)

ဦးထင်ကျော်ကို သမ္မတဖြစ်စေချင်ပါတယ်။ နိုင်ငံအတွက် ပြည်သူ့ ဘက်က အလုပ်လုပ်မယ့်သူလို့မြင်ပါတယ်။ ဦးမြင့်ဆွေကို လုံးဝမကြိုက် ပါဘူး။ ဘာမှလုပ်လို့မရ၊ မတတ်နိုင်တော့တဲ့အခြေအနေဆိုတော့ သူက ဒုသမ္မတ(၁)နေရာတော့ ယူသွားမှာပေါ့။ သူ့သမီးနဲ့သမက် နိုင်ငံသားခံယူ လိုက်တာဟာလည်း သူတို့မြန်မာနိုင်ငံကိုချစ်လို့ နိုင်ငံသားခံယူတာလို့ မမြင်ပါဘူး။ ဦးဟင်နရီဗန်ထီးယူကို လုံးဝထောက်ခံပါတယ်။ လူအများ မမြင်နိုင်တဲ့နေရာကနေ နိုင်ငံ့ကောင်းကျိုးအတွက် လုပ်ဆောင်ပေးပါ လိမ့်မယ်။ တစ်နိုင်ငံလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်ချင်ကြတာ။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေက သူသမ္မတမဖြစ်အောင် ညစ်ထားတာရှင်းနေတာပဲ။ ဒါပေမဲ့ အမေစုရဲ့ သမ္မတအထက်က သူရှိနေမယ်ဆိုတဲ့စကားက မျှော်လင့်ချက်ပေါ့။ အမေစုဦးဆောင်တဲ့မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်မှာ အရင်နဲ့စာရင် အများကြီးကောင်းသွားမယ်လို့ မျှော်လင့်ပါတယ်။

7Day News Journal



No comments:

Post a Comment

My Blog List