Thursday, January 14, 2016

သမ္မတ အိုဘားမား နောက်ဆုံးအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြော


သမ္မတသက်တမ်းတလျှောက်မှာ သူလုပ်ဆောင် ချန်ထားနိုင်တဲ့ အမွေအနှစ် တွေက ဘာတွေလဲ ဆိုတာကို ပြနိုင်ဖို့ ကြိုးစားတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ အင်္ဂါနေ့ညတုန်းက သူ့ရဲ့နောက်ဆုံးဖြစ်မဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးက လွှတ်တော် အမတ်တွေရှေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ လွှတ်တော်အနေနဲ့ လာမဲ့နှစ်အတွက်ကိုပဲ မကြည့်ဘဲ၊ နောင် ၅ နှစ်နဲ့ နောက်ပိုင်း ရေရှည်ကြည့်ဖို့ သမ္မတအိုဘားမားက တိုက်တွန်းသွားပါတယ်၊ VOA သတင်းထောက် Carolyn Presutti ရဲ့သတင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
အမေရိကန်တွေကို မျှော်လင့်ချက်တွေ မြင့်မားအောင်ကတိပေးခဲ့တဲ့ သမ္မတ Barack Obama က သူ့ရဲ့နောက်ဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ အမေရိကန် နိုင်ငံကို ပြတ်သားတဲ့၊ စာနာတတ်တဲ့ အကောင်းမြင်တဲ့၊ အကြမ်းဖက်မှုတွေကို မတုန်လှုပ်တဲ့နိုင်ငံအဖြစ် ဖော်ပြပြောကြားသွားခဲ့ ပါတယ်၊

“အမေရိကန်ကို ထိပါးလာမယ်ဆိုရင်၊ ကျွန်တော်တို့က ပြန်ပြီးတုံ့ပြန်မှာဖြစ် ပါတယ်။”

ပြင်သစ်နိုင်ငံ နဲ့ California ပြည်နယ်တွေမှာ တိုက်ခိုက်ခံရထားရချိန်မှာ၊ နိုင်ငံခြားနဲ့ ပြည်တွင်းမှာရှိတဲ့ အကြမ်းဖက်သမားတွေဟာ အန္တရာယ်များတာမှန်ပေမဲ့ နိုင်ငံတည်ရှိမှုကို ခြိမ်းခြောက် နိုင်လောက်တဲ့ အဆင့် မရှိဘူးလို့ပြောကြားခဲ့ပါတယ်၊ အကြမ်းဖက်မှုကို တန်ပြန်ရေး Congress လွှတ်တော်က ဆောင်ရွက်ဖို့အတွက်လဲ တိုက်တွန်းသွားပါတယ်။

“ ဒီစစ်ပွဲကို အမှန်တကယ်အနိုင်ရချင်တယ်၊ လွှတ်တော်က အလေးအနက်ထားတယ်ဆိုတာကို အမေရိကန်စစ်သားတွေနဲ့ ကမ္ဘာကြီးကို ပြချင်တယ်ဆိုရင် IS စစ်သွေးကြွတွေအပေါ် စစ်ရေးအရဆောင်ရွက်ခွင့်ကို Congress လွှတ်တော်က ခွင့်ပြုလိုက်ပါ၊ မဲခွဲဆုံးဖြတ်လိုက်ပါ။”

Cuba နိုင်ငံအပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့လဲ သမ္မတအိုဘားမားက တောင်းဆိုခဲ့သလို Pacific ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက် TPP ကို အတည်ပြုပေးဖို့ကိုလဲ လွှတ်တော်ကို သမ္မတက တောင်းဆိုသွားပါတယ်၊

သမ္မတအင်္ဂါနေ့က မိန့်ခွန်းမပြောခင် နာရီပိုင်းမှာပဲ ခုလို ကင်းလှည့်ရေယာဉ်
၂ စင်းနဲ့ အမေရိကန် ရေတပ်သား ၁၀ ယောက်ဟာ အီရန်မှာ ဖမ်းဆီးခံ ခဲ့ရပါတယ်၊ဒီအဖြစ်အပျက်ကိုတော့ သမ္မတက မိန့်ခွန်းထဲမှာ မပြောပေမဲ့ အီရန်နဲ့ရထားတဲ့ Nuclear သဘောတူညီချက်အပေါ် သံသယရှိနေကြတဲ့ လွှတ်တော်အမတ်တွေကို ခုလိုပြောကြားခဲ့ပါတယ်၊

