အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ် ဖွဲ့စည်းရေး အတွက် သမ္မတ၊ ဝန်ကြီးများ၏ အမည်စာရင်းများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံး ထား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့အထိတော့ အစိုးရဖွဲ့စည်းရေးကို တရားဝင်တော့ မထုတ်ပြန်သေး ပါဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒါပေမဲ့ ဦးတင်ဦး ပြောပုံအရ တော့ အခုထွက်ပေါ်နေတဲ့အတိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်လောက် မှာတော့ အစိုးရအဖွဲ့စာရင်းတွေ ထွက်နိုင်ပါတယ်။ အဲဒီလောက် နောက်ဆုံး ဖြစ်မှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် တစ်ဦးထံမှ သိရသည်။
NLD ပါတီမှ အစိုးရဖွဲ့ပါက လက်ရှိ အစိုးရအဖွဲ့မှ ထားရှိသည့် မလိုအပ်သော ဝန်ကြီးဌာနများကို လျှော့ချသွားမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို လျှော့ချရန်မရှိကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
NLD အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသား နိုင်ငံရေးသမားနှင့် ပညာရှင်များ၊ NLD ပါတီဝင်အချို့နှင့် လက်ရှိအစိုးရအဖွဲ့မှ လူဟောင်းအချို့တို့ ပြန်လည် ပါဝင်လာနိုင်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အစိုးရအဖွဲ့တွင် ပါဝင်လာနိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုနေမှုရှိကြောင်း သိရသည်။
“ကျွန်တော်တို့က NLD အစိုးရအဖွဲ့မှာ ဘယ်သူတွေပါမလဲ သိချင်နေတာပါ။ သမ္မတ ဘယ်သူဖြစ်မလဲ၊ ဘယ်သူတွေ ဝန်ကြီးဖြစ်မလဲ အားလုံးက သိချင်နေကြတာပါ။ အစိုးရသစ်မှာ ဘယ်သူတွေ ပါမလဲဆိုတာ စိတ်မဝင် စားတဲ့လူ မရှိသလောက်ပဲ” ဟု ကမာရွတ်မြို့နယ် ၆ ရပ်ကွက်နေထိုင်သူ ဦးအောင်မျိုးက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သဖြင့်၊ ၂၀၁၆ ခုနှစ် မတ်လ တွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
No comments:
Post a Comment