Thursday, December 31, 2015

“MPC သို့မဟုတ် မီဒီယာတစ်ချို့ရဲ့ ပုံဖျက်ခြင်း ခံရတဲ့ အဖွဲ့အစည်း”


၂၀၁၅ ခုနှစ်ကုန်ခါနီးမှာ အငြင်းပွားမှုတွေနဲ့ အဆုံးသတ်တော့မယ့် အဖွဲ့အစည်းကို ပြပါဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း တည်ထောင်ထားတဲ့ Myanmar Peace Centre (MPC) မြန်မာ ငြိမ်းချမ်းရေးစင်တာပဲ ဖြစ်ပါတယ်။ သိပ်မကြာခင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ တက်လာတော့မယ့်ကာလ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဦးဆောင် ပါဝင်သွားမယ်ဆိုတဲ့ အခြေအနေအောက်မှာ တစ်ချို့ကတော့ MPC ကို ဖျက်သိမ်းစေချင်ကြပါတယ်။
MPC တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ် ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ တွေ့ဆုံကြရာမှာတော့ MPC ကို ဖျက်သိမ်းမှာ မဟုတ်ဘူး၊ MPC နဲ့ MPC ရဲ့ လုပ်ငန်းကိုင်ငန်းတွေကို တော့ ပြန်လည်သုံးသပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် လုပ်ခဲ့သလောက် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်မIကြောင့် အဆိုးမြင်ခံရတဲ့ MPC အကြောင်း ပြောဆို ဆွေးနွေးကြည့်ကြရအောင်ပါ။

MPC ကို ၂၀၁၂ နိုဝင်ဘာမှာ စတည်ထောင်ပြီး ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပါတယ်။ လက်ရှိ ဝန်ထမ်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ MPC ရဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်မှုတွေဟာ ဒီကနေ့ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အပစ်အခတ် ရပ်စဲနိုင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး စတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအောင်မြင်မှု၊ မအောင်မြင်မှုတွေဟာ MPC ရဲ့ အောင်မြင်မှု မအောင်မြင်မှုတွေပါပဲ။

အခြားတစ်ဖက်မှာတော့ MPC ဟာ အစိုးရဘက် လိုက်တဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ နိုင်ငံတကာက ထောက်ပံ့ငွေတွေ၊ အဖွဲ့အစည်းရဲ့ အသုံးစားရိတ်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူး၊ အဲဒီမှာ လုပ်တဲ့သူတွေဟာ လစာကို အများကြီး ယူကြတယ်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ကားပါမစ် ပေးတာမျိုး မမှန်မကန် လုပ်ခဲ့တယ်၊ တိုင်းရင်းသားတွေကို သဘောထား ကွဲပြားအောင်လုပ်တယ် စတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ဒေါက်တာ သန်းထွဋ်အောင် စီအီးအိုအဖြစ် ဆောင်ရွက်တဲ့ အလဲဗင်း မီဒီယာကဆိုရင် MPC ကို ခုလိုတောင် ပြင်းပြင်းထန်ထန် စွပ်စွဲပါတယ်။ “ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဦးဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ပြိုလဲသွားခဲ့သည့် ကကလှမ်း (တပ်မတော် ထောက်လှမ်းရေး) အဖွဲ့နှင့် MPC ကို နှိုင်းယှဉ် သတ်မှတ်မှုများရှိခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်မှုများသည် ကကလှမ်း၏ လုပ်ကိုင်ပုံများနှင့် တူညီကြောင်း သုံးသပ်မှုများ ရှိခဲ့သည်” လို့ စွပ်စွဲပါတယ်။ MPC ကို မြန်မာ့နိုင်ငံရေး သမိုင်းမှာ အလွန့်အလွန် ဆိုးရွားရက်စက် ရွံရှာစက်ဆုတ်စရာကောင်းတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့နဲ့ ခိုင်းနှိုင်းလိုက်တာပါ။

