Wednesday, December 30, 2015

ထိုင်းဝန်ကြီးချုပ်ပြောဆိုမှုအပေါ် မြန်မာတုံ့ပြန်မည်မဟုတ်


လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်၏ တောင်းဆိုပြီးနာက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာပြောဆိုမှုအပေါ် မြန်မာနိုင်ငံ အနေဖြင့် မှတ်ချက်ပြုတုံ့ပြန်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဦးအောင်လင်းက ဒီဇင်ဘာ ၂၉ရက်တွင် မဇ္ဈိမကိုပြောသည်။
"ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စဖြစ်နေတာကြောင့် ကျွန်တော်တို့ကိုတိုက်ရိုက်ပြောတာမဟုတ်လို့ သူ့ပြည်တွင်းရေးကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ဘာမှမှတ်ချက်ပြုစရာမရှိပါဘူး။ သူတို့ နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် ကျွန်တော်တို့ကို နှစ်နိုင်ငံဆက်ဆံရေး ဆက်ထိန်းသိမ်းသွားချင်တယ်ဆိုတဲ့တရားဝင်ပြောတဲ့ ရည်ရွယ်ချက်လို့ပဲ ခံယူထားပါတယ်။" ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံ စစ်အာဏာသိမ်းအစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၉ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် "ဥပဒေအတိုင်းလုပ်တဲ့ အခါ တဖက်ကဖိအားပေးလို့ လွှတ်လိုက်ရတယ်။ ပြန်ဖြေလျော့ပေးရတယ်လို့ ဖြစ်သင့်လား၊ ကမ္ဘာပေါ်က ဥပဒေတွေကရော အဲ့လို လုပ်ပေးတာ မြင်ဖူးလား တွေ့ ဖူးလား။ဥပဒေအတိုင်း ဆက်လုပ်မယ်။ အယူခံဝင်ခွင့်ရှိတယ်။ ပြန်စစ်ပေးဖို့တော့ လုံးဝမဖြစ်နိုင်ဖူး" ဟု သတင်းမီဒီယာများသို့ အတိအလင်းထုတ်ပြောခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိပ်ကျွန်းအမှု တရားမျှတစွာ ဆုံးဖြတ်စစ်ဆေးပေးရန် နှစ်သစ် ဆုမွန်တောင်း သဝဏ်လွှာအတွင်းထည့်သွင်း တောင်းဆိုမှုအပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းလည်းဖြစ် သည်။

ဒီဇင်ဘာ ၂၄ရက်တွင် သေဒဏ်ချမှတ်ခဲ့သည့် လိပ်ကျွန်းအမှုနှင့်ပက်ပြီး တစ်ဆင့်မြှင့်တရားရုံးတွင် အယူခံဝင်ရန် မြန်မာသံရုံးအဖွဲ့က ပြင်ဆင်နေပြီး၊ သမ္မတဦးသိန်းစိန်းညွှန်ကြားချက်ကြောင့်ပင် ထိုင်းဒုဝန်ကြီးချုပ်နှင့်လည်း သွားရောက်တွေ့ဆုံကာ အမှုနှင့်ပက်သက်ပြီး တရားမျှတစွာဆောင်ရွက်ရေး ကို အစိုးရဖက်ကဆောင်ရွက် နေသည်ဟု ဦးအောင်လင်းကဆိုသည်။

ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းအစိုးရအဖွဲ့တို့ကလည်း လိပ်ကျွန်းအမှုနှင့် ပက်သက်ပြီးမြန်မာနိုင်ငံအတွင်း ဆန္ဒပြ နေကြခြင်းမှာ နောက်ကွယ်မှ ကြိုးကိုင်သူများရှိနေခြင်းကြောင့်ဟု စွပ်စွဲပြောဆိုထားသည်။ ယင်းစွပ်စွဲသည့် သတင်းများမှာ မြန်မာနိုင်ငံသို့ တရားဝင်ပြောဆိုခြင်း မဟုတ်သည့်အတွက် လည်း တုန့်ပြန်ခြင်းပြုမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကိုလည်း ဖော်ထုတ်သွားရန် စုံစမ်းမှုများပြုလုပ်မည်ဟုလည်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ဒီဇင်ဘာ ၂၈ရက်က သက်ဆိုင်ရာထိုင်းရဲဌာနအသီးသီးသို့ စာထုတ်ပြန် အမိန်ပေးခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်းလိပ်ကျွန်းအမှုနှင့် ပက်သက်ပြီးလိုက်ပါဆောင်ရွက်နေသည့် မြန်မာသံရုံးအဖွဲ့မှ ဦးအောင်မျိုးသန့်တို့ ကလည်း ဇန်န၀ါရီလဆန်းပိုင်းတွင် ရန်ကုန်၌သတင်းစာရှင်းလင်းပွဲပြုလုပ်သာ သတင်းမီဒီယာများသို့ အယူခံဝင်နိုင်မည့် အကြောင်းအရာများနှင့် ပက်သက်ပြီးရှင်းလင်းသွား မည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List