Thursday, January 14, 2016

လိပ်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့သည့် ဟန်နာဝှစ်တာရစ်၏ အစ်မဖြစ်သူ လော်ရာက ထိုင်းအာဏာပိုင်နှင့် ရဲများ အကြောင်း အွန်လိုင်းတွင် ဖွင့်ဟပြောဆို



ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသူ ဟန်နာဝှစ်တာရစ်၏ အစ်မဖြစ်သူ လော်ရာဝှစ်တာရစ်က ထိုင်းအာဏာပိုင်များသည် ယင်းတို့မိသားစု၏ ကြေကွဲဝမ်းနည်းမှုကို အလေးမထားခဲ့ဟု ဝေဖန်ပြောကြားလိုက်သည်။လော်ရာက “ကျွန်မတို့ ဟန်နာကို ဆုံးရှုံးပြီး ကတည်းက လိပ်ကျွန်းမှာ သံသယဖြစ်ဖွယ် သေဆုံးမှုတွေ အများအပြား ရှိခဲ့တယ်” ဟု ပြောကြား ခဲ့သည်။ ဟန်နာ သေဆုံးပြီးနောက်ပိုင်းတွင် လော်ရာသည် အသက် အန္တရာယ် ခြိမ်းခြောက်မှုများ၊ နောက်မှ လိုက်ကြည့်ခံရမှုများ ကြုံတွေ့ခဲ့ရပြီး လူသတ်မှု ဓာတ်ပုံများ ပေးပို့ခံခဲ့ရသည်ဟု သူမ၏ ဖေ့စ်ဘုတ်တွင် ရင်ဖွင့် ဖော်ပြခဲ့သည်။
ဟန်နာ အသတ်ခံရမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် အတွက် လျော်ကြေးပေးမည်ဟု ယင်း၏ မိသားစုကို လာရောက် ကမ်းလှမ်းမှု ကြုံတွေ့ခဲ့ရသည်ဟု လော်ရာက ဆိုသည်။ “ကျွန်မတို့ အတော်ကို တုန်လှုပ်သွားခဲ့ပြီး သူတို့ကို မောင်းထုတ်ခဲ့ပါတယ်” ဟု လော်ရာ က ဖေ့စ်ဘုတ်တွင် ဖော်ပြခဲ့သည်။

လိပ်ကျွန်းတွင် အခြားခရီးသွား လူငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ ရခြင်းနှင့် ထိုင်းနိုင်ငံအား ကမ္ဘာပေါ်တွင် အလှပဆုံးနေရာ အဖြစ် ရေးသားထားမှုကို တွေ့ရှိခဲ့ခြင်းတို့ကြောင့်လော်ရာက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လော်ရာက ညီမဖြစ်သူ၏ အမှု စစ်ဆေးစဉ်ကာလအတွင်း ထိုင်းအာဏာပိုင် များသည် ယင်းတို့မိသားစုအား ထိခိုက်နာကျင်စေသည့် ပြောကြားမှု အများအပြား ပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။ 

ထိုင်းအာဏာပိုင်များက ဟန်နာအား ဆုံးရှုံးခံရခြင်းကို ရည်ညွှန်း၍ “ခင်ဗျားတို့ ဘာကြောင့် ဒီလောက် ပြသ၁နာ ရှာနေတာလဲ၊ အိမ်ပြန်ပြီး နောက်တစ်ယောက် ထပ်မွေးပါလား” ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် “ဘာလို့ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ သူ (ဟန်နာ) က ရက် ၃၀ အတွင်း ပြန်ပြီး လူဝင်စားဖြစ်နိုင်တာပဲ။ နောက်ဘ၀ကျရင် ပို ကံကောင်းချင် ကောင်းမှာပေါ့ဟု ပြောကြားခဲ့သည်” ဟု ဆိုသည်။

လော်ရာသည် လိပ်ကျွန်းသည် အလွန်လှပသော်လည်း အလွန် အန္တရာယ်များသည့် ထောင်ချောက်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားနိုင် သည်ကို သတိပြုမိရန် လူအများအား နှိုးဆော်ထားသည့် ဖေ့စ်ဘုတ်ပို့စ်အား အကြိမ် ၁၄၀၀ ကျော် Share လုပ်ခံထားရသည်။ 

ယင်းတို့မိသားစု ထိုင်းနိုင်ငံတွင် ရှိနေစဉ် ထိုင်းအာဏာပိုင်များ၏ မေးမြန်းမှုများတွင် “ဒီကို ဘာလာလုပ်ကြတာလဲ။ ဘာကို ဂရုစိုက်နေတာလဲ။ သူက သေပြီးသွားပြီပဲ” ဆိုသည့် စကားများ ပါဝင်ခဲ့သည်ဟု ဆိုသည်။

လော်ရာက ထိုင်းရဲတပ်ဖွဲ့ကိုလည်း ခြစားနေသည်ဟု ဝေဖန်ခဲ့သည်။ ဟန်နာ၏ အမှုဖြစ်ပွားပြီးနောက်တွင် လိပ်ကျွန်း၌ သံသယဖြစ် ဖွယ် သေဆုံးမှု အများအပြား ဖြစ်ခဲ့သော် လည်း သေကြောင်း ကြံစည်မှုများ၊ ရှင်းမပြနိုင်သည့် မတော်တဆမှုများအဖြစ် ပုံဖျက်ဖုံးကွယ်ခဲ့ သည် ဟု လော်ရာက ဆိုသည်။ ဟန်နာ၏ အမှုမှာ အလွန်ရက်စက်သည့် လူသတ်မှုဖြစ်သဖြင့်သာ ထိုသို့ ဖုံးကွယ်ခံရမှု မကြုံရပဲ နိုင်ငံတကာ က ဂရုပြုမိခဲ့ခြင်း ဖြစ်သည် ဟု လော်ရာက ပြောကြားခဲ့သည်။ 

ယင်းက ထိုင်းနိုင်ငံအား လှပသည့် နိုင်ငံအဖြစ် ရှုမြင်နေသူများအနေဖြင့် ဟန်နာအမှုနှင့် ပတ်သက်၍ “Anonymous ဟက်ကာအဖွဲ့က အွန်လိုင်း တင်ခဲ့သည့် ဗီဒီယိုကိုကြည့်ရှုရန် ပြောကြားထားသည်။ လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးမှာ တရားခံအ စစ်အမှန် မဟုတ်ဘဲ လူစားထိုးခံရခြင်းဖြစ်သည်ဟု Anonymous အဖွဲ့က စွပ်စွဲထားပြီး သံသယဖြစ်ဖွယ် အချက်များကို ၃၇ မိနစ်ကြာ ဗီဒီယို တွင် ဖော်ပြထားသည်။ 

ထိုဗီဒီယိုကို ဟက်ကာအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က ထိုင်းရဲတပ်ဖွဲ့ ကို ဦးတည်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့သည်။ တိုက်ခိုက်မှုများတွင် ၀က်ဘ်ဆိုက် ၁၄ ခု ဟက် လုပ်ခံခဲ့ရပြီး ထိုင်းရဲတပ်၏ စွမ်းဆောင်ရည်နှင့် လူသတ်မှုနှင့် အခြား မှုခင်းများအား ကိုင်တွယ်ပုံကို ဗီဒီယိုထဲတွင် မျက်နှာဖုံးစွပ် လူတစ်ဦး က မေးခွန်းထုတ်ခဲ့သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List