အဲဒီလို စွပ်စွဲမှုတွေထဲက နိုင်ငံတကာ ထောက်ပံ့ငွေ၊ အသုံးစာရိတ်၊ လစာ စသဖြင့် ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာနဲ့ ပတ်သက်လို့ကတော့ MPC ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ထောက်ပံ့တာဖြစ်လေတော့ သူတို့ စာရင်းစစ်တွေနဲ့ သူတို့ရှိပြီး စနစ်တကျ လုပ်ကိုင်တယ်၊ မမှန်မကန် ဘာမှ လုပ်မထားဘူးလို့ MPC တာဝန်ရှိသူတွေဘက်က ဖြေရှင်းကြပါတယ်။ တကယ်တော့လည်း မြန်မာနိုင်ငံမှာ MPC လို နိုင်ငံတကာက ထောက်ပံ့တဲ့ အဖွဲ့အစည်း အများကြီး ရှိကြပါတယ်။ သိပ်ထူးခြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းကမှ MPC လို မေးခွန်းထုတ် မခံရပါဘူး။ တကယ့်တကယ် တစ်ချို့သော မီဒီယာတွေအနေနဲ့ ဒီကိစ္စ သံသယရှိတယ်ဆိုရင် မူရင်း ထောက်ပံ့ငွေပေးတဲ့ နိုင်ငံအဖွဲ့အစည်းတွေဆီ ချဉ်းကပ်ပြီး စာရင်းဇယားတွေ တောင်းယူ ကြည့်ရှုခွင့်ရ ဖို့ ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် အဲလို မကြိုးစားပဲ တစ်ဖက်သတ် စွပ်စွဲ ပုတ်ခတ်နေတာကတော့ MPC ကို ပုံဖျက်ဖို့ ကြိုးစားတာနဲ့ အတူတူပါပဲ။

