Thursday, December 31, 2015

ရွှေညဝါဆရာတော်နှင့် တွေ့ဆုံမေးမြန်းခြင်း


ဦးဇင်းဘယ်နေ့က ထိုင်းနိုင်ငံကိုရောက် လာတာလဲဘုရား။

အမှုအမိန့်ချတဲ့နေ့ပဲ။ အမှန်က ထိုင်းမှာ တရားဟောဖို့အစီအစဉ်ရှိပြီးသား။ ခုဒီကိစ္စဖြစ်တာကြားတော့ ဖြစ်တဲ့နေ့ပဲ ချက်ချင်း တက်လာဖြစ်သွားတယ်ဆိုပါတော့။ ဆွမ်းခံရင်းငှက်သင့်တယ်လို့ပဲပြောရတော့မှာပေါ့။
အခုလိပ်ကျွန်းအမှုမှာ မြန်မာနိုင်ငံသားနှစ် ယောက်ကို သေဒဏ်ပေးလိုက်တဲ့အပေါ် ဦး ဇင်းဘယ်လိုမြင်ပါသလဲ။

တကယ်ကျူးလွန်ခဲ့တယ်ဆိုရင်တော့ ပြစ်ဒဏ်ကို လက်ခံရမှာပါ။ ယောက်ျားဆို တာက လုပ်ရဲရင်ခံရဲရမှာပဲ။ အဓိက အမှန် တရားကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ ဒါပေမဲ့အခုဖြစ်နေတာက အမှန်တရားက ဘာမှန်းမသိဘူးဖြစ်နေတယ်။ သက်သေအ ထောက်အထားမခိုင်လုံဘဲ ဒီလောက်ကြီးတဲ့ပြစ်ဒဏ်ကိုဒီလိုနေ့ဒီလိုအချိန်မှာ ချမှတ်လိုက် တာဟာ လုံးဝမရိုးသားဘူး။ ဒီကိစ္စမှာ နှစ်ဖက်နိုင်ငံအစိုးရတွေကြားမှာ မရိုးသားမှုတွေ အများကြီးရှိနေတယ်လို့ထင်တယ်။ ပြောရရင်
မြန်မာနဲ့ထိုင်းအစိုးရက လိပ်ကျွန်းအမှုကိုအကြောင်းပြပြီး နိုင်ငံရေးကစားနေကြတယ်လို့ပဲမြင်တယ်။

မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရတွေက ကစား နေကြတယ်ဆိုတာ ဘာကိုမိန့်ချင်တာလဲ ဘုရား။

ဒီနေရာမှာ ထိုင်းအစိုးရနဲ့မြန်မာအစိုးရကြားဆက်ဆံရေးကို မြင်အောင်ကြည့်ဖို့လိုတယ်။ အစိုးရနှစ်ခုစလုံးက စစ်အစိုးရတွေဖြစ်နေကြတယ်။ အဲဒီလိုစစ်အစိုးရဖြစ်တာ ချင်းနောက်ခံအကြောင်းတရားတူနေတော့ ထိုင်းတပ်မတော်နဲ့ မြန်မာတပ်မတော် ဆက်ဆံရေးဟာ အဆင်ပြေပြီးသားပဲ။ လက်ရှိဦးသိန်းစိန်အစိုးရကလည်း စစ်အစိုးရတစ်ပိုင်းပဲဖြစ်နေတော့ ထိုင်းဘက်ကကြည့်ရင် သူတို့နဲ့အတူတူပဲလေ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရထက် ဦးသိန်းစိန် အစိုးရကို ထိုင်းကပိုကြည်တဲ့သဘောရှိတယ်။

အဲဒါအပြင်ရော တခြားဘယ်အချက်တွေရှိ နိုင်သေးလဲဘုရား။

ရှင်းရှင်းလေးပဲလေ။ ပြီးခဲ့တဲ့ရက်ပိုင်း က မြန်မာပြည်မှာပြည်သူတွေအားလုံးဝိုင်း ဝန်းကန့်ကွက်ခဲ့တာ ဖားကန့်ကိစ္စပဲ။ ဖေ့စ် ဘွတ်ခ်ပေါ်မှာရော၊ ဂျာနယ်တွေမှာရော၊ နိုင်ငံခြားအသံလွှင့်ဌာနတွေမှာရော ဖားကန့်ကိစ္စအသံက တော်တော်လေးဆူဆူညံညံဖြစ်ခဲ့တယ်။