“အခုဆိုရင် အီရန်က သူ့ရဲ့ Nuclear အစီအစဉ်တွေကို နောက်ဆုတ်သွား ပါပြီ၊ အီရန်မှာရှိနေတဲ့ ယူရေနီယံတွေကို နိုင်ငံထဲမှာ ရှိမနေတော့အောင် ပို့ဆောင်နေပါပြီ၊ ကမ္ဘာကြီးမှာ နောက်ထပ်စစ်ပွဲမဖြစ်အောင် ရှောင်လွဲနိုင် ခဲ့ပါတယ်၊”

သမ္မတအိုဘားမားရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို Republican ပါတီဖက်က တုံ့ပြန်ခဲ့သူကတော့ တောင် Carolina ပြည်နယ်အုပ်ချုပ်ရေးမှူး Nikki Haley ဖြစ်ပါတယ်၊

“ကျွန်မတို့ဆိုရင်တော့ အစ္စရေးက ကြိုဆိုပြီး အီရန်မှာ ဆန္ဒပြတဲ့ နိုင်ငံတကာ သဘောတူညီမှုမျိုးကိုပဲ လုပ်မှာပါ၊ အခုလို ပြောင်းပြန်ဖြစ်နေတဲ့ သဘောတူမှုမျိုး မလုပ်ပါဘူး။”

လွှတ်တော်ကို သမ္မတရဲ့တောင်းဆိုမှုတွေအပေါ် Republican ပါတီ ထောက်ခံသူ တွေရဲ့ သဘောထား တွေနဲ့ပါတ်သက်လို့လဲ

“အခု ပြောခဲ့တာတွေအတွက် လွှတ်တော်က အလေးအနက်တုံ့ပြန်ဆောင် ရွက်ဖို့ သူမျှော်လင့်ထားတယ်လို့ မထင်ပါဘူး၊ ဒါပေမဲ့ ဒီကိစ္စတွေအပေါ် သူ ဂရုတစိုက်ရှိတယ် ဆိုတာကို သူ့ရဲ့သမိုင်းကို အဆုံးအဖြတ်ပေးမဲ့ ပြည်သူတွေကို မြင်စေချင်တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်၊”

အမေရိကန်မှာ နိုင်ငံရေးအရ ကွဲလွဲမှုတွေ ဆက်ပြီးရှိနေတဲ့အပေါ် စိတ်မကောင်းဘူးလို့ သမ္မတက ပြောခဲ့သလို Republican တွေဖက်က အနှုတ်သဘောပြောကြားချက်တွေကိုလဲ ဝေဖန်သွားပါတယ်၊

“အမေရိကန်စီးပွားရေးကျဆင်းနေတယ်ဆိုတဲ့ ပြောကြားချက်တွေကတော့ နိုင်ငံရေးအသုံးချပြောမှုတွေပဲဖြစ်ပါတယ်။”

Republican ပါတီဖက်က သမ္မတလောင်းဖြစ်ရေးကြိုးစားနေကြသူတွေကလဲ Twitter လူမှုကွန်ယက် ပေါ်ကနေ တုံ့ပြန်ကြပါတယ်၊ သမ္မတရဲ့မိန့်ခွန်းဟာ အားရစရာမရှိဘူးလို့ Donlad Trump ကပြောသလို ဒီမိန့်ခွန်းဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းမဟုတ်ဘဲ နိုင်ငံတော် ငြင်းချက်မိန့်ခွန်းဖြစ်တယ်လို့ Ted Cruz ကလဲဆိုခဲ့ပါတယ်၊ ခုလို Republican တွေရဲ့ တိုက်ခိုက်ပြောဆိုမှု တွေကို အမေရိကန်ပြည်သူတွေ ခေါင်းထဲမထည့်ဘဲ နောင်အနာဂါတ် မျိုးဆက်တွေအတွက် အရေးကြီးတဲ့ကိစ္စတွေကို အာရုံစိုက်ကြအောင် သမ္မတအိုဘားမားရဲ့ ၇ကြိမ်မြောက်ဖြစ်တဲ့ နောက်ဆုံး နိုင်ငံတော် အခြေပြ မိန့်ခွန်းက စွမ်းဆောင်နိုင်ဖို့ အိမ်ဖြူတော်ကတော့ မျှော်လင့်နေပါတယ်။

VOA


No comments:

Post a Comment

My Blog List