Monday, December 28, 2015

အနှေးယာဉ် လုပ်သားများ၏ စိတ်ဓာတ်မှာ အမတ်အချို့ထက် သာလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ချီးကျူး


အနှေးယာဉ်လုပ်သား များ၏စိတ်ဓာတ်မှာ အချို့သောကိုယ်စားလှယ်လောင်းများထက်သာလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ ‘‘တချို့ ကိုယ်စားလှယ် လောင်းတွေက ငါတို့ ဘယ်နေရာ ရမလဲဆိုပြီး မှန်းပြီးနေရာယူကြ တယ်။ ဆိုက်ကားဆရာတွေက ဘာရမလဲမစဉ်းစားဘူး။ ဆိုက် ကားဆရာတွေရဲ့ စိတ်ဓာတ်က တချို့ကိုယ်စားလှယ်လောင်းတွေ ထက် အများကြီးသာတယ်။ နိုင်ငံ တိုးတက်ရင် ငါတို့လည်းတိုးတက် မယ်ဆိုတဲ့စိတ်ထားနဲ့လုပ်ခဲ့လို့ အင်မတန်မှ ကျေးဇူးတင်တယ်။ အဲဒီလိုစိတ်ဓာတ်က လေးစားဖို့ ကောင်းပြီး အင်မတန်မှအတုယူ စရာကောင်းတယ်’’ဟု ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရပ်တည်ကူညီခဲ့ကြသော ရန်ကုန် တိုင်းဒေသကြီးရှိ အနှေးယာဉ် လုပ်သား ဆိုက်ကားဆရာများနှင့် ဒီဇင်ဘာ ၂၆ ရက်ကတွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အဆိုပါဂုဏ်ပြုတွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကပင် အံ့သြရသည့် နှစ်ကြိမ် တိုင်တိုင်ရွေးကောက်ပွဲ မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိမှု အခြေ အနေကို ဖော်ဆောင်နိုင်ခဲ့ပြီး ထပ်မံ၍ ကမ္ဘာကအံ့သြရလောက် သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက် သောနိုင်ငံအဖြစ်ရောက်ရှိအောင် ပါဝင်ဆောင်ရွက်ကြရန် တိုက် တွန်းခဲ့သည်။

ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ အဖြစ်မှ ရုန်းထွက်နိုင်ရန်ကြိုးစား ဖော်ဆောင်ရာတွင် အခြေခံ လူ တန်းစားများ၏ အခန်းကဏ္ဍသည် အရေးပါပြီး လက်တွေ့ကျသောလိုအပ်သည့်အကြံဉာဏ်များပေးနိုင်ရန်ကိုလည်း တက်ရောက်လာသည့် ဆိုက်ကားဆရာများအားဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။

‘‘လက်တွေ့ကျတဲ့ အခြေ အနေအရပ်ရပ်ကို ကုလားထိုင် ပေါ်ထိုင်ပြီး စာဖတ်နေတဲ့ပညာ ရှင်တွေက တကယ့်လက်တွေ့ ရင်ဆိုင် ဖြတ်သန်းနေကြရတဲ့ အခြေခံလူတန်းစားတွေလောက် မသိနိုင်ဘူး။ စီးပွားရေးပြဿနာ ဖြေရှင်းဖို့ဆိုရင် အခြေခံလူတန်း စားတွေဆီက အကြံဉာဏ် လိုအပ်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

အနှေးယာဉ် လုပ်သားများ ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ဆိုက်ကားလိုင် စင်ချပေးရေး၊ နေထိုင်ရေးကိစ္စ အဆင်ပြေအောင် ဆောင်ရွက် ပေးနိုင်ရေး၊ ဆိုက်ကားဆရာများ အဖွဲ့အစည်းဖွဲ့စည်းနိုင်ရေး၊ ဆိုင် ကယ်ကယ်ရီများ ပေါများနေမှု ဖြေရှင်းပေးရေးနှင့် ၎င်းတို့သား သမီးများ ကျောင်းပညာရေးချော မွေ့စွာ သင်ကြားခွင့်ရရှိရေးတို့ တင်ပြတောင်းဆိုခဲ့ကြသည်။

အဆိုပါတင်ပြတောင်းဆို ချက်များနှင့်ပတ်သက်၍ ၎င်းတို့ အစိုးရဖွဲ့ပြီးပါကလုပ်ဆောင်ပေး နိုင်မည့်အချက်များနှင့် အချိန်ယူပြီးမှ ဆောင်ရွက်ပေးနိုင်မည့် အချက်များကိုဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ရှင်းပြခဲ့သည်။ နေထိုင် ရေးကိစ္စအဆင်ပြေရေးမှာ တစ် နိုင်ငံလုံးကြုံတွေ့နေရသည့် အရေးကိစ္စဖြစ်ပြီး အခမဲ့ကျောင်းပညာ ရေး ကိစ္စမှာလည်း နိုင်ငံတော် ဘဏ္ဍာငွေအပေါ်မူတည် ဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ အချိန်ယူဆောင်ရွက်ရမည့် အကြောင်း အရာများဖြစ်ကာ အခြားတင်ပြ ချက်များကို ဆောလျင်စွာ လုပ် ဆောင်ပေးနိုင်မည်ဟု ၎င်းကဆို သည်။

