Monday, January 11, 2016

“သူငယ်တန်း သင်ရိုးပြောင်းပြီ၊ တကယ့် ရည်မှန်းချက် အောင်မြင်ပါ့မလား။”


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့က ပညာရေး ၀န်ကြီးဌာန လက်အောက် ပညာရေးသုတေသန ဦးစီးဌာန၊ သူငယ်တန်း သင်ရိုးညွှန်းတန်း ရေးဆွဲရေးအဖွဲ့ဟာ အလုံ အထက (၄) ကျောင်းမှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ လာမယ့် ၂၀၁၆-၁၇ ပညာသစ်နှစ်က စပြီး အသုံးပြုမယ့် သူငယ်တန်း KG သင်ရိုးသစ် အကြောင်း ရှင်းပြတဲ့ သတင်းစာရှင်းလင်းပွဲပါ။ ပညာရေး ကိစ္စတွေအကြောင်း နှစ်တစ်ချို့ ဆွေးနွေးငြင်းခုံပြီးတဲ့နောက် ပညာရေးမှာ အလွန်အရေးကြီးတဲ့ အခြေခံပညာအဆင့် သူငယ်တန်း သင်ရိုး အသစ် တစ်ခု ပေါ်ထွက်လာပါပြီ။ သင်ရိုး အသစ်နဲ့ အဟောင်း ဘာကွာသလဲ၊ မြန်မာ့ပညာရေး တကယ်ပဲ စနစ်သစ်ကို စ တင်နိုင်တော့မလား ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်။
အရင်တုန်းက ပြဌာန်းခဲ့ပြီး ဒီကနေ့ အချိန်ထိ အသုံးပြုနေဆဲ သူငယ်တန်း သင်ရိုးဟောင်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ နဲ့ သင်္ချာ အစရှိတဲ့ ဘာသာရပ်တွေကို အခြေပြုထားပါတယ်။ ဒီလို ဘာသာရပ်တွေကို အခြေပြုထားတဲ့အတွက် ကလေးတွေဟာ ဘာသာရပ်ဆိုင်ရာကို အလွတ်ကျက်မှတ်တဲ့ အနေအထား ရောက်သွားစေတယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပညာရေးဆိုင်ရာ အကြံပေး ဦးသန်းဦးက ဆိုပါတယ်။ အခု သင်ရိုး အသစ်မှာတော့ ဘာသာရပ်ကို အခြေမပြုတော့ပဲ ဖွံ့ဖြိုးမှု နယ်ပယ် ခြောက်ခုကို အခြေပြုထားတယ်လို့ ဆိုပါတယ်။ အဲလို ဖွံ့ဖြိုးမှု နယ်ပယ် ခြောက်ခုကို အခြေပြုထားတဲ့အတွက် ကလေးတွေဟာ ဒီ သင်ရိုးပါ အကြောင်းအရာ တွေကို လေ့လာရင်း အသိပညာ အခြေခံရသွားမယ်လို့ သိရပါတယ်။

အဲဒီ နယ်ပယ် ခြောက်ခုကတော့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်း၊ စာရိတ္တ၊ မိတ္တ နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန် ပြောဆို ဆက်သွယ်ခြင်း၊ သင်္ချာ အခြေခံများကို စူးစမ်းလေ့လာခြင်း၊ အနုပညာ ရသ ခံစားခြင်းနဲ့ ဖန်တီးခြင်း၊ ပတ်ဝန်းကျင် လောကကို သိရှိနားလည်ခြင်း စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ သင်ရိုးရဲ့ အဓိက ထူးခြားချက်ကတော့ ကလေးတွေရဲ့ စဉ်းစားဥာဏ်၊ ဝေဖန်ပိုင်းခြားမှုနဲ့ တီထွင်ဖန်တီးမှုတွေကို ဇောင်းပေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုထားတာပါ။

ဒီအတွက် သင်ရိုးသစ်ထဲမှာ မိမိအကြောင်း၊ တို့မိသားစု၊ တို့ကျောင်း၊ တို့ရပ်ရွာ၊ အပင်များ၊ ရာသီဥတု၊ သယ်ယူပို့ဆောင်ရေး၊ ဈေးများ၊ ပွဲတော်များ၊ ငါး၊ ရေ၊ ပိုးကောင်လေးများ၊ အိမ်များ၊ ငှက်များနဲ့ နို့တိုက်သတ္တ၀ါ အကြောင်း စတဲ့ အကြောင်းအရာ (၁၅) မျိုး သင်ကြားကြရမယ်လို့ သိရပါတယ်။ ဒီအတွက် သူငယ်တန်းကလေးတွေဟာ စာမေးပွဲ ရှိမှာမဟုတ်ဘဲ နေ့စဉ် လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာတွေကို မှတ်တမ်းတင် ဆောင်ရွက်ပြီး စစ်ဆေးအကဲဖြတ်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က စတင် စမ်းသပ် ကျင့်သုံးခဲ့တဲ့ “စဉ်ဆက်မပြတ် အကဲခတ်၍ အတန်းတင်ပေးသော စနစ်” နဲ့ ဆင်တူပါတယ်။ အဲဒီ စနစ်ကတော့ အောင်မြင်မှု မရခဲ့ပါဘူး။

တကယ်တော့ ဒီသင်ရိုးညွှန်းတန်းကို လွယ်လွယ် ဆွဲခဲ့တာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ ပညာရေး အဖွဲ့အစည်းတွေနဲ့ ၀န်ကြီးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကိုယ့်လက်ရှိ သင်ရိုးညွှန်းတန်းကို လေ့လာ၊ အာဆီယံနဲ့ နိုင်ငံတကာ က သင်ရိုးညွှန်းတန်းတွေနဲ့ နှိုင်းယှဉ် ပြီးမှ ရေးဆွဲခဲ့တာပါ။ ဒီအတွက် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ ထောက်ပံ့မှုကိုလည်း ရယူခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အခြေခံပညာ မူလတန်းအဆင့်အတွက် သူငယ်တန်း သင်ရိုး ညွှန်းတန်း ကောင်း တစ်ခုတော့ ရခဲ့ပါပြီ။

