Tuesday, January 12, 2016

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း





၂၀၁၆ခုနှစ်ရဲ့ နှစ်ဦးအစအခါသမယမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တွေ အေးအတူ၊ ပူအမျှ စုစည်းတည်ထောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမိပြည်ထောင်စုနိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး အတွက် အမျှော်အမြင်ကြီးမားစွာ ယခုလိုတွေ့ဆုံ ဆွေးနွေးကြတဲ့ သမိုင်းဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ကျွန်တော့်အနေနဲ့ စကားပြော ကြားခွင့်ရတာကို ၀မ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။
တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဖွဲ့ ခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ တိုင်းရင်းသားသွေးချင်းများ၊ ညီလာခံကြီး ဖြစ်မြောက်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပမ်း ခဲ့ကြသူ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ပြည်ထောင်စုသားအားလုံး “ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ” လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

နိုင်ငံတော်ရဲ့သမိုင်းကြောင်းနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တွေ့ကြုံမှုများအရ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာနဲ့အညီ၊ ခေတ်နဲ့အမီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံလိုအပ်ချက်အဖြစ် အစဉ်တစိုက် တည်ကြည်လေးနက်စွာ ခံယူကျင့်သုံးလျက်ရှိပါတယ်။ ဒီအချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် လည်း တပ်မတော် အနေနဲ့ နိုင်ငံတော်နဲ့ပြည်သူအပေါ်မှာ မယိမ်းယိုင်တဲ့ သစ္စာတရားနဲ့ ခေတ်အဆက်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီစနစ်အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အရေးကြီးဆုံးလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအမှန်တကယ် ရရှိစေလိုသော စိတ်ရင်း အမှန်ဖြင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နေရာမှာလည်း ယခင်အတွေ့အကြုံများအရ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်း ရေးကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာမူဝါဒ ၆ ချက်ကို ချမှတ်အကောင်အထည် ဖော်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ညီအစ်ကိုများအားလုံး ပြန်လည် သင့်မြတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ရာမှာလည်း တန်းတူအခွင့်အရေးပေးပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စာနာထောက်ထားမှုများနဲ့ ကိုယ့်ရဲ့ဆန္ဒကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်ရဲ့အကျိုးကို သယ်ပိုး ထမ်းဆောင်လိုတဲ့စိတ်နဲ့ စိတ်ရှည်သည်းခံစွာ ဆွေးနွေးညှိနှိုင်းခဲ့တဲ့အတွက် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် သဘောတူလက်မှတ် ရေးထိုး အတည်ပြုခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးမှု မရှိသေးတဲ့အဖွဲ့များအပေါ် တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ မိမိတို့စိတ်ဆန္ဒ အတိုင်း အချိန်မရွေး လက်မှတ်ရေး ထိုးနိုင်ဖို့ တံခါးဖွင့်ထားသလို နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့၊ ပြင်းပြတဲ့ဆန္ဒအမှန်ကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးဟာ နှစ်ပေါင်း ၆၀ ကျော် ကြာရှည်နေပြီဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့အတွက် ကဏ္ဍအသီးသီးကနေ ပါဝင်ပတ်သက်နေတဲ့ Stakeholder တွေရဲ့ စိတ်ရင်းစေတနာကောင်းတွေနဲ့ မဆုတ်မနစ် ကြိုးပမ်းခဲ့ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီရလဒ် အခွင့်ကောင်းကို လက်မလွတ်တမ်းဆုပ်ကိုင်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားချက် ဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဖြစ်ပေါ်ရေး ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြရာမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ သမိုင်းကြောင်း၊ စရိုက်လက္ခဏာနဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ ကိုက်ညှိပြီးမှသာ ဆောင်ရွက်အောင်မြင်ကြတာ တွေ့ရမှာဖြစ်ပါတယ်။ အားလုံးနဲ့ကိုက်ညီတဲ့ Fit for All ပုံစံ၊ ပုံသေနည်း ဆန်ဆန်သီအိုရီပုံစံတွေ မရှိတဲ့အတွက် မြန်မာနဲ့ကိုက်ညီတဲ့ပုံစံကို ပုံဖော်ယူနိုင်မှ မိမိတို့ ကြိုးစားတည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ် ခိုင်မြဲမှာ ဖြစ်ပါတယ်။

ဒီနေ့ ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်း သားကိုယ်စားလှယ်များ၊ လက်နက်ကိုင်တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင် ပါဝင်သင့်ပါဝင်ထိုက်သူများ စုံညီစွာ ပါဝင်ဆွေးနွေးကြမှာဖြစ်လို့ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်တယ်ဆိုတာ အထင်အရှားတွေ့ရမှာဖြစ်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကြီးဟာ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ နိုင်ငံတော်အတွက် သမိုင်းသစ်တစ်ခု၊ ဆက်လက် ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် ခြေလှမ်းသစ်တစ်ရပ် စတင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အ၀မျှော်လင့်ပါတယ်။ ထာဝရငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေးနိုင်မယ့် ညီလာခံကြီးအဖြစ်လည်း ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့ အခါ လက်နက်ကိုင်ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လို့မရ နိုင်တဲ့အတွက် ယနေ့နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ်ရပ်စဲရေး ဖြေရှင်း ဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များအတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိနိုင်ငံမိမိကာကွယ်ရေးအတွက် တပ်မတော် တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံအနေ နဲ့လည်း ယင်းမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်ပြီး မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဖက်ဖက်က တည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။

ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖြစ်ပေါ်လာရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးဗဟိုဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသားကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာ ရှင်များနှင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံတော်ဟာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့အတွက် အာဏာသုံးရပ်ခွဲဝေခြင်းကဏ္ဍ၊ အခွန်အခခွဲဝေသုံးစွဲခြင်းကဏ္ဍ၊ သယံဇာတခွဲဝေသုံးစွဲခြင်းကဏ္ဍတို့ကို ရသင့်ရထိုက်သည်များ ရရှိရေး နှစ်ဦးနှစ်ဖက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။ ရသင့်ရထိုက်တဲ့ ပြဋ္ဌာန်းခွင့်များ ရရှိအောင်လည်း ညှိနှိုင်း ဆောင်ရွက်မှုတွေကို ထောက်ခံရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ နှစ်ကာလကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် အရေးကြီးဆုံး မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရမယ့် မဟာဗျူဟာ ဟာ “ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ” ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှုတွေဟာ အနာဂတ်နိုင်ငံတော်အတွက်၊ အနာဂတ် ကျွန်တော်တို့ မြန်မာ့ မျိုးဆက်တွေ အတွက် ဆိုတာ လေးလေးနက်နက်ခံယူပြီး စိတ်ရင်းစေတနာ မှန်မှန်နဲ့ အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း အဖြစ်နိုင်ဆုံး/ အကောင်းဆုံးဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်း ဆောင်ရွက်သွားပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List