ထို့အပြင် ရန်ကုန်မြို့တွင် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရ သည့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရပ် များမှာ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်နှင့် မည်ကဲ့သို့ဖြေရှင်း ဆောင်ရွက်သင့်သည်ဆိုသည့် အမြင်သဘောထားနှင့် အကြံပြု ချက်များကို ဆိုက်ကားဆရာများထံမှ တောင်းဆိုခဲ့သည်။

၎င်းအနေဖြင့်မူ ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေရ ခြင်းသည် ပုဂ္ဂလိကယာဉ်စီးရေများ နေပြီး အများစုပေါင်းစီးနင်းနိုင် မည့် ဘတ်စ်ကား စနစ်အပေါ် အားပေးမှုနည်းပါးနေခြင်းကြောင့်နှင့် ရန်ကုန်မြို့ပြစီမံကိန်းကို စနစ်တကျအကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်နိုင်မှုမရှိခြင်းတို့ ကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

ဂုဏ်ပြုတွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုက် ကားဆရာများအား ကျန်းမာရေး နှင့် မိသားစုဝင်ငွေထိခိုက်ပြီး ပတ်ဝန်းကျင်ကို ညစ်ပေအရုပ်ဆိုးစေ သည့် ကွမ်းစားခြင်းကို အတတ်နိုင်ဆုံးလျှော့ချရန်တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် ဒီချုပ်ပါတီက တက်ရောက်လာသည့် ဆိုက်ကား ဆရာများအား နေ့ လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ သည်။

ဒီချုပ်ပါတီအနေဖြင့် ရွေး ကောက်ပွဲအပြီး မဲဆွယ်ကာလ၌ ပါဝင်ကူညီခဲ့ကြသည့် အနုပညာရှင်များအား တွေ့ဆုံဂုဏ်ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ အလွန် တစ်လနှင့် ၁၇ ရက်အကြာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုက် ကားဆရာများအား တော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲတွင် ပါတီ အောင်နိုင်ရေးအတွက် ဆိုက်ကားဆရာများ၏ အင်အားဖြည့်ပါဝင် ကူညီခဲ့ခြင်းကို အနုပညာရှင်များ နှင့်တွေ့ဆုံစဉ်ကတည်းက အသိ အမှတ်ပြုထုတ်ဖော်ပြောကြားခဲ့ ပြီး ဆိုက်ကားဂိတ် အချို့သို့လည်းကိတ်မုန့်များပို့၍ ဂုဏ်ပြုခဲ့သည်။

ယခုတွေ့ဆုံမှုတွင် မြို့နယ် တစ်ခုချင်းအလိုက် ဆိုက်ကား ဆရာငါးဦးစီကို မဲနှိုက်ရွေးချယ်ခြင်းဖြစ်၍ ဦးရေ ၂၅၀ ကျော် တက်ရောက်ခဲ့သည်ဟုသိရသည်။ထို့အပြင် ပုသိမ်မြို့မှ ဆိုက်ကား ဆရာများကလည်း အဆိုပါ အခမ်းအနားပြုလုပ်မည့်သတင်းကြား သိရ၍ ၎င်းတို့အစီအစဉ်ဖြင့် သီးခြားတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံ့အရေးကြီး ပုဂ္ဂိုလ်တစ်ဦး၏ဖိတ်ကြားချက် ကြောင့် ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ခွင့်ရခြင်းမှာ ဆိုက် ကားဆရာ အားလုံးအတွက် သမိုင်းဝင်နေ့အဖြစ် မှတ်ယူ ကြောင်း တက်ရောက်လာသည့် ဆိုက်ကားဆရာဦးငြိမ်းမောင်က ပြောကြားသည်။

‘‘ကျွန်တော်တို့ကိုတော့ ဖိတ် မထားပါဘူး။ သတင်းကြားလို့ ရောက်လာကြတာ။ အဓိကက တော့ အမေစုကိုမြင်တွေ့ချင်တာ ကြောင့်ရောပြောတာတွေကို မှတ်သားချင်တာကြောင့် အတွက်ပါ ရောက်လာကြတာပါ။ အခုပြော သွားတဲ့ အချက်တွေ အားလုံး လက်မခံစရာမရှိဘူး’’ဟု ပုသိမ် မြို့မှလာရောက်သည့် ဆိုက်ကား ဆရာ ကိုတရုတ်က ပြောကြားသည်။

အဆိုပါ ဂုဏ်ပြုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဆိုက်ကား ဆရာများအပြင် ရွေးကောက်ပွဲ၌ ကိုကိုးကျွန်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ် တော် ကိုယ်စားလှယ်လောင်းများ၊ ယင်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါဝင်ကူ ညီခဲ့သူများကိုလည်း ဖိတ်ကြား၍ ကျေးဇူးတင် ဂုဏ်ပြုစကားပြော ကြားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List