ဒါပေမယ့် ဒီလို သင်ရိုးညွှန်းတန်းမျိုးကို တကယ့် လက်တွေ့ အကောင်အထည် ဖော်တဲ့အခါ နားလည် ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ထောက်ကူ အပါအ၀င် ငွေကြေး အများအပြား လိုအပ်လာပါလိမ့်မယ်။ ဒါတွေကိုပါ တစ်ပြိုင်နက်တည်း ဖြည့်ဆည်းပေးဖို့ လိုပါလိမ့်မယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေအရ ဒီ သင်ရိုးတွေကို သင်နိုင်ဖို့ လက်ရှိ သူငယ်တန်းပြ ဆရာတွေကို အခု ဇန်န၀ါရီလကနေ မေ လ အထိ ဆင့်ပွားသင်တန်းတွေ ပို့ချပေးမယ်လို့ သိရပါတယ်။ အဲဒီ ဆင့်ပွားသင်တန်းတွေဟာ အချိန်ဘယ်လောက်ကြာမယ်၊ တစ်နိုင်ငံလုံးက သူငယ်တန်းပြ ဆရာ ဆရာမတွေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို သင်တန်းပေးနိုင်မယ်ဆိုတာကတော့ မသိရသေးပါဘူး။ တကယ့်တကယ်ကတော့ သင်ရိုးတစ်ခုကို အကောင်အထည်ဖေါ်၊ ရည်မှန်းချက် ပေါက်မြောက်အောင် သင်ကြားနိုင်ရေးဟာ ဆရာ၊ ဆရာမတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ နောက်တစ်ချက်က သူငယ်တန်းလို တကယ့်ကို အခြေခံကျတဲ့ အတန်းကို သင်ကြားပေးရာမှာ ဆရာ ဆရာမတွေ အနေနဲ့ အရည်အချင်း ပိုပြီး ပြည့်ဝဖို့ လိုအပ်တာပါ။

လက်ရှိ မြန်မာပြည်မှာတော့ သူငယ်တန်း ဆရာ ဆရာမ ဆိုတာဟာ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ဆရာ ဆရာမတွေထက် လစာနည်းတဲ့၊ အဆင့်နိမ့်တယ် ဆိုပြီး သတ်မှတ်ထားသူတွေကို ခန့်အပ်ထားတာပါ။ ကျေးလက်ဒေသ အမြောက်အများမှာဆို သူငယ်တန်းသင် ဆရာမတွေဟာ ဆရာဖြစ် သင်တန်းတွေတောင် တက်ဖူးကြတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ကတော့ ဆရာ ဆရာမ တွေအချင်းချင်း နှိုင်းယှဉ်ရင် ပိုပြီး အရည်အချင်းရှိတဲ့ ဆရာဆရာမတွေကို ဒီ သူငယ်တန်းအတွက် လစာ ပိုပေးပြီး သင်ကြားခိုင်းမှသာ အခု ရည်ရွယ်ချက် အထ မြောက်နိုင်မှာပါ။

နောက်ပြသနာ တစ်ခုကတော့ သင်ထောက်ကူ ပစ္စည်းနဲ့ ငွေကြေး လိုအပ်ချက်ပါ။ ကလေးတွေအနေနဲ့ သစ်ပင်၊ အကောင်ဗလောင်၊ ငှက် အစရှိသဖြင့် ပတ်ဝန်းကျင်ကို လေ့လာသိရှိဖို့ ဆိုရင် တကယ့်ကို အပြင်ထွက်၊ အစစ်တွေ ပြနိုင်၊ ဒါမှမဟုတ် ကျောင်းတွေမှာ ထားနိုင်ရင် အကောင်းဆုံးပါပဲ။ မဖြစ်နိုင်ရင်တော့ Multimedia အဖြစ် ကွန်ပျူတာတွေ၊ ပရိုဂျက်တာတွေ သုံးပြီး သင်ကြားပြသပေးမှ တော်ရုံကျမှာပါ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ သင်ကြား ပြသပေးတာပါ။

ဒီအတွက် ငွေကြေးဘတ်ဂျက် ပိုချပေးဖို့ လိုပါတယ်။ ခြုံပြီး သုံးသပ်ရရင်တော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ခေတ်စနစ်နဲ့ လျော်ညီတဲ့၊ ကလေးတွေကို အလွတ်ကျက်နေတဲ့ ဘ၀ ကနေ စဉ်းစားဥာဏ်၊ ဝေဖန်ပိုင်းခြားမှုနဲ့ တီထွင်ဖန်တီးမှုတွေ ရင့်သန်လာစေမယ့် သင်ရိုးအသစ် ပြဌာန်းလိုက်နိုင်တာကတော့ ကောင်းတဲ့ အချက်ပါ။ ဒါပေမယ့် ဒီရည်ရွယ်ချက် တကယ်ပေါက်မြောက် အောင်မြင်အောင် ဆိုရင်တော့ အထက်မှာ တင်ပြခဲ့သလို၊ ဆရာဆရာမ ခန့်အပ်မှုပုံစံ၊ လေ့ကျင့်ပေးမှု ပုံစံ နဲ့ ဘတ်ဂျက်ငွေကြေး လုံလောက်အောင် ချပေးနိုင်မှု အပေါ်မှာ မူတည်မှာ ဖြစ်ကြောင်းပါ။


Mizzima - News in Burmese


No comments:

Post a Comment

My Blog List