Tuesday, January 12, 2016

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးဆိုင်ရှင်များကို သမ္မတ၏ အထူးရန်ပုံငွေထဲမှ ငါးသိန်းနှင့် ဆယ်သိန်းကြား ထောက်ပံ့ပေးမည်ဟုဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇန်န၀ါရီ ၁၁ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပေါ် ခဲ့သည့် မင်္ဂလာဈေးသို့ ရောက်ရှိ လှည့်လည် ကြည့်ရှုခဲ့ပြီး ဆိုင်ခန်းများ အတွက် ထောက်ပံ့ကြေးပေး ကူညီမည်ဟု ပြောကြားခဲ့သည်။ မီးဘေးအန္တရာယ်သည် သဘာဝဘေး အန္တရာယ်ဖြစ်ခြင်းကြောင့် သမ္မတ၏ ရန်ပုံငွေ (ပြည်သူ့ဘဏ္ဍာငွေ) ထဲတွင် ပါဝင်သော်လည်း ဘတ်ဂျက် နည်းနေခြင်းကြောင့်မီးဘေးသင့်သည့် ဆိုင်ခန်းများအတွက် ကရုဏာကြေး အနေဖြင့် ငါးသိန်းနှင့်ဆယ်သိန်းကြား ထောက်ပံ့ပေးမည်ဟု နိုင်ငံတော် သမ္မတက ပြောကြားကြောင်း မင်္ဂလာဈေး ဥက္ကဋ္ဌ ဒေါက်တာ ဦးစောလှထွန်း က ဇန်န၀ါရီ ၁၁ ရက်တွင် ပြောသည်။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော် ဆုံးရှုံးမှုရှိခဲ့ရာ မီးဘေးသင့် ခဲ့သည့် ဆိုင်ခန်းများ အတွက် လတ်တလောတွင် ရင်းနှီးလုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတိုးနှုန်းသက် သာစွာဖြင့် ချေးငွေများထုတ်ချေးပေးမည်ဖြစ်ပြီး ၊ ဆိုင်ခန်းများ ပြန်လည် ရောင်းချနိုင်ရေးအတွက် ယာယီဆိုင်ခန်းများကို အစိုးရစရိတ်ဖြင့် မင်္ဂလာဈေး ကားပါကင် သုံးထပ်နှင့်မင်္ဂလာမွန်ဈေး ဘေးပတ်လည်တို့တွင် ဆောက်လုပ် ပေးသွားမည်ဟု လည်း ဦးစောလှထွန်းက ပြောသည်။

“ဒီဈေးကြီးကို ပြန်လည် အသစ်တည်ဆောက်မလား ဆိုတာ အင်ဂျင်နီယာ အသင်း ချုပ်ကို သူမေးမယ်၊ မေးပြီးတော့ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ဖြစ်နိုင်တာက ပြန်တည်ဆောက်မယ် ဆိုလို့ရှိရင်လည်း အကြံဥာဏ်ပေး တာပေါ့ ။ တစ်တွဲတည်း တက်မယ်ဆိုရင် မီးတွေက တွဲလောင်တယ်ပေါ့ ။ တကယ်လို့ အဆောက်အအုံ လေးခုလောက် ခွဲထားမယ်ဆိုရင် လောင်လဲ တစ်လုံးစီပဲ လောင်မယ်ပေါ့ ။ မီးလောင် လွယ်တာခွဲမယ်ပေါ့ ။ ဒါ နည်း တစ်မျိုး၊ ဆောက်တဲ့အခါမှာ ကားလမ်းတွေ မီးငြှိမ်းသတ်တဲ့ စနစ်တွေလည်း ပါမယ် ။ ဒါကိုလည်း ဆောင်ရွက်ပေးမယ် ဆိုတဲ့ အကြောင်း ပြောပါ တယ်” ဟု ဒေါက်တာဦးစောလှထွန်းက ပြောသည်။

ဆိုင်ခန်းများ ပြန်လည် ဆောက်လုပ်ရာတွင်လည်း ယခင်က ငါးပေအကျယ် သာရှိသည့်အတွက် ခုနှစ်ပေအထိ တိုးချဲ့ ဆောက်လုပ်ပေးမည်ဖြစ်ပြီး ဈေးအသစ် ပြန်လည် တည်ဆောက်ပြီးသည့်အခါ မူလပိုင်ရှင်များကိုသာ ဆိုင်ခန်းများ ပြန်လည် ပေးအပ်သွားမည်ဟုလည်း သတင်းရရှိပါသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List