Tuesday, January 12, 2016

❝ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌သူရဦးရွှေမန်းပြောကြားသည့် မိန့်ခွန်း ❞


ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 မင်္ဂလာနှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

🕊 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမှာစကားပြောကြားခွင့် ရရှိသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
🕊 ဒါထက် NCA ဖြစ်မြောက်လာအောင်နှင့် ယင်း NCA မှတဆင့် ညီလာခံ ဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင် ပံ့ပိုးကူညီခဲ့ကြသူများနှင့် အဖွဲ့အစည်းများကို ဤညီလာခံကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ရန်အတွက် အဆိုပြု တင်ပြအပ်ပါတယ်။

ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 ငြိမ်းချမ်းရေးဟာ မြန်မာတစ်မျိုးသားလုံး ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါတယ်။ ဒါကြောင့် ဤကိစ္စကို နိုင်ငံသား အားလုံး ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ယခုအချိန်ဟာ ရွှေမြန်မာတွေလို့ မည်ကဲ့သို့ပင် အမွှန်းတင်စကားတွေ၊ သမိုင်းကြောင်းတွေနဲ့ ပြောနေကြပါစေ၊ နိုင်ငံအတွင်းမှာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူအများအပြား ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြလို့ ဂုဏ်မတင့်နိုင်ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

🕊 အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ စားရမဲ့သောက်ရမဲ့၊ ပြေးလွှားပုန်းအောင်း တိမ်းရှောင် နေရသူတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ မျက်နှာငယ်ငယ်နဲ့ နေထိုင်လုပ်ကိုင် စားသောက်နေကြရပါတယ်။

🕊 တန်ဖိုးရှိလှသော အသက်နှင့်ခန္ဓာကိုယ်ကို စွန့်ခဲ့ကြရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြရသူတွေဟာ များပြားလှပါပြီ။ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခွင့်မရှိဘဲ တိုက်ခိုက်နေကြသော်လည်း မိမိတို့ဘက်ကသာ မှန်တယ်လို့ ထင်မြင်ယူဆ ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောကြ ပြောကြ နောက်ဆုံးမှာတော့ တန်ဖိုးရှိလှတဲ့ အမိနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများရဲ့ အသက်နှင့် ခန္ဓာတွေကို စတေးခံရပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရတာပဲ အဖတ်တင်ကျန်နေ ရပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ (IDPs & Refugees) ကိစ္စတွေဟာ ဝမ်းနည်းစရာ အလွန်ကောင်းလှပါတယ်။


🕊 ဒီအတွက် မိမိတို့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ မဖြစ်မနေ လိုအပ် နေတယ်၊ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ကြရမယ်၊ သူ့ကြောင့် ကိုယ့်ကြောင့် လွှဲချနေလို့ မဖြစ်တော့ဘူး။ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများကလည်း တိုင်းပြည်ကိုတကယ်ချစ်ရင်၊ ပြည်သူတွေအပေါ် အမှန်တကယ် စာနာထောက်ထား သနားငဲ့ညှာမယ်ဆိုရင် မိမိတို့ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် အဆင်ပြေနေတာ၊ လုံခြုံပြည့်စုံနေတာတွေဟာ နိုင်ငံနှင့်နိုင်ငံသား၊ ပြည်သူ တစ်ရပ်လုံးအတွက် အဆင်ပြေနေတာ ပြည့်စုံလုံခြုံနေတာ မဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာကို သတိပြုဆင်ခြင်ရမည့် အချိန်ရောက်နေပါပြီ။

ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 ငြိမ်းချမ်းရေးကို မဖြစ်မနေရအောင် လုပ်ကြမယ်ဆိုရင် သန္နိဋ္ဌာန်နှင့် ရည်ရွယ်ချက် ခိုင်မာပြတ်သားဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင် တွေနှင့် အဖွဲ့အစည်းတွေက သဘောထားကြီးကြဖို့လိုပါတယ်။ အချင်းချင်း စိတ်ရှည်သည်းခံဖို့၊ နားလည်ခွင့်လွှတ်နိုင်ကြဖို့၊ လေးစားကြဖို့၊ ယုံကြည်ကြဖို့၊ မျှမျှတတ ပြောဆိုဆက်ဆံကြဖို့၊ ရိုးသားပွင့်လင်းကြဖို့လိုပါတယ်။ ဒါတွေ ပါဝင်ခြင်း မရှိပါက ငြိမ်းချမ်းရေးအတွက် အိပ်မက်ပင် မက်နိုင်ကြမှာ မဟုတ်ပါဘူး။

