Monday, January 11, 2016

ဒုတိယစီးရီး နာမည်ကို အနီရောင်လို့ ပေးဖြစ်တာက ၂၀၁၆ မှာ တစ်နိုင်ငံလုံး အနီရောင် လွှမ်းစေဖို့ပါလို့ နီနီခင်ဇော် ဆို


ဒုတိယတစ်ကိုယ်တော်စီးရီး နာမည်ကို အနီရောင်လို့ ပေးဖြစ်ခဲ့တာက ၂၀၁၆ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး အနီရောင်တွေ လွှမ်းစေဖို့အတွက် ရည်ရွယ်ပြီး ပေးဖြစ်ခဲ့တာပါလို့ တေးသံရှင် နီနီခင်ဇော်က ပြောပါတယ်။ City FM ရဲ့ ၁၄ နှစ်ပြည့် အမှတ်တရ ဂီတဖျော်ဖြေပွဲနဲ့ ဂီတဆုပေးပွဲမှာ အနီရောင်စီးရီးနဲ့ တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူဆုကို ရရှိခဲ့ပြီးတဲ့နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာမှာ ယင်းသို့ ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ဒုတိယစီးရီး နာမည်ကို အနီရောင်လို့ ပေးဖြစ်တဲ့ အကြောင်းရင်းကို နီနီ့ ရင်ထဲမှာပဲ ထားထားပါတယ်။ ဘယ်သူ့ကိုမှ မပြောဖြစ်ပါဘူး။ နီနီရဲ့ ထင်မြင်ယူဆချက်သည်၊ မှန်ကောင်းလည်း မှန်နိုင်တယ်။ မှားကောင်းလည်း မှားနိုင်တယ်။ ဒါ နီနီ့ရင်ထဲမှာပဲ သိမ်းထားတာပါ။ အနီရောင်ဆိုတဲ့ Title ကို နီနီနဲ့ နီနီ့ မေမေနဲ့ ရဲတင်းပြီး ပေးခဲ့တာပါ” လို့ တေးသံရှင် နီနီခင်ဇော်က The Voice ကို ဖွင့်ဟပြောကြားပါတယ်။

အနီရောင်စီးရီးနဲ့ City FM က ချီးမြှင့်တဲ့ဆုကို ရခဲ့တာက သင်ကြားပြသပေး တဲ့ ဆရာသမားတွေနဲ့ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့် ဖြစ်ပြီး နောင်မှာလည်း အားနည်းချက်တွေ၊ အမှားအယွင်းတွေကို ပြုပြင်ပြီးတော့ ၂၀၁၆ ခုနှစ်မှာ ယခင်ကထက် နှစ်ဆ ပိုကြိုးစားသွားမှာ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“ဒီလို ဂီတဆုတွေက နီနီ့အတွက် ဆက်ကြိုးစားဖို့ ခွန်အားတွေ ပိုဖြစ်စေပါတယ်။ ဒါတွေက နီနီ့အတွက် ဂုဏ်ဒြပ်တွေ မဟုတ်ပါဘူး။ နီနီ့အတွက် အားမာန်တွေ ဖြစ်စေတဲ့ အရာတွေပါ။ ရှေ့ဆက်ပြီးတော့လည်း ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ဖန်တီးထုတ်လုပ်နိုင်တဲ့ ဂီတသမားတစ်ယောက် ဖြစ်အောင် ဆက်ကြိုးစားသွားမှာပါ” လို့ နီနီခင်ဇော်က ပြောကြားပါတယ်။

(ဓာတ်ပုံ - နီနီခင်ဇော် Facebook Page)
The Voice Weekly

No comments:

Post a Comment

My Blog List