လိပ်ကျွန်းအမှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခြင်း ခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦး အရေးကိစ္စအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် စေလွှတ်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တွင် နခွန်စီထမရပ် အကျဉ်းထောင်သို့ သွားရောက်ကာ ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့ကို တွေ့ဆုံအားပေးစကားများ ပြောကြားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ယနေ့ ထုတ်ဖော်ရေးသားထားသည်။
ယင်းအထူးကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်တွင် လိပ်ကျွန်းအမှု နှင့် ပတ်သက်သည့် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး ဝင်းဇော်ထွန်းနှင့် ဇော်လင်း အရေးကိစ္စသာမက ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့် မြန်မာအလုပ်သမားများအရေး ကိစ္စများတွင်ပါ ထိုင်းနိုင်ငံ ရှေ့နေ များကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်း ဦးဇော်ဌေး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ဖော်ရေးသားထားသည်။
အဆိုပါ အထူးကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေပညာရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦး၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ ပါဝင်သည်။
(ဓာတ်ပုံ - Hmuu Zaw Facebook Page)
The Voice Weekly
No comments:
Post a Comment