ကိုယ့်နိုင်ငံကအဖိုးတန်ကျောက်တွေကို စက်ကြီးတွေ၊ ယန္တရားကြီးတွေနဲ့တူးနေတာ မြင်လို့တောင်မကောင်းဘူး။ ဘယ်လောက်ရင်နာ ဖို့ကောင်းလဲ။ အဲဒီမှာ မြေစာပိပြီးသေတဲ့လူတွေက ၁ဝဝ၊ ၂ဝဝ မကတော့ဘူး။ အဲဒီကိစ္စတွေမှာ ဘာလို့အစိုးရဆီက အသံမကြားရလဲ။ အဲဒီကအကျိုးအမြတ်တွေကို ပြည်သူ တွေ ဘာရလဲ။ ဘာမှမရဘူး။ ကိုယ့်မြေကြီးမွစာကျဲအောင်တူးပြီး ရစရာမရှိအောင် လုပ်သွားတာဘယ်သူတွေလဲ။ တရုတ်တွေ မဟုတ်ဘူးလား။ အဲဒီတရုတ်တွေကိုရော ဘယ်သူတွေက ဒီလိုတံခါးမရှိ ဓားမရှိဝင်ခွင့် ပြုထားလဲ။ အဖြေကရှင်းနေတာပဲ။ နောက် တစ်ခုက အဲဒီမှာရှိနေတဲ့ ကျောက်စိမ်းကုမ္ပဏီအများစုကိုဘယ်သူတွေ ပိုင်ထားကြလဲ။ ခရိုနီတွေ၊ အစိုးရနဲ့နီးစပ်တဲ့လူတွေ၊ ဗိုလ်ချုပ်သားသမီးတွေပိုင်တဲ့ ကုမ္ပဏီတွေပဲလုပ်နေ တယ်မဟုတ်လား။ သူတို့အစိုးရသက်တမ်း မကုန်ခင် ရသလောက်တူးနေတာ လက်ပိုက်ကြည့်နေရတယ်လေ။ ပြီးတော့ အခုရက်ပိုင်းထဲမှာ တရုတ်ပြည်ဘက်က ကားကြီးကားငယ်တွေနဲ့မြန်မာနိုင်ငံကသစ်တွေ သယ်ထုတ်နေတဲ့ကိစ္စတွေ။ ဒါတွေကို မြန်မာနိုင်ငံသားတွေလုံးဝမကျေနပ်ဘူးဆိုတာ အစိုးရကသိနေတာပဲ။ သူတို့တားဆီးတာလုပ်လားဆို လုံးဝ မလုပ်ဘူး။ ဒါကြောင့် ပြည်သူတွေက ဒါကို ကန့်ကွက်တယ်။ အသံတွေထွက်လာတယ်။ အဲဒီကန့်ကွက် သံတွေရပ်သွားအောင် ဘာလုပ်လဲ။ ဒီလိပ်ကျွန်းအမှုနဲ့အချိန်ကိုက်လုပ်လိုက်တာပဲ။ ဒီကိစ္စဖြစ်ရင် ပြည်သူတွေအသံထွက်လာမယ်၊ အော်ကြမယ်။ အစိုးရက ကိုယ့်နိုင်ငံသားကို ကာကွယ်ချင်စိတ်ရှိရင် အစောကြီးကတည်းက လုပ်ပါလား။ ဘာလို့ မလုပ်ဘဲ ဒီအတိုင်းမဆိုင်သလိုနေခဲ့လဲ။ ပြောရရင် မြန်မာအစိုးရဟာ ကိုယ့်ပြည်တွင်းမှာဖြစ်နေတဲ့ အသံတွေရပ်သွားအောင် ထိုင်းအစိုးရနဲ့ ပေါင်းပြီးကစားလိုက်တာပဲ။

