Friday, January 15, 2016

လိပ်ကျွန်းလူသတ်မှု ကိစ္စ မကျေနပ်လို့ ထိုင်းဝဘ်ဆိုက် ၂၀၀ ကိုတိုက်


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးတဲ့ ကိစ္စကို မကျေနပ်လို့ Anonymous ဆိုတဲ့ နိုင်ငံတကာ ဟက်ကာအဖွဲ့က ထိုင်းအစိုးရပိုင် ဝဘ်ဆိုက် ရာနဲ့ချီကို ဟက်လုပ်လိုက်ပါတယ်။ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းကပဲ ဗြိတိန်နိုင်ငံသား David Miller နဲ့ Hannah Witheridge တို့ကို သတ်တယ်ဆိုပြီး သေဒဏ် ပေးခံခဲ့ရပါတယ်။

သေဒဏ်ပေးခံရတာကို မကျေနပ်လို့ မြန်မာနိုင်ငံ အနှံ့မှာ ဆန့်ကျင်ဆန္ဒပြမှုတွေ လုပ်ခဲ့သလို ဟက်ကာတွေကလည်း ထိုင်းဝဘ်ဆိုက်တချို့ကို ဝင်ရောက်ပြီး ဖျက်ဆီးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ တရားရေးရာ ဝဘ်ဆိုက်တွေအပြင် တခြား အစိုးရပိုင် ဝဘ်ဆိုက် နှစ်ရာကျော်ကို ဟက်လုပ်လိုက်တာလို့ Anonymous အဖွဲ့က မနေ့က ပြောပါတယ်။

ထိုင်းရဲအရာရှိကတော့ အစိုးရ ဝဘ်ဆိုက်တွေ တိုက်ခိုက်ခံရတဲ့ အကြောင်း တိုင်ကြားချက်တွေ မရရှိသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရတယ် ဆိုတဲ့ ဝဘ်ဆိုက်တချို့ကလည်း ပုံမှန်အတိုင်း အလုပ်လုပ်တာကို တွေ့ခဲ့ရပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ David Miller ရဲ့ မိသားစုတွေကတော့ ထိုင်းရဲတွေရဲ့ လုပ်ရပ်နဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံကြပါတယ်။

ဒါပေမဲ့ Hannah Witheridge ရဲ့ မိသားစုဝင်တွေကတော့ ထိုင်းရဲတွေရဲ့ စုံစမ်းမှုကို ဝေဖန်ခဲ့ပါတယ်။

Anonymous အဖွဲ့ဟာ ဒီလအတွင်းမှာပဲ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဝဘ်ဆိုက်ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းရဲတွေကလည်း သူတို့ ဝဘ်ဆိုက် တိုက်ခိုက်ခံရတယ်ဆိုတာကို အတည်ပြုပေးခဲ့ပေမယ့် အရေးကြီးတဲ့ အချက်အလက်တွေကို ဟက်ကာတွေ ရရှိတာမျိုး မရှိဘူးလို့ ရိုက်တာ သတင်းကို ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List