ကားကိစ္စလည်း ဒီလိုပါပဲ။ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ စကားပြောဖို့ စလိုက်တဲ့အခါတိုင်း သူတို့တွေ မြို့ပေါ်ကို လာရတာ ခက်တယ်။ သူတို့ ကားတွေမှာ လိုင်စင်မရှိဘူး ဆိုကြပါတယ်။ အရင် ဗိုလ်ချုပ် ခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ အဲဒီကားတွေကို သက်ဆိုင်ရာ တပ်ဖွဲ့ တံဆိပ်ကပ်ပေးပြီး ထောက်လှမ်းရေးက တရားမဝင် စီးခွင့်ပေးခဲ့တာပါ။ ဦးအောင်မင်းနဲ့ MPC ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ သူတို့ပိုင် ကားတွေကို အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်လုပ်ဖို့ ခွင့်ပြုပေးလိုက်ပါတယ်။ ကိုယ်စီးတဲ့ ကား၊ သုံးတဲ့ကား ယူလာ၊ မှတ်ပုံတင်ကြ၊ တစ်ချို့ အခွန်လွတ်၊ တစ်ချို့ အခွန်တစ်ဝက်နဲ့ ခွင့်ပြုပေးခဲ့တာပါ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံးကလည်း ဒီ တရားဝင်လုပ်ပေးတဲ့ အခွင့်အရေးကို လိုလိုချင်ချင် လက်ခံယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ အဲဒီ မှတ်ပုံတင်ခွင့်ပြုမှုတွေဟာ ရောင်းစားလို့ရတဲ့ ပါမစ်တွေ ဖြစ်သွားခဲ့ပြီး တိုင်းရင်းသားအဖွဲ့တွေက ပြန်ရောင်း၊ ရံပုံငွေရှာတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒါကိုပဲ တစ်ချို့ မီဒီယာတွေက တိုင်းပြည်အတွက် ဒေါ်လာသန်း ဘယ်လောက် နစ်နာသွားပြီ၊ ဒါဟာ MPC က မမှန်မကန် လုပ်လို့ဆိုပြီး ကိုယ့်ဖာသာ ဖန်တီးထားတဲ့ ကိန်းဂဏန်းတွေနဲ့ မမှန်မကန် စွပ်စွဲကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဝန်ကြီးဦးအောင်မင်းနဲ့ MPC ဟာ ငြိမ်းချမ်းရေးအတွက် တစ်စိုက်မတ်မတ် ကြိုးစားခဲ့တယ်ဆိုတာကိုတော့ မှတ်တမ်းမှတ်ရာတွေအရရော၊ ထွက်ပေါ်လာတဲ့ အကျိုးရလာဒ်တွေအရပါ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ကိုယ့်လက်နက် ကိုယ်ကိုင်ထား၊ အပစ်ရပ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးကြရအောင်ဆိုတဲ့ သဘောထားကို ကျအောင် လုပ်တာဟာ ဦးအောင်မင်းနဲ့ MPC ဖြစ်ပါတယ်။ အပစ်ရပ်စာချုပ် တစ်ခုရဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့လို့ရအောင် ဘယ်ခေတ် ဘယ်အခါကနဲ့မှမတူ စုဖွဲ့ဖို့ အခြေအနေ အခွင့်အရေး ဖန်တီးပေး၊ အကူအညီပေးတာမျိုး လုပ်ခဲ့တာကလည်း ဝန်ကြီးဦးအောင်မင်းနဲ့ MPC ပါပဲ။ ဒါကြောင့်လည်း နောက်ဆုံး လက်နက်ကိုင် တိုင်းရင်းသားအားလုံးက သဘောတူ လက်ခံတဲ့ သမိုင်းဝင် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီး NCA ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း MPC နဲ့ ဦးအောင်မင်းတို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ အချက်၊ မအောင်မြင်တဲ့ အချက်တွေလည်း ရှိခဲ့ပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ NCA ကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စုံစုံညီညီ ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိတာပါ။ တစ်ဆက်တည်း NCA စာချုပ်အရ နောက်ပိုင်း အကောင်အထည်ဖော်တဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိစ္စတွေမှာ အားလုံးပါဝင်နိုင်ခွင့် မရှိခြင်းနဲ့ ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေပါ။ တကယ်တော့ ၃ နှစ်တာကာလ MPC ရဲ့ ကြိုးစားမှုတွေဟာ တကယ့်အနှစ်သာရအရ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား ညှိနှိုင်းပေးရတဲ့ အလုပ်က အဓိက ဖြစ်ခဲ့ပါတယ်။ နှစ်ဖက် သဘောမတူတာတွေကို သူတို့ ဘာမှ လုပ်လို့ မရပါဘူး။ ဒီကြားထဲ တပ်မတော်ဘက်ကရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကပါ အပြစ်တင်တာ၊ အပြစ်မြင်တာလည်း ခံရပါသေးတယ်။ အထူးသဖြင့် တပ်မတော်ဘက်ကဆိုရင် MPC က ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ သုံးနှစ်တာကာလ တစ်လျောက် ကိုးကန့်တိုက်ပွဲတွေ ပြန်ပေါ်လာတာ၊ ရခိုင်ပြည်နယ်ဘက်မှာ ရခိုင်လက်နက်ကိုင်တွေ ခြေချလာနိုင်တာ၊ တအဲန်းပလောင်တပ်ဖွဲ့ ပြန်လှုပ်ရှားနိုင်တာနဲ့ အခြား ကိစ္စတွေ ဖြစ်ပါတယ်။

၃ နှစ်တာကာလကို နိဂုံးချုပ်လိုက်ရင် တကယ့်တကယ် MPC က လုပ်ခဲ့ကိုင်ခဲ့တဲ့ လုပ်ငန်းတွေဟာ မီဒီယာစာမျက်နှာတွေမှာ သိပ်မပေါ်လွင်ပဲ အားနည်းချက်တွေ၊ တစ်ဖက်သတ် မဟုတ်မမှန် စွပ်စွဲခံရတာတွေကပဲ ဖုံးလွှမ်းခဲ့ပြီး ပြည်သူလူထုရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ ပြည်သူတွေအနေနဲ့ နဂိုကတည်းက အစိုးရကို မုန်းတီးရင်းစွဲ ရှိနေတာကို မီဒီယာတစ်ချို့က အခွင့်ကောင်းယူ စွပ်စွဲခဲ့တာ၊ MPC မှာ ပါဝင်ခဲ့သူ အဝေးရောက် မြန်မာပညာတတ်တစ်ချို့ကို မနာလိုဖြစ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List