Thursday, January 14, 2016

သက်တမ်းကုန်ဆုံးတော့မည့် အစိုးရမှ လက်ကျန်ပါမစ်နှင့် တင်ဒါများ အလျင်အမြန်ချပေး


လက်ရှိအစိုးရသည် အာဏာမလွဲပြောင်းမီ နောက်ဆုံး ရက်သတ္တပတ်များ အတွင်းတွင် ပြည်သူများ ဘ၀င်မကျသည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုကို ကန်ထရိုက် ပေးခြင်း အပါအ၀င် ကြီးမားသည့် လုပ်ငန်းပါမစ်များ ချထားပေးခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်ကြောင်း သိရသည်။
လက်ကျန်ကာလအတွင်း ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် ဥပဒေများတွင် လွှတ်တော်အမတ်များကို ပင်စင်ခံစားခွင့်ပြုရန် ပါဝင်သည်။ ထို့အပြင် သမ္မတဟောင်းများအား တာဝန်ထမ်းဆောင်စဉ် ဆောင်ရွက်မှုများ အတွက် တရားစွဲခွင့် မရှိရန်နှင့် ကိုယ်ရံတော်များ ထားရှိပေးရန် ဥပဒေများလည်း ပါဝင်သည်။

သမ္မတဦးသိန်းစိန် အစိုးရသည် လက်ကျန်ကာလအတွင်း စီးပွားရေးလုပ်ငန်း ကန်ထရိုက် အများအပြား ခွင့်ပြုခဲ့ပြီး ထိုသို့ လုပ်ဆောင်ရာတွင် လွှတ်တော်၏ အတည်ပြုမှု ရယူရန်မလိုဘဲ ရွေးကောက်ပွဲ အနိုင်ရပါတီနှင့်လည်း တိုင်ပင်ခြင်းမရှိဟု သိရသည်။

ထို့ပြင် ရပ်ဆိုင်းထားသည့် စက်ရုံ ၅ ခုကိုလည်း အရပ်ဘက် ဦးဆောင် သည့် စက်မှုဝန်ကြီးဌာန လက်အောက်မှ စစ်တပ် ထိန်းချုပ်ထားသည့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းပေး ခဲ့သည်။ မြန်မာ့ နိုင်ငံရေး စနစ်အရ အစိုးရက ထို ဆောင်ရွက်မှု အားလုံးကို အတားအဆီးမရှိ ပြုလုပ်ခွင့် ရှိနေသည်။

သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က သမ္မတဟောင်းများနှင့် သက်ဆိုင် သည့် ဥပဒေမှာ လက်ရှိ သမ္မတ ဦးသိန်းစိန်အတွက်သာ မဟုတ်ဘဲ အနာဂတ် သမ္မတများပါ အကျိုးရှိစေမည်ဖြစ်ပြီး လက်ရှိအစိုးရ အတွက် ရေးဆွဲထားခြင်း မဟုတ်ဟု ပြောကြားခဲ့သည်။ စီးပွားရေး လုပ်ငန်း ကန်ထရိုက်များ ချထားပေးခြင်းမှာ နိုင်ငံရေး အကူးအပြောင်းကာလတွင် တိုင်းပြည် ပုံမှန် ရှေ့ဆက်နေစေရန် ဖြစ်သည်ဟု ၄င်းက ဆိုသည်။

လက်ရှိအစိုးရ၏ နောက်ဆုံးအချိန်အတွင်း ဆောင်ရွက်မှုများက ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ ထို ဆောင်ရွက်မှုများက အစိုးရသစ်အတွက် အရင်းအမြစ်များ စီမံခန့်ခွဲရာတွင် အခက်အခဲ ဖြစ်စေနိုင်သည်။

လက်ရှိ အစိုးရ၏ ဆောင်ရွက်မှုများက တိုင်းပြည်၏ စီးပွားရေးရင်းမြစ်များ အပေါ် စစ်တပ်က ဆက်လက် လွှမ်းမိုးစေနိုင်ရန် ရည်ရွယ်သည်ဟု လေ့လာ သူများက ယူဆကြသည်။ NLD ဦးဆောင်မည့် အစိုးရသစ် လက်ထက်တွင် စစ်တပ်က အခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး အရေးပါသည့် ၀န်ကြီးဌာနအချို့ကို လည်း ထိန်းချုပ်ထားသည်။

ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကန်ထရိုက်ကို တရုတ်နိုင်ငံပိုင် CITIC က ဦးဆောင်သည့် အကျိုးတူအဖွဲ့သို့ ဒီဇင်ဘာလ အတွင်း ခွင့်ပြုပေးခဲ့သည်။ အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် နိုင်ငံတွင် တည်ဆောက်ရန် လျာထားသည့် အထူးစီးပွားရေးဇုန် စီမံကိန်း သုံးခုတွင် ပါဝင်ပြီး ဘင်္ဂလားပင်လယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနက် ဆိပ်ကမ်း ဖြစ်လာမည်ဖြစ်သည်။ ထိုစီမံကိန်းက အိန္ဒိယ သမုဒ္ဒရာတွင် လှုပ်ရှားမှု တိုးမြှင့်လာသည့် တရုတ်နိုင်ငံအတွက် အရေးပါသည့် မဟာဗျူဟာ ပိုင်ဆိုင်မှုဖြစ်လာမည် ဖြစ်သည်။

စီမံကိန်း တည်ဆောက်ခွင့်အတွက် တင်ဒါ ခေါ်ယူမှုတွင် ပွင့်လင်းမြင်သာမှု မရှိသဖြင့် CITIC အား ကန်ထရိုက်ပေးခြင်းကို ဆိုင်းငံ့ထားရန် ဒေသခံ အရပ်ဘက်အဖွဲ့အစည်း အများအပြားက တောင်းဆိုထားသည်။ CITIC ကမူ ထိုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ကျောက်ဖြူစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ကန်ထရိုက်ချထားပေး ရန် အစောပိုင်းကတည်းက စီစဉ်ခဲ့သော်လည်း နှောင့်နှေးနေ ခဲ့ခြင်း ဖြစ်သည်။ အစိုးရက တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများကို မည်သည့် အကြောင်းကြားမှုမှ မပြုဘဲ နှောင့်နှေးနေခြင်း ဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းမှ အရှိန်မြှင့်၍ ကန်ထရိုက် ပေးခဲ့ခြင်းဖြစ်သည်ဟု တင်ဒါရှုံးနိမ့်ခဲ့သည့် ကုမ္ပဏီတစ်ခုက ပြောကြားခဲ့သည်။

ထို့အပြင် လမ်းဖောက်လုပ်ရေးနှင့် စွမ်းအင် လုပ်ငန်း စီမံကိန်းများ ကိုလည်း လက်ရှိအစိုးရ သက်တမ်း ကုန်ဆုံးကာနီးမှ အလျင်အမြန် ခွင့်ပြုပေးခဲ့သည်။ လက်ရှိ ခွင့်ပြုခဲ့သည့် စီမံကိန်းများမှာ မတ် ၃၁ တွင် ကုန်ဆုံးမည့် ယခု ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ပါဝင်မည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိ ဦးသိန်းစိန် အစိုးရ၏ စီးပွားရေးစွမ်းဆောင်မှု အဖြစ် ဖော်ပြနိုင်မည် ဖြစ်သည်။ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်သိန်း က ကန်ထရိုက်များ ချထားပေးနေသည့် အစိုးရ၏ ဆောင်ရွက်မှုကို ကာကွယ် ပြောကြားခဲ့ပြီး တိုင်းပြည် စီးပွားရေး ခေတ်မီစေရန် ဆောင်ရွက် မှု အောင်မြင်ရေးအတွက် ထိုကန်ထရိုက်ချထားပေးခြင်းများကို မဖြစ်မနေ ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေများတွင် ပါဝင်သော သမ္မတဟောင်းများ၏ အရေအတွက် ဖော်ပြမထားသော ကိုယ်ရံတော်များ အတွက် နိုင်ငံတော်က လခပေးရန်နှင့် လွှတ်တော် အမတ်များ သက်တမ်းကုန်ဆုံးချိန်တွင် ငွေကျပ် သိန်း ၅၀ ခန့် ပင်စင်ပေးရန် တို့ကို NLD က ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၄၀ ရာခိုင်နှုန်း နီးပါးခန့်မှာ နှစ်စဉ်ဝင်ငွေ ၅ သိန်း ခန့်အောက်ဖြင့် ရှင်သန်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ကိုယ်စားပြု လွှတ်တော်အမတ်များ ရရှိမည့် ပင်စင်ကို ပရဟိတလုပ်ငန်းများ အတွက် လှူဒါန်းသွားမည်ဟု ဒီဇင်ဘာ ၃၁ တွင် ပြုလုပ်သည့် RFA နှင့် အင်တာဗျူးတွင် ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ လခ ရနေပါတယ်။ ဒါကြောင့် ပင်စင် မလိုပါဘူး” ဟု ပြောကြားခဲ့သည်။

လက်ရှိ လွှတ်တော်၏ နောက်ဆုံးရက်သတ္တပတ်များတွင် ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပြီး သတ္တုတွင်း လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် ပိုမိုလွယ်ကူစေသည့် ဥပဒေတစ်ခု အပါအ၀င် နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ အကျိုးရှိစေမည့် ဥပဒေများ ပြဋ္ဌာန်းရန် ရှိနေသည်ဟု သိရသည်။


Ref - WSJ
The Ladies News

No comments:

Post a Comment

My Blog List