🕊 ဒီလိုဆိုရင် စိတ်စေတနာမှန်ဖို့ လိုအပ်သလို လုပ်နည်းလုပ်ဟန် မှန်ဖို့လည်း အထူးအရေးကြီးပါတယ်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အသာစီး ရအောင်သာ ကြိုးစားအားထုတ်နေကြမယ်ဆိုရင် လမ်းချော်လမ်းလွဲသွားနိုင်တာတွေ ဖြစ်လာမှာကို သတိပြုကြရမယ်။

🕊 ထို့အတူ တစ်ချိန်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ယခုအချိန်မှာတော့ နိုင်ငံသား အားလုံးအတွက် စိတ်ချလုံခြုံရအောင် နားလည်ခွင့်လွှတ်ခြင်းနှင့်အတူ ဆောင်ရွက် ပေးရမည်ဆိုတဲ့ အချက်ကိုလည်း ခံယူလုပ်ဆောင်ကြဖို့လိုတယ်။

🕊 လူဆိုတာ အမှားမကင်းနိုင်ပါဘူး၊ ဒါကို နားလည်လက်ခံပြီး ဘယ်လို သက်ညှာရမလဲ၊ ဘယ်အတိုင်းအတာအထိ ခွင့်လွှတ်ရမလဲ၊ ပြုပြင်ပေးရမလဲ၊ ကူညီဖေးမကြမလဲ၊ သူနှင့် သူ့ပတ်ဝန်းကျင်ကို အကျိုးရှိအောင် ဘယ်လိုလုပ်ပေး ရမလဲဆိုတာကို စဉ်းစားနိုင်လေ ကောင်းလေဖြစ်မှာမို့ အားလုံး အပြုသဘောနှင့် ပါဝင်ပေးကြဖို့ လိုပါလိမ့်မယ်။

ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 ငြိမ်းချမ်းရေးဟာ တရားဥပဒေစိုးမိုးမှုအောက်မှာသာ ဖြစ်ထွန်းတည်ရှိနိုင်တာ ဖြစ်လို့ တရားဥပဒေစိုးမိုးအောင်လည်း လုပ်ဆောင်ကြရပါမယ်။ တရားဥပဒေ စိုးမိုးနိုင်ဖို့အတွက် တည်ဆဲဥပဒေများကို ခေတ်ကာလအခြေအနေနှင့် လိုက်လျော ညီထွေဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ပြင်သင့်တာပြင်၊ ထားရှိ သင့်တာတွေ ထားရှိဖို့ လိုအပ်ပါတယ်။

🕊 တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာနိုင်သော ဥပဒေများ ဖြစ်ရေး၊ အမှန်တကယ် လိုက်နာနိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက အမှန်တကယ် တာဝန်ယူတာဝန်ခံ ဆောင်ရွက်နိုင်စွမ်းရှိရမှာ ဖြစ်သလို၊ ပြည်သူများအားလုံးကလည်း ယုံကြည်စွာ ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 ငြိမ်းချမ်းရေး မရှိသေးဘူးဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပဲ အမျိုးသားအချင်းချင်း တိုင်းရင်းသားအချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတမဖြစ်ခြင်း၊ ရန်လိုခြင်း၊ အနိုင်ယူ အသာစီးရလိုခြင်းများကြောင့် ဆိုတာကိုလည်း နားလည်သဘောပေါက်ကြပြီလို့ ထင်ပါတယ်။ ထိုကိစ္စများကို သဟဇာတ ညီညွတ်မျှတအောင် မိတ်ဆွေများဖြစ်လာအောင် လုပ်ဆောင်ကြရ ပါမယ်။

🕊 အဆိုပါကိစ္စများအတွက် အဖြေရှာဆောင်ရွက်ပေးရန် ဤညီလာခံကြီးတွင် တာဝန်ရှိလာပါပြီ။ နောင် ဆက်လက် အမွေခံဆောင်ရွက်ကြရမည့် နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရများ၊ ပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံသားများ တွင်လည်း တာဝန် ရှိနေပါပြီ။

ဧည့်သည်တော်များနှင့် ညီလာခံကိုယ်စားလှယ်များခင်ဗျား -

🕊 ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား တောင့်တ နေကြတာ ဖြစ်ပါတယ်။ ဒီအတွက် ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၏ ဦးဆောင်မှုနှင့် စီမံဆောင်ရွက်မှုနောက်တွင် ပြည်သူများက ထပ်ကြပ်လိုက်ပါ ဆောင်ရွက်ကြမည်သာ ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စု၏ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ငြိမ်းချမ်းရေးရရှိအောင် ပြည်သူလူထု၏ ဆန္ဒသဘောထား နှင့်အညီ ဤညီလာခံကြီးက စေတနာ၊ မေတ္တာ၊ သစ္စာတရားများဖြင့် အစပြု ဆောင်ရွက်ပေးကြပါလို့ တင်ပြတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

H.E. Thura U Shwe Mann

No comments:

Post a Comment

My Blog List