Friday, January 15, 2016

ဝ ၊ တအာင်းပလောင် ၊ ပအိုဝ်း ၊ ရှမ်းနီ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတွက် ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆို


ဝ ၊ တအာင်းပလောင် ၊ ပအိုဝ်း ၊ရှမ်းနီစသည့် ပြည်နယ်သီးသန့်သတ်မှတ်ထားခြင်း မရှိသေးသည့် တိုင်းရင်းသားမျိုးနွယ်စုများအတွက် ပြည်နယ် သတ်မှတ်ပေးရန် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တောင်းဆိုမှုများရှိနေကြောင်းသိရသည်။
ဝ တိုင်းရင်းသားများအနေဖြင့် လက်ရှိအခြေခံ ဥပဒေအရ သတ်မှတ်ပေး ထားသည့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ မြို့နယ် ၆ မြို့နယ်အပြင် ၀ လူမျိုးများနေထိုင်သည့် နယ်မြေဒေသအားလုံးကို ပြည်နယ်သတ်မှတ်ပေးရန် တင်ပြထားခြင်း ဖြစ်ကြောင်း ၀ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သူ ဦးဆိုင်ပေါင်းနပ်က ပြောသည်။

‘ အခြေခံ ဥပဒေအရ သတ်မှတ်ထားတဲ့ ဒေသအပြင် လားရှိုး၊ တန့်ယန်း ၊ ကျိုင်းတုံ တို့မှာလည်း ၀တွေလည်း ရှိနေတဲ့အတွက်ပါတာပေါ့လေ။ ဥပမာအားဖြင့်ပေါ့ ‘ဟု ဦးဆိုင်ပေါင်းနပ်က ပြောသည်။

ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မိုင်းတုံ ၊ မိုင်းဆတ် ၊ စသည့်ဒေသ များတွင် ဦးခွန်ဆာ၏ MTA ၊ ဦးယွက်စစ်၏ RCSS/SSA စသည့် ရှမ်းလက်နက်ကိုင်များ အား ၀ လက်နက်ကိုင်ဖြစ်သည့် ၀ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSA မှ တိုက်ခိုက် သိမ်းပိုက်ယူထားသည့် ၀ လူမျိုးများ နေထိုင်ရာ ၀ တောင်ပိုင်းဟု ခေါ်တွင်သည့် အရပ်လည်းရှိ နေသည်။

ဝ မြောက်ပိုင်း ပန်ဆန်း ဒေသ ( ၆ မြို့နယ် ) နှင့် တောင်ပိုင်းဒေသမှာ ကျိုင်းတုံ လွင်ပြင်က ခြားနားထားရာ တဆက်တစပ်တည်းဖြစ်စေရန် ကျိုင်းတုံဒေသကိုပါ ၀ လူမျိုးများ ရရှိသွားပါက သံလွင်မြစ် အရှေ့ဘက် တခြမ်းလုံးကို ရရှိနိုင်မည် ဖြစ်သည့်အတွက် ကျိုင်းတုံ ဒေသကိုပါ ၀ ပြည်နယ် သတ်မှတ်ပါက ထည့်သွင်းပေး ရန် တောင်းဆိုခြင်း ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ်ရေးရာ လေ့လာနေသူ အချို့က သုံးသပ်သည်။

၂၀၀၈ အခြေခံ ဥပဒေအရ ၀ လူမျိုးတို့၏ မူလနေထိုင်ရာ ဒေသဖြစ်သော ပန်ဆန်းဒေသ ၆ မြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထားပြီး ၄ မြို့နယ်မှာ UWSA ၀ တပ်ဖွဲ့က ထိန်းချုပ်ထားပါသည်။

‘ကျန်တော်တို့ကတော့ ပအိုဝ်းရယ်လို့ သီးသန့်တော့ မဟုတ်ပါဘူး။ ပြည်နယ် အခွင့်ရေး ရသင့်ရထိုက်တဲ့ တိုင်းရင်းသားမှန်သမျှ ပြည်နယ်သစ်တွေ သတ်မှတ်ပေးဖို့ တင်ပြတာပါ။ ဥပမာ ၀ တို့ တအာင်းပလောင်တို့လည်း ပါတာပေါ့လေ ‘ ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ပအိုဝ်းတိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဆီဆိုင် ၊ ဟိုပုံး ၊ ပင်လောင်းစသည့် မြို့နယ် ၃ မြို့နယ်ကို ၂၀၀၈ ခုနစ် အခြေခံ ဥပဒေအရ သတ်မှတ်ပေးထား ခဲ့ပြီး ဖြစ်သည်။

ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိပြီး ဖြစ်သည့် တအာင်းပလောင် လူမျိုးများအတွက်လည်း ပြည်နယ် သတ်မှတ် ပေးရန် တအာင်း အမျိုးသားပါတီမှ တောင်းဆိုထားကြောင်းသိရပြီး စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းနီလူမျိုးများမှလည်း စစ်ကိုင်းတိုင်း မြောက်ပိုင်းနှင့် ကချင်ဒေသရှိ ရှမ်းနီ လူမျိုးများနေထိုင်ရာ ဒေသကို ရှမ်းနီပြည်နယ် သတ်မှတ်ပေး ရန် တောင်းဆိုထားပါသည်။

ပြည်နယ်တောင်းခံထားသည့် မျိုးနွယ်စုအများစုကို ကြည့်မည်ဆိုပါက ရှမ်းပြည်နယ်မှ အများစုဖြစ်ပြီး လီဆူးကဲ့သို့သော အခြား တိုင်းရင်းသား မျိုးနွယ်စုများ မှလည်း ပြည်နယ်တောင်းဆိုရေး တင်ပြခဲ့ဖွယ်ရှိသည်ဟု ညီလာခံတက်ရောက်နေသည့် ကိုယ်စားလှယ်များက ဆိုပါသည်။

‘ အဓိကကတော့ တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပြသနာက ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို အကောင်ထည် မဖော်နိုင်လို့ ဖြစ်နေတာ။ ပင်လုံမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အစဉ်အလာအရ နိုင်ငံမှာ နေထိုင်လာတဲ့ နိုင်ငံတည်ထောင်သူ တိုင်းရင်းသားတွေ ပြည်နယ်သတ်မှတ်ပေးပြီးသား တိုင်းရင်းသားတွေတောင် ဘာအခွင့်ရေးမှ မရသေးချိန်မှာ ပင်လုံရဲ့ အနှစ်သာရကို ပထမဆုံး အကောင်ထည်ဖော်ရမှာပါ။ ခုလို ဘာမှမရသေးခင် ရှိရင်းစွဲပြည်နယ်တွေကို ထပ်ပြီး ခွဲပေးလိုက်မယ်ဆိုရင် တိုင်းပြည်က ဖရိုဖရဲဖြစ်ကုန်ပါလိမ့်မယ် ‘ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ဦးစိုင်းလိတ်က သုံးသပ်သည်။

ရှမ်းလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းလှ ကမူ ‘ လောလောဆယ် အနေထားအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကို လုပ်ပိုင်ခွင့်တိုးပေးတာလောက်ပဲ လုပ်သင့်တယ် မရှိသေးသူတွေကိုလည်း ဒေသန္တာရ အုပ်ချုပ်ရေးအဆင့် တိုးပေးတာလောက်ပဲ လုပ်သင့်တယ် ‘ ဟု မှတ်ချက်ပြုပြောဆိုသည်။

မျိုးမင်းပိုင် ၊ စိုင်းထွန်းအောင်လွင်
The Ladies News


No comments:

Post a Comment

My Blog List