Tuesday, January 12, 2016

ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးဆွေးနွေး ပွဲတွင် ထည့်သွင်းဆွေးနွေးရန် AAPP တိုက်တွန်း


နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်သော လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး(SSR)နှင့် တဆက်တည်းဖြစ်သည့် ပြစ်ဒဏ် စီရင်ခြင်းဆိုင်ရာစနစ်ကို သုံးသပ်ပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးပေးရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တိုက်တွန်းပြောဆိုလိုက်သည်။
နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်တွင် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်ကို ထည့်သွင်း ဆွေးနွေးပြုပြင်ခြင်းအားဖြင့် ရေရှည်တွင် လူထုလုံခြုံမှု အားကောင်းလာခြင်း၊ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာခြင်းနှင့် တရားဥပဒေ စိုးမိုးမှု အားကောင်းလာခြင်းတို့ တိုးတက်လာပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အားလည်း ပိုမိုအကျိုးဖြစ်ထွန်းလာစေမည်ဟု AAPP၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖက်မှလည်း ကျယ်ပြန့်သည့် တနိုင်ငံလုံးဆိုင်ရာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Security Sector Reform) လုပ်ဆောင်လိုကြောင်း ပြောဆိုထားပါသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးညီလာခံလုပ်နေသည့် အချိန်အခါတွင် နိုင်ငံရေး အကျဉ်းသားများ မရှိသင့်ကြောင်း၊ယင်းအပြင် အကျဉ်းထောင်တစ်ခုလုံး ပြောင်းလဲရန် လိုအပ်နေကြောင်း၊ အမှုရင်ဆိုင်နေရသူတစ်ဦးမှာ တရားရုံးက အပြစ်ဒဏ်ရှိသည်ဟု မဆုံးဖြတ်ခြင်း အပြစ်သားမဟုတ်သည့် အတွက် အကျဉ်းဦးစီးက ကိုင်တွယ်စီမံခွင့်မရှိကြောင်း ၎င်းကဆိုသည်။

"အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးက မဖြစ်မနေလုပ်ရမယ် ရဲစခန်းက အချုပ်ခန်းအခက်ခဲကြောင့် အကျဉ်းထောင်ကို ခွင့်ပြုချက်နဲ့ ပို့တယ်ဆိုရင် လည်း အကျဉ်းသားမဟုတ်သေးဘူး အကျဉ်းဦးစီးက ကိုင်တွယ်နေတာ မဖြစ်သင့်ဘူးလေ" ဦးတိတ်နိုင် ကပြောသည်။

အေအေပီပီ အနေဖြင့် အကျဉ်းထောင်၊ အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စများကို တစိုက်မတ်မတ် နှစ်ပေါင်းများစွာ လုပ်ကိုင်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ အကျဉ်းထောင်များ အခြေအနေ၊ အကျဉ်းထောင်များ ဥပဒေ၊ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်နှင့် လုံခြုံရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေးတို့အား သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂၇ ဦး အကျဉ်းကျခံ နေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၇၇ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရကြောင်း ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်သော AAPP၏ ထုတ်ပြန်ချက်အရသိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List