ထိုင်းအစိုးရအပေါ်မှာရော ဘယ်လိုမှတ်ချက် ပေးချင်လဲ။

ဒီအချိန်မှာ ထိုင်းဘုရင်နဲ့ပြည်သူတွေ ကို ဦးဇင်းတို့မြန်မာပြည်သူပြည်သားတွေက မေတ္တာပို့ရမယ်။ သူတို့ပဲ မြန်မာနှစ်ယောက် လွတ်ဖို့ ထိုင်းအစိုးရကို ဖိအားပေးနိုင်တယ်။ ဒီမှာရှိတဲ့ ထိုင်းလူမျိုးတွေကိုယ်တိုင်ကလည်း ဒီအမှုရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တာတွေ ရှိတယ်။ ထိုင်းတွေကိုယ်တိုင်လည်း ဒီအမှုကို မှန်မှန်ကန်ကန်ဖြစ်ချင်နေကြတယ်။ ဦးဇင်းပြောချင်တာက ဒီကိစ္စမှာ ထိုင်းဘုရင်မင်းမြတ်နဲ့ထိုင်းပြည်သူတွေကို မြန်မာတွေမုန်းစရာ အကြောင်းမရှိဘူး။ သူတို့ကိုမေတ္တာပို့ပြီး ကိုယ့်လူမျိုးလွတ်အောင် သူတို့ထောက်ခံမှုယူရမှာ။ ပြောရရင် ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းပြည်သူတွေမှာတာဝန်မရှိဘူး။ ထိုင်း အစိုးရမှာပဲ တာဝန်ရှိတယ်။

အဆုံးသတ်မှာ ဒီသေဒဏ်ကိစ္စဘယ်လိုဖြစ် သွားမယ်လို့ထင်ပါသလဲ။

ထိုင်းဘုရင်နဲ့ ထိုင်းပြည်သူတွေရဲ့ ဖိအား ပေးမှုနဲ့အစိုးရက ဒီသေဒဏ်အမိန့်ကိုပြန် စဉ်းစားရမှာပါ။ ဦးဇင်းတို့ကတော့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့လွတ်နိုင်အောင် ဆုတောင်းရ မှာပဲ။ အဲဒီလိုပဲဖြစ်မယ်လို့ ယုံကြည်တယ်။ မြန်မာအစိုးရကလည်း သူတို့ဖြစ်ချင်တဲ့ဖား ကန့်အသံတိတ်သွားပြီဆိုတော့ သူတို့နဲ့အဆင် ပြေနေတဲ့ထိုင်းစစ်အစိုးရကို အနည်းဆုံးလွတ် ငြိမ်းချမ်းသာခွင့်ပုံစံမျိုးနဲ့အမှုကိုအဆုံးသတ် ဖို့ပြောမှာပဲ။ တကယ်တမ်းပြောရရင် ဒီအမှု က ဖြစ်နေတာကြာပြီ။ ဘာလို့အခုမြန်မာပြည်မှာအကူးအပြောင်းဖြစ်တော့မယ့်အချိန်နဲ့ ကပ်ပြီးမှ အမိန့်ချတာလဲ။ ပြောရရင်အစိုးရတွေလုံးဝမရိုးသားဘူးဆိုတာရှင်းနေတာပဲ။

ထိုင်းနိုင်ငံမှာရှိနေတဲ့ကာလအတွင်း ဦးဇင်း အနေနဲ့ဘာတွေလုပ်သွားဖို့ရှိလဲ။

တရားဟောမယ်။ ဖူးခက်၊ မဟာချိုင် စတဲ့ မြန်မာအများစုရှိနေတဲ့နေရာတွေမှာ အချိန်ရသလောက်တရားဟောမယ်။ ကိုယ့်မြန်မာပြည်သားတွေအတွက် ကိုယ်နိုင်တဲ့ ဘက်က နည်းပေးလမ်းပြမယ်။ ကိုယ့်နိုင်ငံ ဆင်းရဲလို့ သူများနိုင်ငံမှာလာနေရပေမယ့် သူတို့အားလုံးဟာ ကိုယ့်မြို့ကိုယ့်ရွာကို ပြန် ချင်ကြသူတွေချည်းပဲ။ ဒီလူတွေကိုဦးဇင်းတို့ အားပေးရမယ်၊ ကရုဏာစိတ်မွေးရမယ်။ တတ်နိုင်သမျှကူညီရမယ်။ အဲဒီအတွက် ဦး ဇင်း ဒီကိုလာခဲ့တာပါ။ ပြီးတော့ သေဒဏ် ကျခံထားရတဲ့ မောင်ဇော်လင်းနဲ့မောင်ဝင်းဇော်ထွန်းတို့ နှစ်ယောက်အတွက် တတ်နိုင် သလောက်ကူညီသွားမယ်။

ခုလိုမိန့်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်ဘုရား။

Yangon Times Journal

No comments:

Post a Comment

My Blog List